သဘောထားကြီးခြင်း

ကျနော် အခုဆောင်းပါးကို ဖတ်မိကတည်းက ကြိုက်လွန်းလို့ စာအုပ်ပါတောင်းလာမိတယ်။ ရန်သူဖြစ်ခဲ့ဘူးသူ အချင်းချင်း သဘောထားကြီးကျတာ အတော့်ကို ဂုဏ်ယူချီးကျူးစရာပါ။ ဒါနဲ့ အခုဆောင်းပါးကို ဖတ်ရင်း စဉ်းစားမိသည်မှာ-

  • ကျနော်ကော သဘောထားကြီးကြီး ထားနိုင်ရဲ့လား။
  • ကျနော်တို့ ဘာကြောင့်သဘောထား မကြီးကျတာလဲ။
  • သူတို့ကော ဘာလို့သဘောထားကြီးနိုင်ကြတာလဲ။
  • သဘောထားကြီးချင်းဟာ ကျနော်တို့ မြန်မာလူများမှာ မရှိနိုင်တော့ဘူးလား။
  • အတုယူစရာဆို အရှေ့တွေ၊ အနောက်တွေ မခွဲခြားဘဲ အတုမယူနိုင်တော့ဘူးလား။

ကျနော့်အတွေးများကို ဆင့်ပွားလိုက်ပါတယ်။ ခွင့်ပြုချက် မတောင်းခံနိုင်သည်ကို ဒီနေရာကနေ အနူးညွတ်တောင်းပန် အပ်ပါသည်။

********************************************

သဘောထားကြီးခြင်း - ဦးတင်ဦး (ကျူရှင်)

ကျွန်တော်သည် အားလက်ရက်တစ်ရက်တွင် စာဟောင်းတစ်ပုဒ်ကိုဖတ်မိရင်းစိတ်ထဲမှာ ထိထိခိုက်ခိုက်ခံစား သွားမိသည်။ ထိုစာဖတ်ပြီး ဟိုတွေးသည်တွေးလည်း တွေးနေမိသည်။ ထိုသို့ တွေးမိတွေးရာ တွေးရင်း ကျွန်တော့်ဖခင်၏ ဆိုဆုံးမစကား ကျွန်တော့်ရင်ထဲမှာ စွဲပါမိလာပုံတို့ပါ ပြန်လည်သုံးသပ်ကြည့်နေမိပါသည်။

ကျွန်တော်ငယ်စဉ် (၁၃-၁၄) နှစ်သားအရွယ်လောက်က ကျွန်တော်နှင့် အရွယ်မတိမ်းမယိမ်း (သူကတစ်နှစ် လောက်တောင် ကြီးသေးသည် ထင်ပါသည်။) မိန်းကလေးတစ်ဦးနှင့် ရန်ဖြစ်မိသည်။ ထိုနေ့က ကျောင်းပိတ် ရက်ဖြစ်၍ ကျောင်းမသွားရ၊ ကျောင်းအားရက်တွင် တတ်နိုင်သမျှ မိဘကိုကူရသည့်အတိုင်း ရွာခြေမှနှမ်းခင်း တစ်ခုတွင် မြက်တစ်ခြင်းလောက် သွားရိတ်စဉ် ထိုမိန်းကလေးလည်း မြက်ရိတ်ရင်းကြုံရာမှ စကားများ ရန်ဖြစ်ကြခြင်း ဖြစ်သည်။ ကျွန်တော်သူ့အား ရိုက်မောင်းပုတ်မောင်းပင် မလုပ်ခဲ့သော်လည်း အော်ဟစ် ဆဲဆိုခြင်းမျိုးကားပြုခဲ့ပေရာ ကျွန်တော့်ဖခင်က ကြားသိသွား၍ ကျွန်တော့်အား ပြစ်တင်ကြိမ်းမောင်း ပါသည်။ကျွန်တော်က ကျွန်တော့်ဘက်က မဆိုးကြောင်း၊ သူကဘယ်သို့ ဘယ်ညာ ပြောရာမှ ဤသို့ ရန်ဖြစ်ရခြင်း ဖြစ်ကြောင်း ရှင်းပြပါသော်လည်း ကျွန်တော့်ဖခင်က လက်မခံပါ။ ကျွန်တော်က ကျွန်တော် မမှားကြောင်း ဘယ်သို့သော အကြောင်းယုတ္တိတွေပင်ပြပြ ယောက်ျားတစ်ယောက်နှင့် ယှဉ်လျှင် အဖက်ဖက်က အားနည်းနေပြီးသား မိန်ကလေးတစ်ဦးနှင့် ဖက်ပြိုင် ရန်ဖြစ်နေခြင်းကပင်လျှင် ကျွန်တော် မှားနေပြီး ဖြစ်ကြောင်း ကျွန်တော့်ဖခင်က ဆုံးဖြတ်ပါသည်။ ဆုံးဖြတ်ရုံမက ကျွန်တော့်အား ပြစ်တင် ရှုတ်ချ၍လည်း ဆုံးမ ပါသည်။ “ကိုယ်ကနိုင်နေပြီး သားလူကို မင်းက အနိုင်ရချင်နေတာကိုက သေးသိမ်တဲ့ စိတ်ဖြစ်နေပြီး ငါ့သားရ” တဲ့။

ကျွန်တော့်ဖခင်သည် စိတ်မြန်သူဖြစ်ရာ ကြိမ်တွေ့အောင် မစောင့်နိုင်သူ၊ သူစိတ်ဆိုးလျှင် လွယ်ကူရာ သူ့လက်ဝါးကို သုံး၍ ကျောပြင်မှာ ‘ဗိန်း’ ၊ ‘ဗိန်း’ နှင့်မြည်အောင် ရိုက်တတ်သူဖြစ်သည်။ သူရိုက်လျှင် အသည်း၊ နှလုံးတွေ လှူပ်ခါသွားသည် ထင်ရသည်။ သို့ရာတွင် ထိုနေ့က သူ ကျွန်တော့်ကိုမရိုက်ခဲ့ပါ။ မရိုက်ပင် မရိုက်သော်လည်း ကျွန်တော့်စိတ်မှာ ရိုက်တာထက်နာပြီး ကိုယ့်ဘာသာကိုယ် ရှက်သွားသည်။ အသည်း၊ နှလုံးတွေ လှုပ်ခါ မသွားသော်လည်း ဖခင်၏စကားများ အသည်း၊ နှလုံးသားထဲမှာ သံမှိုနှင့်စွဲလိုက်သလို ဖြစ်သွားပါသည်။ ထို့ကြောင့် ထိုနေ့မှစ၍ ကျွန်တော်က နိုင်လောက်သည့် အခြေအနေ ရှိနေနှင့်ပြီးသား သူမျိုးနှင့် ကျွန်တော် ဘယ်တော့မှ ရန်မဖြစ်တော့ပါ။ ဖက်ပြိုင်ရန်လည်း မကြိုးစားတော့ပါ။

သို့ရာတွင် ကိုယ်က အထက်စီးအနေမျိုးရောက်နှင့်နေသူမျိုးအပေါ်ကိုသာ ကျွန်တော်က အလိုအလျောက် လျော့ ပေးထားပြီးဖြစ်သော်လည်း ကိုယ့်ထက်အားကြီးသူမျိုးက ဗိုလ်ကျသလိုအမူအရာမျိုးတွေ့ပါက ကျွန်တော် အလျော့ပေးလေ့ မရှိသည့်အပြင် ထိုသူမျိုးကိုကြုံပါက ရင်ဆိုင်ရဲဖို့လည်း စိတ်ထဲမှာ အသင့်ထားလေသည်။

ထိုစိတ်အခံကြောင့် တစ်ခါက ကျွန်တော်မှားခဲ့ပုံကိုလည်း ယခုပြန်တွေးနေမိပါသည်။ ပျဉ်းမနားမြို့ အားကစား အကြောင်းနှင့် စပ်လျဉ်း၍ပြောလျင် ဆရာခင်မောင်ထွေး (ပျဉ်းမနား) အကြောင်း ထည့်မပြော၍ မဖြစ်သလို ဟိုတစ်ခေတ်က ပျဉ်းမနားမြို့ ဘောလုံးအကြောင်း ပြောလျှင် တင်ယု၊ တင်စိုး၊ တင်အေး ဆိုသည့် ‘တင်’ သုံး ‘တင်’ တို့မပါ၍ မဖြစ်ပါ။ ပျဉ်းမနားမြို့နယ်တွင် သက်တမ်းအတော်ရှည်ကြာစွာ ကစားလာကြသော နာမည်ကြီး ဘောလုံးသမားများ ဖြစ်သည်။ ကိုတင်စိုးမှာ တိုင်းနှင့်ပြည်နယ်ပွဲများ စတင်စဉ်က ရှမ်းပြည်နယ် လက်ရွေးစင် အဖြစ် ( သက်တမ်းအရှည်ဆုံးလက်ရွေးစင်) ဘဟာဒူးတို့နှင့်အတူ ကစားလာသူ ဖြစ်သည်။ ကိုတင်အေးမှာ အားထားရသော ရှေ့တန်းသမားတစ်ဦးဖြစ်သလို ကိုတင်ယုမှာလည်း ပျဉ်းမနားနောက်တန်းတွင် အုတ်တံတိုင်း လောက် အားကိုးရသူဖြစ်သည်။ ထို့ပြင် သူသည် တော်ရုံရှေ့တန်းသမားများ သူ့အနား မသီရဲလောက်အောင် လူချရာ၌လည်း နာမည်ကြီးသူဖြစ်သည်။

ထိုသူတို့သုံးဦးနှင့် ကျွန်တော်သည် ပျဉ်းမနားသကြားစက်တွင် လုပ်ဖော်ကိုင်ဖက်များဖြစ်သော်လည်း သူတို့ အထဲ၌ အငယ်ဆုံးဖြစ်သော ကိုတင်စိုးသည်ပင်လျှင် ကျွန်တော့်ထက် ငါးနှစ်၊ ခြောက်နှစ်ကြီးသေးသည်ဖြစ်၍ အသက်အရွယ်ချင်းလည်းကွာ၊ ၀ါချင်း၊ သဘောချင်းလည်းကွာပါသည်။ သို့ရာတွင် တစ်ခါမှာ ကွင်းထဲရောက်က လူတိုင်းက ရွံ့ကြရသည့် ထိုသူများနှင့် ကျွန်တော်သည် ကွင်းထဲမှာပင် တွေ့ခဲ့ရသည်။ ပျဉ်းမနား သကြားစက် တွင် ဘောလုံးအသင်းနှစ်သင်းဖွဲ့ရာ ကျွန်တော်သည် ‘ အေ’ အသင်းတွင် ‘အရန်’ အဖြစ် နေရမည့်အစား ‘ဘီ’ အသင်းတွင်ပင် ကပ္ပတိန်လုပ်တော့မည်ဟု ဆုံးဖြတ်ပြီး ‘ဘီ’ သင်းမှ ကစားပါသည်။

တစ်နေ့သ၌ စက်ထဲမှကွင်းတွင်မှာပင် ‘အေ’နှင့် ‘ဘီ’ တို့နှစ်သင်းခွဲ၍ ယှဉ်ပြိုင်ကစားကြရသည်။ ရှေ့တန်းမှ တက်ကစားမည့် ကျွန်တော်သည် ‘အေ’ သင်းနောက်တန်း ကိုတင်ယုနှင့် မုချတွေ့ရပါတော့မည်။ ဘောလုံး ပညာ၊ ဘောလုံးဝါချင်း ဘယ်လိုမျှမယှဉ်နိုင်ပါ။ အားခွန်ဗလချင်းဖက်ပြိင်လျှင်လည်း ကိုတင်ယုက ဆွဲရမ်၍ လွှင့်ပစ်လိုက်လျှင် ကျွန်တော်သည် ဘောလုံးကွင်း အပြင်ဖက်သို့ ဖုတ်ခနဲကျသွားနိုင်သည်။ သူ့အနားသီ၍ ဘောလုံးဆွဲသွားလျှင်လည်း ကိုတင်ယုက ဘောလုံးရောလူပါ သိမ်းကျူံး၍ ကျွန်တော့်ကို ‘ချ’ လေတော့မည်။ ကျွန်တော့်မှာ လူတိုင်းလောက်နီးနီးက ကြောက်ရသည့် ကိုတင်ယုကို ကြောက်ရမှာ ကြောက်သည့် စိတ်က အတော်ကြီး ဖိစီးနေသည်။ သို့နှင့် မထူးပါဘူးဟု စိတ်ဆုံးဖြတ်လျက် ကျွန်တော် ဘောလုံးရသည့်အခါ သူတို့ ဂိုးပေါက်ထဲသို့ ဆွဲပြေးသည်။ ကိုတင်ယုသည် ကျွန်တော်ဆွဲလာသည်ကို ဘယ်လို ဖျက်ဆီးလျှင် ရမည်ဆိုတာကို တွက်ထားနိုင်ပြီးဖြစ်ရာ အေးဆေးစွာပင်ရှေ့မှဖျက်ဖို့ နေရာယူထားသည်။ နှစ်ဦးသား ပူးမိလုနီးလောက် အခြေအနေလည်း အရောက် ကိုတင်ယုက ဖျက်မည်လဲပြင်လိုက်စဉ် ကျွန်တော်သည် ‘ပြောင်’ ပင် (၀ါ) ‘ပေါ်တင်ကြီးပဲ’ သူ့ညိုသကျည်းကို ကန်ထည့်လိုက်ပါသည်။ ကိုတင်ယုသည် ဘောလုံးပြေးရာသို့လည်း ဆက်၍ မလိုက်ပါ၊ ကျွန်တော့်ကိုလည်း ဆွဲမထိုးဘဲ ရှေ့တွင် ရပ်လျက်သားကပင် “ဟာ ကိုတင်ဦး ခင်ဗျား ကျွန်တော့်ကို တောင် ချတယ်ပဲဗျ” ဟုပြောသည်။ “ ခင်ဗျားကို ဘာမို့လို့ မချရမှာလဲ” ဟု ကျွန်တော်က ခပ်တည်တည်နှင့် ထပ်ပြော လိုက်သေးသည်။ ကိုတင်ယုသည် ပြုံးလျက်သားဖြင်း ‘ သြော်….. ကိုတင်ဦး၊ ကိုတင်ဦး’ ဟူ၍သာ နှုတ်က ရွတ်နေလေသည်။

ကျွန်တော်သည် လူချရာတွင် နာမည်ကြီးသူ ကိုတင်ယုက အနိုင်ယူမည်ကို မခံလိုသည့်ဆန္ဒစွဲဖြင့် ငယ်စဉ် ဘောလုံးကစားလာသည့် ကာလတလျှောက်လုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် တစ်ဖက်လူက မတိုက်ခိုက် ဘဲနှင့် ကိုယ်ကအရင် စတင် တိုက်ခိုက်လိုက်ခြင်းမျိုးကို ပြုမိခဲ့ပေသည်။ သို့ရာတွင် ကိုတင်ယုသည် သူ့ထက် ငယ်သူနှင့် အားနည်းသူ ကျွန်တော့်ကို ဘယ်လိုမှ လက်ရုံးအားဖြင့် တုံ့ပြန်ခြင်းမပြုဘဲ သဘောထားကြီး ကြောင်းကို ပြသခဲ့ပေးပါသည်။ ထိုနေ့မှစ၍ ကျွန်တော် ကိုတင်ယုကို လေးစားချစ်ခင်သွားမိခဲ့ ပေသည်။

ထိုနေ့ ဘောလုံးပွဲက တည်ဆောက်ခဲ့သော ကျွန်တော်တို့၏ ချစ်ကြည်ရင်းနှီးမှုသည် ယနေ့ထက်တိုင် ခိုင်မြဲ လျက် ရှိနေသေးတော့သည်။

ဤအကြောင်းတွေကို ပြန်တွေးမိသည်မှာ (၁၉၅၅) ခုနှစ် မေလထုတ် ရီးဒါးဒိုင်ချက်စ်အဟောင်းထဲမှ ဗာဂျီနီး ယပ်စ် ဒက်ဘနေရေးသည့် ‘ မော်ကွန်းတင်လောက်သည့် လက်နက်ချပွဲ’ ဟူသော ဆောင်းပါးကို ဖတ်မိလိုက် သောကြောင့်ဖြစ်သည်။

(၁၈၆၀-၆၁) တွင် တောင်ပိုင်းပြည်နယ် (၁၁) ခုတို့သည် အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်ဖို့ ညီကာ Confederate States ဟူ၍ ဖြစ်လာခဲ့သည်။ ထိုခွဲထွက် ’ကွန်ဖက်ဒရိတ်’ တပ်များကို ဦးဆောင်သည့် ဗိုလ်ချုပ်ကြီး ရောဘတ်လီး၏ တပ်များနှင့် ပြည်ထောင်စုတပ်မတော်၏ ဗိုလ်ချုပ်ကြီး ယူလစ်ဆက်စ်ဂရန့်၏ တပ်များသည် (၁၈၆၅) ခုနှစ်၊ ဧပြီလတွင် ဗာဂျီးနီးယားပြည်နယ် အက်ပိုမက်တောက်စ်တွင် တွေ့ကြသည်။

ဂရန့်သည် တောင်ပိုင်းတပ်များမှ ဗိုလ်ချုပ်ကြီး ဗစ်စ်ဘာ့ဂ်ကို လက်နက်ချစေခဲ့ပြီး မစ္စ္စစ္စပိမြစ်ကိုလည်း ထိန်းချုပ် မိလိုက်ပြီး ဖြစ်၍ တောင်းပိုင်းခွဲထွက် ပြည်နယ်များကို နှစ်ခြမ်းပိုင်းပစ်နိုင်ခဲ့ပြီးဖြစ်သည်။ သူ့အား သမ္မတ လင်ကွန်းက မြောက်ပိုင်း ဗာဂျင်းနယား တပ်မတော်ကြီးကို ချေမှုန်းပြီး ရစ်ခ်ျမွန်ကို အရသိမ်းဖို့ ညွှန်ကြား ထားသည်။

ဗိုလ်ချုပ်ကြီး ရောဘတ်လီး၏ တပ်မတော်မှာ သမ္မတလင်ကွန်းက ချေမှုန်းခိုင်းထားသည့် တပ်မတော်ကြီးပင် ဖြစ်သည်။

ထိုအချိန်က ဂရန့်၏အသက်မှာ (၄၂) နှစ်၊ ရောဘတ်လီး၏အသက်မှာ (၅၇) နှစ်၊ ဗိုလ်ချုပ်ကြီးလီးသည် စစ်အင်အားချင်းမမျှ မိမိတပ်ထက် အဆမတန်သာသည့် ဂရန့်၏ ပြည်ထောင်စုတပ်မတော်ကို တွေ့ရာ နေရာ တိုင်းတွင် အထိအခိုက် အကျအဆုံးများအောင် တိုက်လာခဲ့သူဖြစ်၍ မြောက်ပိုင်းသားတို့က လေးစား ခန့်ညားရသူစစ်သားကြီး ဖြစ်သည်။ ယခုမူ သူ့စစ်သားတွေသည် မျက်တွင်းဟောက်ပက်နှင့် ဖြစ်နေကြလေပြီ။ ရိက္ခာလည်း ပြတ်နေချေပြီ။ ကိုယ့်မြင်းတွေ, မြည်းတွေကျွေးသည့် အစာထဲမှ ခွဲဝေလုယူစားမည် ဆိုတောင်မှ လည်း ရက်ပိုင်းမျှလောက်သာ ခံမည်။ သူသည် ပထမက မြောက်ကာရိုလိုင်းနားပြည်နယ်ဘက်သို့ ဖောက်ထွက် သွားမည်ဟု ကြံရွယ်ထားသည်။ ရောက်နေသောဒေသသည် ရွံ့နွံထူရာဒေသဖြစ်၍ စစ်လှုပ်ရှားမှု မပြုနိုင် လောက်အောင် ဖြစ်နေချိန်တွင် ဂရန့်၏မြင်းတပ်များက ၀က်ခေါင်းထိုးဆင်းလာခဲ့ပြီး ခြေသည်စစ်သားများရော မြင်းစီးတပ်များနှင့်ပါ လေးဘက်လေးတန်မှ ညှပ်ပိတ်ထားလိုက်သဖြင့် အက်ပိုမက်တောက်စ်ဒေသန္တရ အုပ်ချုပ်ရေးရုံးအနီးတွင် လှုပ်မရတော့ပဲ ထိုမူလအကြံကိုလည်း စွန့်လွှတ်လိုက်ရတော့သည်။

ထိုကြောင့်ဗိုလ်ချုပ်ကြီးလီးသည် ဗိုလ်ချုပ်ကြီးဂရန့်နှင့် တွေ့ဆုံဆွေးနွေး၍ လက်နက်ချရန်မှအပ ရွေးစရာလမ်း မရှိတော့ပေ။ သို့ဖြင့် ဧပြီလ () ရက်တွင် ဂရန့်ထံသို့ ကမ်းလှမ်းစကား ပို့ခိုင်းလိုက်သည်။ သူ့စစ်ဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး မာရှယ်ကိုလည်း လက်နက်ချစည်းကမ်း သတ်မှတ်ရန် ဆွေးနွေးမည့်နေရာကို ရှာခိုင်းထားသည်။ သူကမူ အက်ပိုမက်တောက်စ်မြစ် တစ်ဖက်ကမ်းမှ ပန်းသီးပင် တစ်ပင်အောက်တွင် စောင့်နေသည်။ ဂရန့်ထံမှ စကားပြန်ကြားချက်ရသော် အကောင်းဆုံးယူနီဖောင်းနှင့်၊ အလှဆုံးဓားကို လွယ်ကာ ‘ခရီးသည်’ ဟုအမည်ရှိသော သူ၏ နာမည်ကျော်မြင်းကို စီး၍ အချိန်းအချက်ပြုရာ နေရာသို့ သွားသည်။ သူနှင့် ဗိုလ်ချုပ်ကြီးမာရှယ်တို့က ဂရန့်အရင် အရောက်သွားနှင့်သည်။ ဂရန့်သည် မကြာခင်မှာပင် ရွံ့အလူးလူး စစ်မြေပြင်ဝတ် ယူနီဖောင်းနှင့် ရေးကြီးသုတ်ပျာ ရောက်ချလာသည်။ ဗိုလ်ချုပ်ကြီးလီး သူ့အား ကြာကြာ စောင့် မနေရစေလိုသဖြင့် ယူနီဖောင်းသစ်လဲမနေနိုင်တော့ခြင်းပင်။

သူတို့နှစ်ဦးသည် လွန်ခဲ့သော (၁၇) နှစ်က မက္ကဆီကန်စစ်ပွဲတွင် သာမန်စစ်ဗိုလ်များအဖြစ်နှင့် ပါဝင် သိကျွမ်းဖူးခဲ့သူများ ဖြစ်ရာ လက်နက်ချရန် လာရောက်ဆက်သွယ်သည့် ရန်သူဗိုလ်ချုပ်ကြီးကို ဂရန့်က ရှေးဟောင်း နှောင်းဖြစ်တွေ ပြောရင်း ဧည့်ခံနေသဖြင့် ယခုလာတွေ့သည့် အရေးကိစ္စအကြောင်းကို ဗိုလ်ချုပ်ကြီးလီးက ပြောပြ သတိပေး ယူရသေးတော့သည်။

ကိုယ့်လက်ခုပ်အတွင်းက ရေအဖြစ်ရောက်နေသော တောင်းပိုင်းတပ်မတော်ကြီးအား ဂရန့်သည် သွန်လိုသွန်၊ မှောက်လိုမှောက်ပြုနိုင်သည့် အခြေအနေရောက်နေပါသော်လည်း ထိုသို့မပြုခဲ့။ နောင်တွင်တဖန် အမေရိကန် ပြည်ထောင်စုအား လက်နက်စွဲ၍ ပြန်မတိုက်တော့ပါဟု ကတိသစ္စာပြုနိုင်ပါလျှင် တပ်ဗိုလ် တပ်သား အားလုံးကို ဘာမှမလုပ်ဘဲ မိမိတို့ နေအိမ်အသီးသီးတို့ ပြန်ခွင့်ပြုပါမည်ဟု ဂရန့်ကအဆိုပြုလေသည်။ ဗိုလ်ချုပ်ကြီးလီး သည် သူ့လူတွေအား ထောင်ထဲသို့ ချီတက်မသွားစေခဲ့သဖြင့် လွန်စွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွား လေသည်။

ဒါတောင် ပြောစရာရှိပါက ပြောပါဦးဟု ဂရန့်က ပြောသဖြင့် ဗိုလ်ချုပ်ကြီးလီးက သူ့မြင်းတပ်သားများသည် မိမိတို့ စီးသော မြင်းများကို ကိုယ့်ဌာနေပြန်လျှင် လယ်ယာစိုက်ပျိုးခွင့်သို့ ယူဆောင်သွားခွင့် ပြုနိုင်ပါ မည်လောဟု မေးကြည့်ရာ ဂရန့်က ထိုတောင်းဆိုချက်ကိုလည်း ခွင့်ပြုလိုက်ပါသည်။ ထိုနောက် ရန်သူ ဗိုလ်ချုပ်ကြီးက မိမိလက်တွင်း၌ ပြည်ထောင်စုတပ်မတော်ကြီးမှ စစ်သားသုံ့ပန်း (၁၀၀၀) လောက်ရှိနေပါသည်။ မိမိတို့မှာ ရိက္ခာပြတ်နေပြီဖြစ်ပါ၍ ထိုပြည်ထောင်စု တပ်မတော်သား သုံ့ပန်းများအတွက် စားနပ်ရိက္ခာပေးနိုင်က ပေးစေလိုကြောင်း ပြောသည့်အခါ ဂရန့်သည် ဗိုလ်ချုပ်လီး၏တပ်မတော်တွင် လူနှစ်သောင်းခွဲလောက်တော့ ကျန်နေလိမ့်ဦးမည်ဟု တွေးကာ ကိုယ့်စစ်သားလူတစ်ထောင်အတွက် တောင်းသည့်ရိက္ခာကို သူ့စစ်သား နှစ်သောင်းခွဲ အတွက်ပါ ပေးလိုက်ပါသည်။

ပြောဆိုပြီးစီး၍ ဆွေးနွေးသည့် အဆောက်အအုံမှ ဗိုလ်ချုပ်ကြီးလီး ထွက်လာသည့်အခါ ပြည်ထောင်စု တပ်မတော်မှ အရာရှိများက မတ်တပ်ရပ်၍ အလေးပြုကြသည်။ ဗိုလ်ချုပ်ကြီးလီးသည် သူ့မြင်း ’ခရီးသည်’ အပေါ်တက်၍ သူ့ဌာနချုပ်သို့ ပြန်သွားရာ သူဖြတ်သွားရာ လမ်းတလျှောက်၌ တွေ့ရသည့် အရာရှိများနှင့် ရဲဘော်များက ၀မ်းသာရွင်မြူးကြိုဆိုကြသည်။ စိတ်မထိန်းနိုင်၍ သူ့မျက်နှာ မရွင်မပျဖြစ်နေသည်ကို သူ့လူများ မြင်ကြသော် သူ့တဲအတွင်းသို့ပါ ၀ိုင်းအုံလိုက်လာပြီး မေးကြသည်။ ဗိုလ်ချုပ်က အသံတုန်တုန်ရီရီဖြင့် သူတို့ ကိုယ့်အိမ် ကိုယ့်ရာ ပြန်ရတော့မည့် အကြောင်း၊ လက်နက်ချစည်းကမ်းကို ပြောပြရာ အားလုံးသည် ငိုကြွေးကြ ကုန်၏။ ဗိုလ်ချုပ်ကြီး နှုတ်ကသာ မိန့်လိုက်ပါ။ ကျွန်တော်တို့ အသေခံ၍ ဆက်တိုက်ကြပါမည်ဟု ပြောကြသည်။ (မည်သည့် ခေါင်းဆောင်ကောင်းသည် မိမိနောက်လိုက်များကို သေတွင်းသို့ ပို့ရက်ပါသနည်း။)

နောက်တစ်နေ့ ဧပြီလ (၁၁) ရက်တွင် ဗိုလ်ချုပ်ကြီးလီးသည် ဗိုလ်မှူးကြီးမာရှယ်ရေးထားသော နှုတ်ဆက်မိန့် ခွန်းကို တစ်လုံးနှစ်လုံးသာပြင်၍ သူ့တပ်အားဖတ်ပြနှုတ်ဆက်သည်။ နောက်တစ်နေ့ဧပြီလ (၁၁) ရက်တွင် လက်နက်ချပွဲ ကျင်းပရာ အက်ပိုမက်တော့က်စ် ဒေသန္တရအုပ်ချုပ်ရေးရုံးနားမှ ရွာကလေးသို့ တောင်ပိုင်း တပ်တွေ တန်းစီချီလာရာ လမ်းဘေးဝဲယာ၌ ပြည်ထောင်စုတပ်မတော်မှ ဗိုလ်ချုပ်ကြီး ချိန်ဘာလိန်၏ တပ်မဟာ နှစ်ခု၏ တပ်သားများက တန်းစီစောင့်နေကြပြီး ဆီးကြိုအလေးပြုကြသည်။ ကွန်ဖက်ဒရိတ် တပ်မတော်မှ တပ်ဗိုလ်တပ်သားများသည် ပြန်လည်အလေးပြုပြီး တပ်မကြီးအလိုက် မိမိတို့ လက်နက်များနှင့် စစ်အလံများကို ချပုံပေးအပ်ခဲ့ကြရသည်။

နောင်တွင်ထိုနေ့က အတွေ့အကြုံကို ဗိုလ်ချုပ်ကြီးချိန်ဘာလိန် ပြန်ပြောပုံအရသော်၊ စစ်ရှုံးတပ်လက်နက်အပ် သည့်ပွဲ၌ အောင်ပွဲရတပ်က ဘာဘင်သံ၊ ခရာသံမှမပြု၊ လေသံတိုးတိုးမျှပင်မထွက်ကြပဲ တိတ်ဆိတ်ခြင်းကြီး စွာဖြင့် ငြိမ်သက်နေခဲ့ကြသည်ဟုဆိုသည်။

ဗိုလ်ချုပ်ကြီးလီးသည် သူ့တဲအတွင်းမှာပင် ကျန်ရစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးဂရန့်သည် လက်နက်ချပွဲမပြုမီကလေး ကပင် သူအနိုင်ရလိုက်သော စစ်တပ်ကြီးတစ်ခုအရှက်ရလောက်သည့် ကြေကွဲဖွယ်မြင်ကွင်းကို မမြင်ရက်၍ အက်ပိုမက်တော့က်စ်မှ ထွက်ခွာသွားခဲ့သည်။ ဗိုလ်ချုပ်ကြီးလီးသည် သူ့တပ်ဗိုလ်တပ်သားများတို့ မိမိနေရပ် ဌာနေသို့ ပြန်ကြရန်တာစူနေကြသည့်အခါ မိမိတစ်ဦးတည်းရက်ခ်ျမွန်သို့ ထွက်ခွာသွားခဲ့သည်။ သူကနေပါ စေဟု ဆိုသော်လည်း ဂရန့်၏မြင်းစီးတပ်သား (၂၅) ဦးတို့က သူ့အားခြံရံလိုက်ပါလျက် ခရီးတစ်မိုင်ကျော် နှစ်မိုင်လောက် ပေါက်သည်အထိ လိုက်ပို့ပေးခဲ့သည်။

ထိုနေ့ကအဖြစ်အပျက်ကို ရည်ညွှန်း၍ ဆာဝင်စတန်ချာချီက “လူကြီးလူကောင်းများတိုက်ခဲ့သော နောက်ဆုံးစစ်ပွဲ” ဟု နောင်သောအခါတွင် စာပေအက္ခရာကမ္ဗည်းတင်ခဲ့လေသည်။

ထိုတောင်-မြောက်ပြည်တွင်းစစ်ပွဲတွင် သူရဲကောင်းကြီးဖြစ်ခဲ့သူ ဂရန့်သည် စစ်အပြီး နောက်လေးနှစ် အကြာ သမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သဖြင့် (၁၈၉၆) တွင် အမေရိကန်၏ (၁၈) ယောက် မြောက် သမ္မတ ဖြစ်လာသည်။ ဗိုလ်ချုပ်ကြီးလီးသည် ဂရန့်သမ္မတဖြစ်တော့ အိမ်ဖြူတော်မှာ သွားတွေ့သေးသည်။ မက်လောက်ဖွယ် ရာထူးတွေပေးသော်လည်း မယူဘဲ ဗာဂျင်နယားပြည်နယ် လက်ဇင်တန်မြို့ရှိ ၀ါရှင်တန် ကျောင်းကလေး၏ ဥက္ကဌအဖြစ်သာ ဆောင်ရွက်ရင်းကွယ်လွန်သွားသည်။

သူသေပြီးနောက်ရက်ခ်ျမွန်တွင် တောင်ပိုင်းတပ်မှ စစ်ပြန်များအတွက် ဂေဟာတည်ဆောက်ကြရာ သမ္မတဂရန့် သည် အလှူငွေဒေါ်လာ (၅၀၀) ထည့်သည့်အပြင် များစွာအားပေးခဲ့ပါသည်။ ဂရန့်သည် သူ့အထက်က သမ္မတ လင်ကွန်း ရှေ့ဆောင်လမ်းပြသွားသည့် အတိုင်း “ကိုယ့်နိုင်ငံရဲ့ ဒဏ်ရာဒဏ်ချက်များကို စည်းနှောင်ပေး ရမယ်” ဟူသော သြ၀ါဒစကားကို လိုက်နာကာ တောင်နှင့်မြောက်အကွဲ ဒဏ်ရာဒဏ်ချက်များကို ပျောက် သွားအောင် ကြိုးစားခဲ့သည်။ ထိုရက်ခ်ျမွန်မှ တောင်ပိုင်းစစ်သားများဂေဟာ ရန်ပုံငွေပွဲသို့ မတက်ဖြစ်နိုင်၍ မတက်နိုင် ခဲ့သော်လည်း အားပေးသည့်သ၀ဏ်လွှာပို့ခဲ့သေးသည်။ တစ်ချိန်က “ စစ်ပွဲတွင် သူသေကိုယ်သေ ရင်ဆိုင်တွေ့ လာခဲ့ကြသူများသည် ယခုအခါ အကောင်းဆုံး မိတ်ဆွေများအဖြစ်သို့ ရောက်နိုင်ခဲ့ပြီ” ဖြစ်ပုံကို သူ့သ၀ဏ်လွှာ တွင် ဖော်ပြခဲ့သည်။

ကျွန်တော်သည် ဖော်ပြပါ စာဟောင်းတစ်ပုဒ်ကို ဖတ်မိရင်း ဗိုလ်ချုပ်ကြီးလီး၏ နေရာက၀င်၍ ခံစားမိကာ မိမိစိတ်မှာ အလွန် ကရုဏာသက်မိသွားသလို ပြည်ထောင်စုကြီး အပြိုကွဲမခံနိုင်၍ အနိုင် တိုက်နေရသော် လည်း နိုင်လိုက်သောအခါ ကိုယ်က အနိုင်ရထားသူအပေါ်မှာ အစွမ်းကုန် သဘောထားကြီးပေးနိုင်သော ဗိုလ်ချုပ်ကြီး ဂရန့်၏ စိတ်ဓာတ်ကိုလည်း မအံ့သြ၊ မချီးမွမ်းဘဲ မနေနိုင်ခဲ့ပါပေ။ လဲသူကို ထ, ထောင်းသော အမှုမျိုးကို သဘောထားကြီးသူတို့ ပြုလိုစိတ်မရှိကြပါပေ။

ထိုစာကို ဖတ်ပြီးနောက် ကျွန်တော့်ဖခင် ကျွန်တော်ငယ်စဉ်က ပြစ်တင်ဆုံးမခဲ့ဖူးသော “ နိုင်သူအပေါ်အ နိုင်ယူခြင်းမျိုးသည် သေးသိမ်သော စိတ်ဖြစ်သည်” ဟူသော စကားကိုလည်းပြန်လည်တွေးနေမိပါသည်။

တကယ်တော့ သဘောထားကြီးကြီးထားခြင်းမျိုးသည် လူတစ်ဦးအတွက်လည်းလိုအပ်၍ တစ်မျိုးသားလုံး အတွက်လည်း အရေးကြီးလှပေသည်။

(စရဏမဂ္ဂဇင်း - ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ - အတွဲ- ၂၊ အမှတ်- - စာမျက်နှာ- ၂၀ မှ ၂၃ အထိ - ဦးတင်ဦး-ကျူရှင် ရေးသားသော သဘောထားကြီးချင်းကို ပြန်လည်ဖော်ပြပါသည်။)

1 comment:

ဂျစ်တူး - gyit_tu said...

ဒီပို့စ်လေးတွက် ကျေးဇူးပါပဲ ကိုဟန်ညီ ။

တောင်ပတ်လမ်းဖောက်သူများပို့စ်ထဲမှာ စာပိုဒ်တခုကိုလည်း ကျမဘလောဂ့်ရဲ့ စာပေအိုးမှာ တင်ထားပါတယ် ။