Letter to the Burmese Media

ကျနော်များကို ရွှေမီဒီယာသမားများအား သည်နေရာမှ တဆင့် မေတ္တာရပ်ခံတောင်းပန်လိုပါသည်မှာ .... အခုရက်ပိုင်း ပြီးခဲ့တဲ့ စနေနေ့ (၁၉၊ ၈၊ ၂၀၀၇) က စလို့ ရန်ကုန်တွင် လမ်းလျှောက်ချီတက်မှုများ ရန်ကုန်တွင် လုပ်နေကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ စနေနေ့၊ တနင်္ဂနွေက ရုံးပိတ်ရက်ဖြစ်နေသည်။ ထက်ပြီး တိုက်ဆိုင်တာက ထိုင်းနိုင်ငံမှာ တနင်္လာနေ့ရုံးပိတ်ရက် တစ်ရက်ရှိနေ၍ ထက်ပိတ်ပြန်သည်။ ပြည်ပရောက် မီဒီယာအများစုကလည်း ထိုင်းမှာ အခြေစိုက်ကြသည်။ ကဲဒီတော့ ကိုရွှေမီဒီယာများ အိမ်မှာ ကောင်းကောင်း အနားယူကြသည်။ အသံလွှင့်အစီအစဉ်များမှာတော့ ပုံမှန်ထုတ်လွှင့်ကြသည်ကို တွေ့ရသည်။ ဒါတောင်သူတို့များက အသံလွှင့်အစီအစဉ်ဖြစ်လို့ ထင်ပါသည်။ ၁၉ ရက်နေ့ သတင်းကို ထိုနေ့၌ပင် ရိုးမ (၃) သတင်း ၀က်ဘ်ဆိုက်တွင် ပထမဆုံးတွေ့ရသည်။ နောက် မဇ္စျိမ သတင်းဌာနမှ တင်သည်။ ၂၀ ရက်နေ့မှာမှ ခေတ်ပြိုင်သတင်းဌာနက တင်သည်။ ဧရာဝတီသတင်းဌာနက အင်္ဂလိပ်ပိုင်းမှာ နောက်အကျဆုံးတင်သည်။ မြန်မာပိုင်းတွင် အခုကျနော်ရေးနေချိန် အထိမတင်ကျသေး။ Breaking News (မြန်မာလိုအသုံးကို မသိပါ။) ကဏ္ဍကို ထည့်ထားကြသည်။ သို့သော် အများစုသော မြန်မာသတင်းဌာနများတွင် ၄င်းကဏ္ဍသည် တိတိကျကျ ပြောရလျှင်အလုပ်လုပ်မလုပ်ပါ။ အကြံပြုစာကဏ္ဍ (Comment) လည်း ထားရှိသည်။ ကျနော် (၂) ကြိမ် (၃) ကြိမ် ၄င်းနေရာများမှ အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ရေးပို့ခဲ့ဖူးသည်။ အကြောင်းပြန်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း တုန့်ပြန်မှုတစုံတရာ မရရှိခဲ့ပါ။ ထိုအခါ ကိုယ်ကမနေနိုင်တော့ သက်ဆိုင်လူကြီးမင်းများ၏ အီးမေးလ်၊ ဖုန်းများကို ရှာဖွေ၍ တိုက်ရိုက်ပြောဆိုရပါသည်။ ထိုအခါ တုန့်ပြန်မှုက အေးစက်စက်နှင့် လူချင်းအပြင်မှာ မြင်ရက အထိုးခံရမည်လား မပြောတက်ပါ။ အော် အဲဒီလို ဟုတ်လား။ အင်း ဒါဆိုပြင်ရမှာပေါ့။ ကျေးဇူးစကားပင် မဆိုဖုန်းချသွားသည်။ အီးမေးလ်မှာဆိုလည်း ပြင်ပြီးပြီ။ ဒါဘဲလို့ အကြောင်းပြန်သည်။ သတင်းအရေးအသား၊ တင်ပြပုံ၊ သတင်းစာပညာကို ကျွမ်းကျင်သူ တစ်ယောက်မဟုတ်သည့်အတွက် ၄င်းအပိုင်းများကို နားမလည်ပါ။ မဝေဖန်ရဲပါ။ သတင်းနားထောင်သူ၊ သတင်းဖတ်သူ တစ်ဦးအနေဖြင့် မှားယွင်းသော အချက်အလက်များ၊ နောက်ကျမှုများကို ထောက်ပြလိုခြင်းဖြစ်သည်။ သည်နေ့သည်ဖက် မြန်မာနိုင်ငံပြင်ပ၌ မီဒီယာရွှေခေတ်လို့ ပြောနိုင်သည်။ အလုပ်လည်း လုပ်နိုင်ကြသည် အခြားသူများထက်လည်း ၀င်ငွေကောင်းကြသည်။ အထောက်အပံ့ အပြည့်စုံဆုံးရသည်။ ကျနော်၏ ကောက်ချက်သာ ဖြစ်သည်။ ၀င်ငွေကောင်းကောင်းရသည်၊ လူတန်းစေ့နေနိုင်ကြသည်။ ကောင်းသောအချက်များ ဖြစ်သည်။ ယခုလိုအရေးကြီးသော အချိန်မျိုးတွင်လည်း တာဝန်သိသိနှင့် ပိုမိုလုပ်ဆောင်ကြရန် ကျနော်တိုက်တွန်းလိုပါသည်။ သူတို့အားလုံး အကောင်းကြီး ခံစားစံစားနေကြသည် မဟုတ်ပါ။ သူတို့လည်း ယက်ကန်ယက်ကန်နှင့် နိုင်ငံတကာစံချိန်စံညွှန်း၊ နည်းပညာများကို ကျိုးစားဖြည့်တင်း နေကြရသေးသည်ကို နားလည်နိုင်ပါသည်။ သို့သော် သူတို့က တလွဲဆံပင်ကောင်းကြသည်က ငါတို့နိုင်ငံတကာ စံချိန်စံညွှန်းလိုက်နိုင်အောင် ကျိုးစားလုပ်ကိုင်နေကြတယ်၊ ဒါကြောင့် အခွင့်အရေး၊ ခံစားခွင့်တွေကို နိုင်ငံတကာစံဖြင့် ကျင့်သုံးကြသည်။ အခွင့်အရေး၊ ခံစားခွင့်များ ရယူမှုကို ကန့်ကွက်စရာမရှိပါ။ ကိုယ့်လူမျိုးတစ်ယောက် နိုင်ငံတကာ စံ၊ ခံစားခွင့်တွေနှင့် အလုပ်လုပ်ရသည်ကို မုဒိတာပွားပါသည်။ သို့သော် ၄င်းတို့စံနှင့်မီရန်လည်း မိမိတို့ဖာသာ မိမိတို့လုပ်ငန်းချို့ယွင်းချက်များကို ပြင်ဆင်သင့်ပေသည်။ အရေးပေါ်သတင်းဆို အရေးပေါ်သတင်းနှင့် တူအောင် ကိုယ့်သတင်းဌာနက အချိန်မရွေးတင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထား သင့်သည်။ ဝေဖန်အကြံပြုမှုကိုလည်း ကောင်းကောင်းမွန်မွန်နှင့် အချိန်မီတုန့်ပြန်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကိုလည်း နိုင်ငံတကာမှ မီဒီယာဌာနကြီးများကဲ့သို့ ပြုမူဆောင်ရွက်သင့်ပေသည်။ ကိုယ့်နိုင်ငံက အခြေအနေက ခပ်ယိုင်ယိုင်ခပ်ရဲ့ရဲ့မှာ ကျနော်တို့ တစ်ဦးချင်းစီ လုပ်ကိုင်စားသောက် နေထိုင်နိုင်ခြင်းအပေါ်များတွင် မမော်ကြွား၊ မမောက်မာပဲ တိုင်းပြည်အတွက်ဆိုသည်ကို ခေါင်းထဲထည့်ကြစေလိုပါသည်။ (စကားချပ်- အားလုံးသော မြန်မာနိုင်ငံသားများကို ပြောလိုရင်းဖြစ်သည်။) ယနေ့အနေအထား၌ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် မီဒီယာသမားများ ပိုလို့ပင်အရေးကြီးသော နေရာမှာ ရှိနေပါသည်။ သတင်းမှန်၊ မမှန်စောင့်ကြည့်ရမည်။ သတင်းတိုင်း မတင်နိုင်ပါ။ မှန်ပါသည်။ သို့သော် စောင့်ကြည့်ရင်း အချိန်အများကြီး ကြာသွားသည်ကတော့ မကောင်းပါ။ မှန်ဖို့လိုသလို၊ မြန်ဖို့လည်းလိုပါသည်။ နောက်ဆုံးအနေနှင့် ပြောလိုသည်မှာ ဝေဖန်အကြံပြုချက် ဆိုသည့်ကဏ္ဍတပ်ထားလျှင် ဝေဖန်အကြံပြုလာပါက တုန့်ပြန်မှုတစ်ခုခု၊ အရေးယူမှုတစ်ခုခု အမြန်ဆုံးပြန်ကြားဆောင်ရွက်ဖို့ တိုက်တွန်းလိုသည်။ မဟုတ်လျှင် ဖြုတ်ထားလိုက်ပါ။ နောက် ဖြစ်ပျက်နေသော လတ်တလော ဖြစ်ပျက်နေသော သတင်းများ တင်ရန် Breaking News ကဏ္ဍထားရှိက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် မည်သည့်ရက်မျိုးပင်ဖြစ်စေ တင်ပြပေးစေလိုပါသည်။ သို့မဟုတ်က ၄င်းကဏ္ဍကိုပါ ထပ်ဖြုတ်ထားရန် တိုက်တွန်းလိုပေသည်။ သို့မဟုတ်ပါက မည်ကဲ့သို့ ၄င်းသတင်းဌာနများအား သပိတ်မှောက်သင့်ကြောင်း ထပ်မံဆုံးဖြတ်ရပါမည်။ မြန်မာမီဒီယာလောကကြီး သည်ထက်မက ကြီးပွားချမ်းသာနိုင်ဖို့ ရည်ရွယ်ရေးသားလိုက်ရပါသည်။

No comments: