Mr Balance ရဲ့ ရာဇ၀င်

ဘလော့ စလုပ်ဖြစ်ဖို့ ကျနော့် သူငယ်ချင်း ကိုအောင်က စတိုက်တွန်းတာ။ ဒါနဲ့ နံမယ်ကို ကိုယ်လုပ်မဲ့ အလုပ်အတွက်လည်း သုံးနိုင်အောင် နံမယ် တခုစဉ်းစားရာက ကျနော့် ပရိုဖိုင်မှာ ရေးထားသလို ကျနော်သားရဲ့ နံမယ်ပြောင်၊ သူ့အမေ ပေးထားတဲ့ နံမယ်အရင်းနဲ့ လိုက်တဲ့ Balance (ညီညွတ်မျှတခြင်း၊ ဟန်ချက်ညီခြင်း) ကိုရွေးလိုက်တာပါ။ (ကိုယ်ကိုတိုင်တော့ စားမှု၊ နေမှု၊ ထိုင်မှု၊ ပေါင်းသင်းဆက်ဆံမှုမှာ ညီညွတ်မျှတမှု မရှိပါ။) ဒါကြောင့် ဒီဘလော့ကို ဒီနံမယ်နဲ့ လုပ်ခဲ့တာပါ။ နေရာယူပြီး ပို့စ် သုံးခုတင်ပြီး ရပ်နေတာ () လလောက် ကြာသွားတယ်။ အရင်ကတည်းက ရင်းနှီးပညာယူခဲ့ရတဲ့ ကိုမောင်လှ၊ ကိုညီလင်းဆက်တို့ စာမျက်နှာတွေ၊ နောက် ကျနော့် သူငယ်ချင်းရဲ့ အဉ္ဇလီ၊ နောက် Fat Pank ရဲ့ စာမျက်နှာတွေကို ပုံမှန်ရောက် ဖြစ်ပါတယ်။ သူတို့တွေက ကိုယ့်ရဲ့ မြင်ဆရာ၊ သင်ဆရာတွေပါ။

ကိုယ့်ကိုကိုယ် မိတ်ဆက်ခြင်း

ပန်းချီနည်းနည်းပါးပါး ကိုယ့်အဖေဆီက သင်ခဲ့ဘူးပါတယ်။ ပန်းချီဆရာ ဖြစ်ချင်ခဲ့တယ်။ (အခုထိ မဖြစ်သေးပါ။) ကာတွန်းတချို့ ယခင်ထုတ်ဝေခဲ့တဲ့ သတင်းစာတစ်စောင်မှာ ပုံမှန်ရေးသားဖြစ်ခဲ့သည်။ (အခု မရေးဖြစ်ပါ။) အဲဒီ ပန်းချီကြောင့် ကွန်ပျူတာမှာ ဒီဇိုင်းလုပ်ဖို့ အများကြီး အထောက်အကူ ပေးခဲ့ပါတယ်။ ကွန်ပျူတာ အခြေခံနဲ့ ဒီဇိုင်းကို သူများတွေ ပြန်သင်ပေးဖူးပါတယ်။ (သိပ်အထင်မကြီးပါနဲ့ လိုလို့ဝင်လုပ်ရတာတွေပါ။) ဒါတွေကလည်း ကျတဲ့နေရာမှာ ကိုယ်လုပ်နိုင်တာနဲ့ အံဝင်သွားလို့ လုပ်ဖြစ်ခဲ့လို့ပါ။ လိုဂိုဒီဇိုင်းကနေ၊ စာအုပ်အပြင်အဆင်၊ အခမ်းအနားအပြင်အဆင် စတဲ့ တောက်တိုမယ်ရ အစုံလုပ်ခဲ့ပါတယ်။ ဘယ်နေရာမှ နံမယ်မကျန်ခဲ့ပါ။ ပိုက်ဆံလည်း များသောအားဖြင့် မရပါ။ ကျေးဇူးတင်တဲ့ စာရင်းမှာတောင် ကျုပ်နံမယ်မပါ။ ဒါကြောင့် တောက်တိုမယ်ရ ပြည်ပရောက် ဒီဇိုင်းဆရာလို့ ကိုယ့်ဖာသာ ဝေဖန်ပါရစေ။ (ပြည်တွင်းမှာဆို စနစ်တကျနှင့် တကယ့်တော်သူ၊ တက်သူများ များလို့ နေရာအဆင့်တစ်ခုရရန် မလွယ်ကူပါ။)

အခုတော့ ကိုယ့်မိသားစုရပ်တည်ရေးအတွက် ရနိုင်သမျှအလုပ်များကို အခကြေးငွေယူပြီး လက်ခံလုပ်ပါတယ်။

Mr Balance မှာ ကျနော်သိသမျှ ကွန်ပျူတာနဲ့ ပတ်သက်တာတွေ၊ ကျနော့်ရဲ့ လက်ရှိပင်မအလုပ် ဖြစ်တဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းနှင့် ပတ်သက်တာတွေ၊ အချို့ ကျနော်ကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံများ၊ အလုပ်များကို မျှဝေချင်ပါတယ်။ အခြားသူများထံမှလည်း သင်ယူလိုပါတယ်။

သို့သော် ကိုယ်ကိုယ်တိုင်က ကျောင်းတစ်ခုခုက စနစ်တကျ မသင်ယူခဲ့ရတာကြောင့် စာတွေဖက်၊ သူများလုပ်တာတွေ အတုခိုး လိုက်လုပ်၊ သိနိုင်တဲ့လူတွေဆီ မေး၊ အလုပ်က သင်ခဲ့ရတဲ့အတွက် လိုအပ်ချက်များ ရှိနိုင်ပါတယ်။ ကျနော့်ပို့စ်မှာ မှားယွင်းတာများရှိခဲ့ရင် ထောက်ပြဝေဖန်နိုင်ပါတယ်။

ဒီနေရာမှာ ကိုယ့်ဖာသာကိုယ် သင်ယူရခြင်း (Self Taught) ကို အချို့သူများ ဂုဏ်ယူကောင်း ယူနိုင်ပါတယ်။ သို့သော် ကျနော့်အနေနဲ့ကတော့ ပိုအချိန်ကြာစေတယ်၊ စနစ်ကျနမှုမရှိတဲ့အတွက် မကြိုက်ပါ။ သို့သော် ကျနော်များနိုင်ငံ အခြေအနေ၊ ဘက်ပေါင်းစုံ အခြေအနေများအရ မကြုံဆုံချင်ပေမဲ့ ကြုံနေရတယ်။

နောက် ကိုယ်ပြောချင်တဲ့ အကြောင်းအရာစုံကိုလည်း ချရေးချင်၊ မျှဝေချင်တာပါ။ မြန်မာအိုင်တီလောကကြီး ဒီထက်မက တိုးတက်အောင်မြင်ပါစေ။ မြန်မာပြည်သား အားလုံး လျှပ်စစ်မီးပြည့်ပြည့်စုံစုံနဲ့ ကမ္ဘာ့ရွာကြီးဘာများ ဖြစ်နေလည်း ရှုစားနိုင်ကြပါစေ။ (ဆုတောင်းဆိုတာကို မယုံကြည်ပါ။ သို့သော် ကိုယ့်အခြေအနေက ဆုတောင်းသာတက်နိုင်ပါသည်။)

2 comments:

အဉ္ဇလီ said...

ဟေး ... Mr. Balance ... ဆီပုံးတွေ ဘာတွေ လုပ်ပါဦးဗျ ... ဆီပုံးမရှိတဲ့ ဘလော့ဟာ ဆားမပါတဲ့ ဟင်းကို စားနေရသလိုပဲဗျ ... ဟင်းကောင်းပြီး ဆားပေါ့နေရင်လည်း အလကားပဲဗျ ... ဟဲ ဟဲ

kay said...

ဆရာဘဲလန့်ရေ..ကျမ..ဘလော့ရီဗျူးလေးတခုလုပ်ပီး ပိုစ်တခုတင်ချင်လို့..ဒီမေးခွန်းလေးတွေကို..ဖြေပေးနိုင်မယ်ဆိုရင်.. kthwe31@yahoo.com ကိုဖြစ်ဖြစ်..ဘလော့မှာလာချပီးတော့ဖြစ်ဖြစ်ဖြေပေးပါလို့။ ကြိုတင်ကျေးဇူး။
မေးခွန်း၁-အခုမှ..ဘလော့လောကထဲစ၀င်တယ်ဆိုတော့..ဘလော့ဂါအသစ်တယောက်ရဲ့အခက်အခဲဆို
ရင်..ဘာကိုပြောလို့ရမလဲ။(နည်းပညာပိုင်းမဟုတ်တာပေါ့လေ..)
မေးခွန်း ၂-
ဘလော့စာမျက်နှာမှာ..ကိုအောင်ထွန်းရဲ့ သမိုင်းဝင် ကျောင်းသားလှုပ်ရှားမူသမိုင်းကို..၆လတာပြင်ဆင်
တည်းဖြတ်ခဲ့တယ်လို့..တွေ့ရပါတယ်။ အဲဒါလက်ရှိစာအုပ်ထုတ်ဝေရေးလုပ်ငန်းအတွက်လား..
တခြားစိတ်ဝင်စားမူကြောင့်လားဆိုတာပြောလို့ရမလား။