ထိုနေ့က မျက်နှာဖုံးစွပ်ထားသည်။ ထိုညက လူများသေခဲ့သည်။

ကျနော့် အဖေအိပ်ယာ ဆီမှ ထွက်လာသော ရေဒီယိုသံခပ်တိုးတိုးကို ကျနော့် အိပ်ယာပေါ်ကနေ ခိုးပြီး နားစိုက်ထောင်နေခဲ့သည်။ အခြားသူများ မရိပ်မိအောင် စောင်ခြုံထဲမှ ငြိမ်ပြီးနားထောင်နေရသည်။ အဖေ မနက်က ကျနော့်ဆရာနဲ့ ပြောနေတာ ဟိုနေရာရုတ်ရုတ် ဒီနေရာရုတ်ရုတ်နဲ့ မြို့ထဲမှာတော့ လှုပ်လှုပ် လှုပ်လှုပ်ဘဲ၊ မနက်ဖြန်တော့ ဘာတွေဖြစ်ကြမလဲတော့ မသိဘူးတဲ့။ ရေဒီယို သတင်းပြီးသွားပြီ။ အဖေက ဟိုနှစ်ကောင် ဘယ်သွားလဲလို့ အမလတ်ကို လှမ်းမေးတော့၊ အငယ်ကောင်တော့ စောစောထဲက အိပ်ယာဝင်သွားပြီ၊ အကြီးကောင်တော့ ပြန်မရောက်သေးဘူးလို့ အဖေ့ကို ပြန်ဖြေသံကြားရသည်။ အဖေက မနက်ဖြန် အဲဒီကောင်တွေ ဘယ်မှ မထွက်စေနဲ့ တော်တော်ကြာ ဟိုတခေါက်ကလို တအိမ်လုံး စိုးရိမ်နေရမယ်။

ကျနော် အားလုံးကြားနေရသည်။ ကျနော် မနက်ဖြန်မနက် အိမ်ကရတဲ့နည်းနဲ့ ထွက်ဖို့ လုံးလုံးဆုံးဖြတ်လိုက်သည်။ ကျနော့် အိပ်ထဲမှာ စုထားတဲ့ ငွေ () ကျပ်ရှိနေသေးသည်။

ကျနော် အိမ်ကခိုးထွက်ကာ ကားဂိတ်ရောက်တော့ မနက် () နာရီကျော်ကျော်။ ခါတိုင်း ဒီအချိန်ဆိုရင် ရုံးတက်၊ ကျောင်းတက်ချိန်မို့ လူရှုပ်နေတတ်တာ ဒီနေ့တော့ အတော့်ကို ခြောက်ခြောက်ကပ်ကပ်နဲ့ ဖွင့်နေကျကွမ်းယာဆိုင်တောင် မဖွင့်။ ကားလည်း ရှုပ်ယှက်ခတ်နေရမဲ့အချိန် လမ်းပေါ်မှာ ကားအသွားအလာ အတော်ရှင်းနေသည်။ (၁၅) မိနစ်လောက်နေတော့ နံပတ် () လိုင်းကားရောက်လာသည်။ ကျနော် ကားပေါ်တက်လိုက်သည်။ ကားကအချောင်ကြီး ထူးထူးခြားခြား ကားစပယ်ယာက ဘယ်သူ့ထံကမှ ကားခမတောင်းပါ။ ကားပေါ်ပါသူများကလည်း ရုံးတာဝန်ဖြင့် မတက်မဖြစ် တက်ရမည့်သူများသာ ပါသည်။ ကားစပယ်ယာက ကားလမ်းတလျှောက် ရှေ့ကိုသာ ကြည့်နေသည်။ မှတ်တိုင်စဉ်ရပ်သော်လည်း လူသိပ်မရှိ။ ဆင်းသူသာများသည်။

စိန်ဂျွန်းမှတ်တိုင်ကျော်တော့ ကားစပယ်ယာ ကားပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်ကာ ဆရာရေ ရှေ့မှာတော့ လူတွေစုရုံးစုရုံးနဲ့။ သူသေချာအောင် ထပ်ကြည့်ပြီး၊ ဂျပန်ဆေးရုံရှေ့ရောက်တော့ ကားဒရိုင်ဘာကို ကားရပ်ခိုင်းလိုက်သည်။ နောက်ကားပေါ်ပါသူများကို ကားရဲ့ခရီးစဉ်ဒီမှာပင် ဆုံးပြီဖြစ်ကြောင်း အားလုံးကားပေါ်မှ ဆင်းနိုင်ကြောင်း ပြောတော့ ခရီးသည် အားလုံးဆင်းကြသည်။ ကျနော်လည်း ဆင်းလိုက်သည်။

စံပြရုပ်ရှင်ရုံရှေ့ လှမ်းကြည့်လိုက်တော့ ခုနက စပယ်ယာပြောတဲ့ လူအုပ်၊ ကျနော်တွေ့ချင်သော လူအုပ်ပါ။ ကျနော့် ရင်တွေခုန်လာသည် အဲဒီလူအုပ်ရှိရာကို အပြေးလိုက်ရပါတော့သည်။ စတင်ထွက်ခွာနေကြပြီ ကျနော့်မှာ အသင့်ပါတဲ့ လက်ကိုင်ပုဝါကိုထုတ် မျက်နှာမှာစည်း အဲဒီလူအုပ်နဲ့ ကျနော်လိုက်သွားပါတော့သည်။

အရင်က ရန်ကုန်မြို့ကို ကျနော်ရောက်ဖူးတာ ကမာရွတ် ဘူတာရုံလမ်းကနေ ဆူးလေမြို့တော်ခန်းမလောက် အထိသာ။ ကျနော် ထိုနေ့က သွားရာလမ်းကြောင်းကို ပြန်စဉ်းစားရာ အသေးစိတ် မမှတ်မိတော့။ ခပ်ရေးရေးမှတ်မိသမျှမှာ မြို့တော်ခန်းမရှေ့၊ အမေရိကန်သံရုံးရှေ့၊ ဗိုလ်တထောင်၊ သိမ်ဖြူလမ်းအတိုင်း မင်္ဂလာတောင်ညွန့်မှ တက်၍ ဗဟန်း ဦးထောင်ဗိုလ်၊ ငါးပြတိုက်၊ ကန်တော်ကြီး ရောက်ခဲ့သည်။ ရွှေတိဂုံ ကုန်းတော်ပေါ်တက်တော့ အောင်မြေနင်းကြသည်။ နောက်တော့ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာထိပ်ကနေ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ မြို့ထဲကို ပြန်ပတ်သည်။ လူအုပ်ကြီးနှင့်ကျတော့ ပတ်နိုင်သမျှ ပတ်လိုက်တာ ဘယ်နေရာတွေကို ရောက်လို့ရောက်မှန်း မသိတော့၊ မောလို့မောရမှန်း မသိတော့၊ ကျနော်သိတာ မြို့တစ်ခုလုံးတော့ ကျနော်တို့ ခြေရာများဖြင့် စိစိညက်ညက်ကြေသွားသည်။ အသံတွေ ၀င်နေသည်။ သို့သော် အအော်မပျက်။

မြို့လုံးကျွတ် ဖြတ်သမျှနေရာများမှာ လူလျော့မသွား တိုး၍ တိုး၍သာ လာသည်။ သရေစာ၊ ထမင်းနှင့် ရေကတော့ အလျှံပယ်၊ တောင်းနှင့်တောင် ထမ်းရသည်။ ထမင်းထုပ်ထဲက ထမင်းကို လမ်းလျှောက်အော်ရင်း ဒီအတိုင်းစားကြသည်။

စစ်တပ်များ မြို့လုံးပြည့်ချထားသည်။ နေရာတကာမှာ စစ်သားတွေရှိနေသည်။ သူတို့မပစ်ကြ၊ ပထမတော့ စစ်သားတွေတွေ့ရင် ပြေးကြနှင့် ၀ရုန်းသုန်းကား ဖြစ်သေးသည်။ ဒါပေမဲ့ နောက်အကြိမ်များတော့ မပြေးတော့ စစ်သားများချထားသော နေရာများကိုဖြတ်လျှင် ပြည်သူ့စစ်သား၊ ဒို့စစ်သားလို့ အော်ကြသည်။ သူတို့က တာဝန်နဲ့ဆိုတော့ ၀တ်စုံပြည့်၊ လှံစွပ်တပ် သေနတ်ဖြင့် အသင့်အနေအထားက ကျောက်ရုပ်ကဲ့သို့ မလှုပ်ကြ။ ကျနော်တို့ သူတို့ကို အနှောက်အယှက် မပေးပါ။ သို့သော် ရထားသော ရိက္ခာများထဲမှ သူတို့အတွက် အချို့ကို သူတို့ဘေးမှာ ချထားပေးခဲ့သည်။

အားလုံးနီးနီး မျက်နှာဖုံးစွပ်ထားကြသည်။ (ရရာလက်ကိုင်ပုဝါများဖြင့် မျက်နှာကို စည်းထားကြသည်။) အချို့သူများလည်း မစည်းကြ။ ရောက်တဲ့နေရာ လမ်းဆုံများမှာ တရားဟောကြသည်။ ကျနော် အမှတ်အရဆုံးက ရွှေတိဂုံကုန်းတော်ပေါ်ကို ကြွေးကြော်သံများအော်၍ တက်ကြခြင်းပင်။ ဘုရားစောင်းတန်းဆိုင်များမှ လက်ခုပ်တီး၍ အားပေးကြသည်။ ရှိသမျှထုတ်ကာ ကျွေးမွေးကြသည်။ နောက် ဘုရားပေါ်မှာ တရားဟောပြီး အောင်မြေနင်းကြသည်။

ဘုရားကုန်းတော်ပေါ် ခဏနားချိန်မှာ ကျနော့်အကိုနှင့် တွေ့သည်။ သူက နင်အိမ်ကို ပြန်မပြောနဲ့နော်တဲ့။ ကျနော်ကတော့ ခေါင်းငြိမ့်ပြပြီး၊ စိတ်ထဲကတော့ အိမ်က အခုနှစ်ကောင်လုံးပျောက်နေတာ သိလောက်ပြီ။ သိပ်စိတ်မပူတော့။ ရွှေတိဂုံအပေါ်က အဆင်းမှာ သူနဲ့ကျနော် လူကွဲသွားသည်။

ကျနော်တို့ ဆန္ဒပြလူအုပ်ကြီး ကျနော်တို့ ရပ်ကွက်ရှေ့ဖြတ်တော့ ကျနော့် အမနှင့် အဖေကို တွေ့ရသည်။ သူတို့မျက်လုံးများမှာ စိုးရိမ်မှု၊ အားရမှု၊ ၀မ်းနည်းဝမ်းသာမှုတွေ ရောထွေးနေသည်။ ကျနော် လူအုပ်ထဲကထွက်လိုက်ပြီး အဖေတို့ဆီကို သွားသည်။ အဖေက မင်းဆက်လိုက် မသွားဘူးလားလို့ မေးသည်။ ကျနော်ပြန်မဖြေ။ အမကတော့ နင်ဆက်မလိုက်နဲ့တော့ဟု ကျနော်ကိုပြောပြီး အိမ်ကို အတူပြန်ခေါ်လာသည်။

အမက နင်တို့ဘယ်တွေရောက်သလဲ၊ ဘာတွေဖြစ်သေးလဲ၊ အကို့ကို တွေ့ခဲ့သလားလို့ ဘေးက လမ်းတလျှောက်လုံး မေးနေသည်။ ကျနော် သူမေးသမျှ တခွန်းမျှ မဖြေ။ ငါသူရဲဘောကြောင်တာလား၊ ကြောက်သလား စသဖြင့် ထိုအချိန်က ကျနော် တွေးခဲ့မည် ထင်သည်။ ကျနော်စိတ်ကတော့ ထိုလူအုပ်ကြီးနောက် ပါသွားခဲ့မည်။

နောက်တစ်နေ့ မနက်အိပ်ယာထတော့ ကိုယ်တွေလက်တွေ ကိုက်ခဲနေသည်။ အသံတွေဝင်နေသည်။ ကျနော့် အမကလိုက်ကြည့်နေသည်။ သူက နင်ဒီနေ့ဘယ်မှ မသွားနဲ့တော့။ ကျနော်ပြန်မဖြေ အိမ်ရှေ့က ရေတမာပင်အောက် သွားထိုင်နေသည်။ ခဏနေတော့ ကျနော့်သူငယ်ချင်း ရောက်လာပြီး ညက မြို့ထဲမှာ ပစ်ကြကြောင်း၊ လူတွေသေကြောင်း၊ လူတွေဆက်ပြီး ချီတက်နေကြတယ်လို့ လာပြောသည်။

ကျနော်က လာကွာ လမ်းထိပ်ထွက်ကြည့်ရအောင်လို့ ပြောပြီး လမ်းထိပ်ထွက်လာကြသည်။ လမ်းထိပ်မှာ လူတွေ တိုးတိုးကျိတ်ကျိတ်နှင့် ဟိုတစု၊ ဒီတစု။ ကျနော်တို့ အတော်ကြာအောင်စောင့်တော့ ချီတက်လာသောလူအုပ်ကြီး ကျနော်တို့ ရှေ့ရောက်လာသည်။ ဒါနဲ့ ကျနော့်သူငယ်ချင်းကို လိုက်ရအောင်ကွာ ဆိုပြီး လိုက်လာခဲ့သည်။

ထိုနေ့ကတော့ ဟိုနေရာရောက် ပြေးလိုက်၊ ဒီနေရာရောက် ပြေးလိုက်နှင့် ချီတက်ကြရသည်။ မှတ်မိသည်က တိရိစ္ဆာန်ဥယျာဉ်ဖက် အကွေ့တွင်ပစ်သဖြင့် ပြေးရသည်မှာ ကျနော်ရော၊ ကျနော့်သူငယ်ချင်းပါ ဖိနပ်ပါမလာတော့။ လမ်းတလျှောက်လုံး ခြေဗလာဖြင့်လိုက်ခဲ့ရသည်။ မိုးကလည်း ဟိုနေရာ ရွာလိုက်၊ ဒီနေရာ ရွာလိုက်ဖြင့်၊ တလျှောက်လုံး မိုးရွာအစို၊ နေပူအခြောက် အေးလိုက် ပူလိုက်ဖြင့် လိုက်ပါလာရသည်။ လူတွေ ဒေါသတွေ ထွက်နေကြသည်။ ဒီကောင်တွေ ငါတို့ကို ပစ်ရက်တယ်ကွာဟု ဆိုသူကဆိုကြသည်။ ခေါင်းဆောင်လုပ်သူများက အားလုံးစည်းကမ်း သေသေ၀ပ်ဝပ်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြရမည်ဖြစ်ကြောင်း၊ အကြိမ်ကြိမ် တရားဟောကြသည်။ လမ်းတလျှောက် ထွက်၍ အားပေးသူများကိုလည်း ပြောသည်။ လမ်းတလျှောက် အားပေးသူများ မနေ့ကထက် ပိုများလာသည်ဟု ကျနော်ထင်သည်။

တောင်ဥက္ကလာပကို ရောက်တော့ ညနေ () နာရီ မမှောင့် တမှောင်ဖြစ်နေပြီ။ ထိုအချိန် လူအုပ်ထဲမှာ ဗိုလ်ချုပ်၏သား အောင်ဆန်းဦး လာမည်ဖြစ်ကြောင်း ပြောနေကြသည်။ ဗိုလ်ချုပ်သားဆိုတော့ သူ တစ်ခုခုတော့ လုပ်ပေးနိုင်လိမ့်မည်ဟု ထိုအချိန်က ထင်ခဲ့သည်။ မိုးပေါ်ကလာ မလား၊ ရဟတ်ယာဉ်ဖြင့်ပင် အခုရောက်မှာလား၊ ဘယ်ကနေ ထွက်လာမလဲလို့ ထိုအချိန်က ကျနော် တွေးခဲ့သည်။

ညကမှောင်လာပြီဆိုတော့ ကျနော်နဲ့ ကျနော့်သူငယ်ချင်း နှစ်ဦးသား ပြန်ရင်ကောင်းမယ်လို့ ဆုံးဖြတ်ပြီး လူအုပ်ကြီးနှင့် ခွာလာခဲ့သည်။ ကျနော်တို့ ဘယ်လိုပြန်ရမှန်း မသိတော့ လမ်းလျှောက်ရင်း ဟိုမေးသည်မေးဖြင့် ကျောက်ကုန်း၊ ရန်ကင်းကို ဖြတ်ပြီး တက္ကသိုလ်ရိပ်သာလမ်း အတိုင်းလျှောက်ကာ အိမ်ကို ပြန်ရောက်သည်။

ရန်ကင်းအိမ်ယာကို ဖြတ်တော့ တိုက်တန်းအားလုံးနီးနီး ဘီဘီစီကို အသံအကျယ်ဆုံးတင်၍ အပြိုင်ဖွင့် နေကြသည်။ အားလုံးကြားနေရသည်။ လူသွားလူလာ အားလုံးရှင်းနေသည်။ ကားအသွားအလာ လုံးလုံးမရှိသလောက်ဖြစ်သည်။ ကျနော်တို့ လမ်းနီလေးကိုဖြတ် တက္ကသိုလ်ရိပ်သာ လမ်းတလျှောက် ဖြတ်တော့ လမ်းဘေးက မလျှောက်ရဲ (အဲဒီတုန်းက ဘေးကလျှောက်ရင် သရဲတွေဘာတွေ တွေ့မှာ စိုးရိမ်သောကြောင့်) လမ်းလယ်ခေါင် အဖြူမျဉ်းကြောင်းမှ တက်လျှောက် ကြသည်။ ကျနော်တို့လျှောက်လာရင်း ကန်ဖျားကျောင်းတိုက်နား အရောက် ကားတစ်စီး မီးထိုးမောင်းလာသည်။ ဒါနဲ့ ဒီကားတားစီးရင်း ကောင်းမယ်ဆိုပြီး လုပ်တုန်း စစ်ကားမှန်းသိရ၍ လမ်းဘေးရေမြောင်းထဲမှာ ဆင်းဝပ်နေကြရသည်။

အိမ်ရောက်ချိန်မှာ ကျနော်နာရီကြည့်တော့ ည () နာရီခွဲခန့် ရှိပြီ။ ထိုအချိန် လမ်းမကြီးပေါ်မှ ကြွေးကြော်သံများ ပြန်ကြားလာရသည်။ ချီတက်လာသော လူအုပ်ကြီး ကျနော်တို့ရပ်ကွက်ရှေ့ကို ဖြတ်နေသည်။ သူတို့က ရပ်ကွက်၊ မြို့နယ်တွေ တခုပြီး တခုပြီး ဖြတ်ပြီးမှ ရောက်လာကြရတာတောင် ဖြတ်လမ်းကပြန်လာသော ကျနော်တို့နှင့် အတူရောက်တယ်ဟု အံ့သြမိသည်။

အဲဒီနေ့က ကျနော်တို့နှင့် လူအုပ်ကြီး တပြိုင်နက်ရောက်လာမှုကို စပ်ဆက်စဉ်းစားမိသည်မှာ ချီတက်လာသော လူအုပ်ကြီး လူထုကြီး၏ ဇွဲ၊ စိတ်ဓါတ်များ ပြင်းထန် ထက်သန်နေမှု အရှိန်အဟုန်ကြောင့်သာ ထိုသို့မြန်ဆန်ရခြင်းဖြစ်မည်။ ထိုကြောက်ခမန်းလိလိ အဟုန်သည် ထိုအချိန်က အဆုံးအဖြတ်တခု၊ လွတ်လပ်မှုတခုကို ရရန်အတွက် အချိန်များလည်း ပျောက်ကွယ်သွားစေသည်။ ခရီးတာများကိုလည်း တိုတောင်းသွားစေခဲ့သည်။ သူတို့အသက်များစွာကို စတေးခဲ့ပြီး အာဏာရှင်ကို ပြုတ်ကျစေခဲ့သည်။

ထိုညက လူတွေ ထပ်မံသေခဲ့သည်။ နောက်ရက်များ ဆက်တိုက်လည်း လူတွေစတေးခဲ့ရသည်။

လူအုပ်စုကလေးကနေ၊ လူတန်းကြီး၊ နောက် လူပင်လယ်ကြီးဖြစ်သွားသည်။ ဘယ်ကနေ ဘယ်လိုထွက်လာကြသည်ကိုတော့ ကျနော် မစဉ်းစားတတ်ခဲ့။ ကျနော် အခုဒီစာကို ရေးနေတဲ့အချိန် (၁၉) နှစ်ကာလ အဲဒီထိုနေ့များက အဖြစ်အပျက်တွေ ချရေးတော့လည်း ခေါင်းထဲ ကွင်းကွင်းကွက်ကွက် ပေါ်လာသည်များရှိသည်။ နှစ်ရက်အတွင်း အဖြစ်အပျက်များမှာ မြန်ဆန်ပြီး ဖြစ်စဉ်များပြားသည့်အတွက် ကွင်းဆက်မမိတော့၊ ကြွေးကြော်သံက အစ ရောနှောနေသည်။

ထိုအချိန်က ကျနော်နားမလည်ခဲ့သည်မှာ သူတို့ဘာကြောင့် ကိုယ့်အချင်းချင်း ရက်ရက်စက်စက် သတ်ရတာလဲ။ အစိုးရတွေက ဒီလိုဘဲ သူ့ပြည်သူများအပေါ် ပြုကျင့်ကြပါသလား။ မတရားမှုများ ပြုလုပ်လို့ရပါသလား။ မဆလ၊ တစ်ပါတီစနစ်၊ လမ်းစဉ်ပါတီဆိုတာ၊ ဦးနေ၀င်း၊ ဦးစိန်လွင်ဆိုတာတွေကို ဘာတွေလည်း မသိခဲ့ပါ။ သူတို့တွေ ကျောင်းသားများကို သတ်သည်။ ပြည်သူများကို သတ်သည်။ ထို့ကြောင့် မကောင်းသူများ ဖြစ်သည်။ ထို့ကြောင့် ဆန့်ကျင်ရမည်။ ထိုမျှလောက်သာ ထိုစဉ်က သိခဲ့သည်။

လူအုပ်စုကလေးကနေ၊ လူတန်းကြီး၊ ထို့နောက် လူပင်လယ်ကြီးဖြစ်သွားသည်ကို ကျနော်အခု မစဉ်းစားတော့။ ထိုလူတွေ ဘယ်ရောက်သွားသလဲ စဉ်းစားနေသည်။ ကျနော်နားထဲမှာ ထိုနေ့များက အသံများ ပြန်ကြားနေရသည်။ ကြောက်ခမန်းလိလိ အရှိန်အဟုန်က ဟိုး ဆယ့်ကိုးနှစ်တာကတည်းက အရှိန်ယူထားပြီး ဖြစ်သည်။

2 comments:

YeKyawAungMDY said...

ဟေ့လူ ဖတ်လို.သိပ်ကောင်းတယ်။

ဂျစ်တူး - gyit_tu said...

ကိုယ်တိုင်အတွေ့ အကြုံကို ခုလိုပြန်ရေးပြတာ ၊ ကျေးဇူးတင်ပါတယ် ။