ကျနော့်ဘလော့ သပိတ်မှောက်ပြီ

ဆရာမမေငြိမ်း ဘလော့မှာ ဘလော့ဂါမောင်နှမများအား တပ်မတော်သားတွေ အပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာနဲ့ ပတ်သက်ပြီး Tag လုပ်တာတွေ့လို့ ကျနော်ရေးချင်စိတ် ပေါက်လာတယ်။ နောက် ကျုပ်တို့ ဘယ်နေရာရောက်ရောက် ဘယ်ကမ္ဘာရောက်ရောက် ကိုယ့်နိုင်ငံအတွက်ဆိုရင် အနည်းဆုံးတော့ ကိုယ့်ဆန္ဒကို ကိုယ့်ပြနိုင်အောင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တစ်ယောက်ထဲဖြစ်ဖြစ် ပြနိုင်အောင် ကြိုးစားရမယ်။ တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးပမ်းနေရမယ်။ အဲသလို ကျနော်ခံယူပါတယ်။ ဒါကြောင့် ကျနော်သည်စာကို ရေးပါတယ်။ ဘယ်သူကိုယ်မှလည်း ကျနော်မဖိတ်ခေါ်ပါ၊ ရေးကြပါလို့ မတိုက်တွန်းပါ။ စစ်တပ်၊ စစ်အာဏာရှင်၊ စစ်အစိုးရ၊ တပ်မတော်ကို ကျနော် ကြိုးစားကာ သူတို့အပေါ် ဘယ်လိုသဘောထားမည်ကို ရေးကြည့်သည် စဉ်းစားကြည့်သည်။ သို့သော် ဘယ်လိုမှ စည်းရုံးရေးသဘော၊ ချော့သည့်သဘော ပြောလို့ကို မရ။ ထို့ကြောင့် ကျနော် မရေးတော့ပါ။ ကျနော့် အသိအရ ကျနော်တို့ စစ်တပ်၊ တပ်မတော်တစ်ခုလုံးကို တိုက်နေခြင်း မဟုတ်။ စစ်အစိုးရကို ဖြုတ်ချပစ်ရမည်၊ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ ပျောက်ကွယ်သွားအောင် ကြိုးစားကြရမည်။

ကျုပ်တိုင်းပြည်အပေါ် ဖြစ်လိုသည့်စေတနာက တိုင်းပြည်အပြောင်းအလဲကို အငြင်သာဆုံးနည်း၊ သွေးထွက် သံယိုမဲ့သောနည်းဖြင့် ပြောင်းလဲလိုပါသည်။ လူတိုင်းလည်း ထိုကဲ့သို့ပင် လိုချင်ကြပါသည်။ နောက် အခုအာဏာရှင်ကိုဖြုတ်ချတာ၊ နောက်အာဏာရှင်အတွက်ဆိုတာမျိုးအတွက် မဟုတ်ပါ။ သို့သော် ကျနော်ဖြစ်ချင်သော အပြောင်းအလဲမျိုးက ပြောသလောက် မလွယ်ကူပါ။ ကျနော်တို့ ဘီလူးကြီး ဘယ်အချိန် ဘီလူးဆိုင်းတီးမည်လဲ ခန့်မှန်းလို့မရ။ နောက်ဆုံး ထွက်သက်အထိ ကြိုးစားလိမ့်အုံးမည်။

သန်းရွှေပြုတ်ကျတာ စစ်အာဏာရှင်စနစ် ပျက်သုန်းတာမဟုတ်။ စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအထိ ဆောင်ရွက်ရမည်။ မည်ကဲ့သို့သော် အာဏာရှင်စနစ်မျိုးမှ ထက်မပေါ်အောင် ကန့်သတ်နိုင်ရပါမည်။

ယခုလှုပ်ရှားမှုတွေကို ဘယ်သူက သမိုင်းတင်တင် မတင်တင် ကျနော်ကတော့ တင်လိုက်ပါသည်။ အဖြူရောင် (ကျောင်းသား)နဲ့ စတင်ခဲ့တဲ့ လှုပ်ရှားမှုက ဒီကနေ့ မြန်မာ့မြေပေါ်မှာ သံဃာတော်အရှင်သူမြတ်များက ဦးဆောင်ကာ မေတ္တာတရားဓာတ်ကို ဖုံးလွမ်းပြီး အောင်ခြင်းကို ရှာတာကို မေတ္တာတော်လှန်ရေး (Metta Revolution) ဒါမှမဟုတ် မေတ္တာအောင်ပွဲ (Metta Victory) လို့ ကျနော်သတ်မှတ်တယ်။

ပွဲကအခုမှ တကယ်စပါတော့မယ်။ ကျုပ်တို့ ပြည်သူတွေ -

ပြည်သူစစ်သား တို့စစ်သားလို့အော်ပြီး ကြိုဆိုကြရအုံးမှာလား

ပြည်သူ့စစ်သား ကျမယောက်ျားဆိုတာကို ပြန်ကြားရအုံးမှာလား

- ဆိုတာ အားလုံးနဲ့ သက်ဆိုင်သွားပါပြီ။ ကျနော်ရီစရာ ပြောနေခြင်းမဟုတ်ပါ။

ဒီတစ်ခေါက်တော့ ထိုကဲ့သို့ ကျမယောက်ျားဆိုတာအော်ရန် အလှည့်မရောက်နိုင်တော့ဟု ကျနော် မျှော်လင့်ပါသည်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်ရင်း အလုံးစုံသော အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ ဖယ်ထုတ်ရေးအထိ ကြိုးပမ်းသွားနိုင်မည့် အခြေအနေများ လက်တကမ်းတွင် ရှိနေပြီးဖြစ်သည်။ ထိုအခွင့်အရေးကို အရယူနိုင်ဖို့တော့ လိုအပ်ပါသည်။

နောက်ဆုံးအနေနှင့် ကျနော် ကမ္ဘာကြီး တစ်ခုလုံးကြားအောင် အော်ပြောချင်သည်မှာ-

စစ်အာဏာရှင်စနစ် အကုန်အစဉ်ဖျက်သိမ်းရေး

ပင် ဖြစ်ပါသည်။

ကျော်ဝင်း

No comments: