April Fools and I

ဧပရယ်ဖူးနဲ့ ဆုံရခြင်း

ကျုပ်တို့ကျောင်းက လွင်တီးခေါင်ခေါင် ပတ်ကြားအက်မှာ ရှိတယ်ဆိုတော့ မတ်၊ ဧပြီ နှစ်ဝက်စာမေးပွဲက ဘယ်လောက် ညစ်ထေးပူလောင် စုတ်ပြတ်နေမယ် ဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ အဲဒီ ညစ်ထေးထေး ပူလောင်ရတဲ့ ခံစားချက်များနဲ့အတူ ကျုပ်ဧပရယ်ဖူးကို ဒီနေ့ ပြန်တွေ့ခဲ့ပါသည်။

(ဒီနေရာမှ ယူပါသည်။)

ကျောင်းမှာ ရေကန်တစ်ခု ရှိတယ် သိပ်ပြီး လွမ်းမောဖွယ် ကောင်းတယ်။ ဘယ်လောက် ကောင်းသလဲ ဆိုရင် ပေ ၅၀ သာသာ ရေကန်ဘေးမှာ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်ဆိုသလိုဘဲ မိုးရွာရင်တောင် သူ့ကိုမလဲအောင် အမိုးမိုးပေရမယ့် မြေပေါက်ပင် တစ်ပင် ရှိသတဲ့။ အဲဒီအောက်တည့်တည့် မှာ ခနော်နီခနော်နဲ့ ချစ်သူတွေ ထိုင်ဖို့ ခုံတန်းလျားလေး တစ်ခု ရှိနေလေရဲ့။ ကျုပ်တို့ ကျောင်းက သူများ လယ်တွေသိမ်း ဆောက်ခဲ့တာ ဆိုတော့ ရေကန်ကလည်း နွားရေသောက်တဲ့ ရေကန် ဖြစ်ပါလိမ့်မယ်။

သိပ်အထင်သေး မသွားပါနဲ့ ကျုပ်တို့ စာသင်ရတာက သုံးထပ်ကျောင်းတွေကြီးဘဲ။ သင်ထောက်ကူ ပစ္စည်းကတော့ တကယ့်ရှယ်ပါ။ လိုအပ်တာ အကုန် အပြင်မှာ ဝယ်ရင်ဝယ်၊ ကျောင်းမှာ ဝယ်ရင်တော့ တရုတ်တောင် ကောင်းကောင်းမရဘူး။ လေ့ကျင့်ဖို့ စက္ကူကြီးကြီးဆို ဘားပြာအချပ်ကြီးတွေ ရှိတယ်။ စာကြည့်တိုက်မှာ ထူးထူးခြားခြား တွေ့ရတာက စာရေးစားပွဲ တစ်ခုလုံး အပြည့်ရှိတဲ့ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်ကြီး တစ်အုပ်ရှိတယ်။ ဘယ်လောက်ကြီးလည်းဆို စာအုပ်ဖွင့်ဖို့ ပိတ်ဖို့ အနည်းဆုံး အားကောင်း မောင်းသန် ယောက်ျားကြီး တစ်ယောက် ရှိဖို့ လိုအပ်သတဲ့။ ခတ်တာက အဲသည့်မှာက ကျုပ်တို့ လေ့လာရမယ့် ဘာသာရပ်ဆိုင်ရာတွေ တော်တော်ရှားတာပါ။ ကျုပ်တို့ကျောင်းကို အဲဒီတုန်းက ဂျပန်ကတို့၊ တရုတ်ကတို့ လှူတာတွေ သတင်းစာထဲ ပါပါလာတာတော့ တွေ့ရသတဲ့။

ကျုပ်တို့ ရှိတုန်းကတော့ စာသင်ဆောင် နှစ်ဆောင်ပဲ ကြီးကြီးမားမား ရှိတယ်။ သုံးထပ်ကျောင်းဆောင်ကြီး နှစ်ဆောင် လယ်ကွင်းခေါင်ခေါင်မှာ ဟီးလို့ပေါ့။ စာပေပညာဌာနနဲ့၊ နည်းပညာဘာသာရပ်ဌာနလို့ နှစ်ဆောင်ခွဲထားတယ်။ စာပေဌာနကတော့ ကျုပ်တို့ကို စာပေဗဟုသုတတွေ ပိုမိုပြည့်စုံအောင် ၉တန်း၊ ၁၀တန်းမှာ အင်္ဂလိပ်လို သင်ခဲ့ရတဲ့ သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲ၊ သင်္ချာဘာသာတို့ကို မြန်မာလို ပြန်ပြီး သင်ခဲ့ရသတဲ့။ တော်သေးတာက အင်္ဂလိပ်စာကို အင်္ဂလိပ်လိုပဲ သင်ရလို့။ အဲဒါတွေကို မိုင်နာဘာသာရပ်များလို့ သတ်မှတ်တယ်။ ပြဿနာက ကျုပ်တို့ အထက်တန်းမှာ အင်္ဂလိပ်လို နားလည်လည် မလည်လည် အော်ကျက်ခဲ့ရတဲ့ အင်္ဂလိပ်လိုတွေကို မြန်မာလို ပြန်သင်ရတာက တကယ့်ဒုက္ခကြုံတာပါ။ နောက်ဆုံးနှစ်အထိ ကျုပ်တို့ အရင် စီနီယာတွေ သင်ခဲ့ရတယ် ဆိုသတဲ့။ ဒီတုန်းက ကိုယ့်ကိုကိုယ် ထင်ခဲ့တာ အတော်သနားစရာ ကောင်းတဲ့ သတ္တ၀ါပေါ့။

ကျုပ်နားမလည်တာ ဘာကြောင့် သည်မိုင်နာ သင်ရိုးတွေကို ဘယ်ဉာဏ်ကြီးရှင်က ထည့်ခဲ့တာလဲ ဆိုတာပါ။ အဲဒီတုန်းကတော့ နိုင်ငံတကာက ကျောင်းများလည်း ကျုပ်တို့ ကျောင်းတော်ကြီးလို လုပ်နေကြသလားလို့ တွေးထင်ခဲ့မိသေးတယ်။ ကပ်ကပ်သပ်သပ် ထပ်စဉ်းစားတာ ဥပမာ ဓာတုဗေဒဆို ကျုပ်တို့ ပန်းချီသမားတွေ၊ ပန်းပုသမားတွေ ဆေးပစ္စည်းတွေ ထွင်လို့ရအောင်၊ ရွံ့ကို ပိုအချိုးအစားကြအောင် လုပ်နိုင်ဖို့ အတွက်လား။ ဂီတသမားဆိုလည်း ရူပဗေဒက သူတို့ ဆိုတီးလိုက်တဲ့ အသံလှိုင်းအလျား ဘယ်လောက် ရှိသလဲ တွက်ချက်ဖို့လား။ ဒါမှမဟုတ် ကျုပ်တို့က မြန်မာ့နည်းမြန်မာ့ဟန် အနုပညာ ကျောင်းတော်ကြီးမို့လို့လား မသိတော့ပါ။ ဒါမှမဟုတ် သင်စရာနည်းတွေ နည်းတာကို ဖြည့်တာလည်း ဖြစ်နိုင်ပါတယ်လေ။

နောက် ကျုပ်တို့ရဲ့ မေဂျာဘာသာ ဖြစ်တဲ့ ကိုယ့်ဆိုင်ရာ ဆိုင်ရာ အနုပညာ ဘာသာရပ်တွေ ဖြစ်တဲ့ ဂီတ၊ ဇာတ်သဘင်၊ ပန်းချီ၊ ပန်းပုတို့ ဖြစ်တယ်။ အဲဒါက နောက်တစ်ဆောင်ဖြစ်တဲ့ နည်းပညာဘာသာရပ်ဆောင်။ အဲဒီအဆောင်ရဲ့ အောက်ထပ် အဝင်မှာ ဆိုင်းဘုတ်ကြီးကြီးနဲ့ ကျောင်းရဲ့ ရည်ရွယ်ချက်တွေနဲ့ ဂုဏ်ပုဒ်တွေကို ကျုပ်တို့ရဲ့ အတွင်းရေးမှူး (၁) ဦးခင်ညွန့် လက်မှတ်နဲ့ ခမ်းခမ်းနားနား ဖော်ပြထားသတဲ့။ ကျုပ်အမှတ်ရတာ ရိုးရာယဉ်ကျေးမှု မြှင့်တင်ရေးနှင့် ဇာတိဂုဏ်မြင့်မားရေးအတွက် ဆိုတဲ့အချက်ပါ။ ကျုပ်တို့ရဲ့တာဝန်က ကျုပ်တို့ အမျိုးသားရေးလက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းရေးလို့ ဆိုထားပါတယ်။ ဒါကြောင့် ထင်ပါ့ ကျုပ်တို့ ပန်းချီ၊ ပန်းပုမှာ အနောက်တိုင်း ပန်းချီကို သင်ကြားခွင့် ရခဲ့ပေမယ့်၊ ဂီတဆိုလည်း ဂီတ၊ ဇာတ်သဘင်ဆို ဇာတ်သဘင် အားလုံးနီးနီးက ရိုးရာထဲက မထွက်တော့ပါဘူး။ ဖျာလိပ်ထဲ ခွေးဝင်သည့်ပုံစံနဲ့ အလားသဏ္ဍာန်တူပါသတဲ့ (ကျုပ်အမြင်ကို ပြောဆိုခြင်းပါ)။

ဒါတောင် ကျုပ်တို့ ဆရာတစ်ယောက်က ကြီးကြီးကျယ်ကျယ် သူများစကား အမြဲယူယူ မှတ်ချက်ပြုတာက တွင်းတစ်ကြီးက ပြောတယ် စိန်ဗေဒါလို လူမျိုးဆယ်နှစ်လောက်မှာ တစ်ယောက်ထွက်ရင် တော်ပါပြီလို့ ဆိုသတဲ့။ မှတ်သားလောက်ပါသတဲ့။ ကိုယ့်ဖာသာ ဝါးလုံးခေါင်းထဲ လသာပြီး သူများကို ဘယ်လို ယှဉ်မလည်း၊ သည်လောက် ချုပ်ချယ်ထားတဲ့ သင်ရိုးမျိုးတွေနဲ့ ဘယ်လို လူမျိုးတွေ စိန်ဗေဒါလို ဖြစ်လာပါ့မလည်း စဉ်းစားကြည့်ကြပါ။ ပန်းချီ၊ ပန်းပုဆို မော်ဒန်တို့၊ ပို့စ်မော်ဒန်တို့ဆို တီဆားတို့တဲ့ ခေါင်းစဉ်တွေ ဖြစ်နေစေတယ်။ ဘရိတ်ဒန့်စ်တို့၊ ဘောဒန့်စ်တို့ဆိုရင်တော့ ပြောစရာ စကားမရှိတော့ဘူးပေါ့။ ကျုပ်တို့ လူမျိုးသိပ်ယဉ်ကျေး ဆိုသတဲ့။ ဒါကြောင့် စိန်ဗေဒါလို လူမျိုး ထွက်ခဲ့ရင်တောင် ကျုပ်တို့ကျောင်းကြောင့်တော့ မဖြစ်နိုင်ဘူး၊ အဲဒီလူရဲ့ ကိုယ်တိုင်ကျိုးစားမှုကြောင့်ဘဲ ဖြစ်ပါလိမ့်မယ်။

နောက် ကျုပ်တို့ ဆရာတွေရဲ့ အရည်အချင်းကို အနည်းဆုံး ဘွဲ့ရ၊ ဆယ်တန်းအောင်မှ ဆိုပြီး ကန့်သတ်သတဲ့။ ဒါဆို တကယ်တော်တဲ့ အနုပညာသည်တွေထဲမှာ ဆယ်တန်း အောင်ခဲ့တာ၊ တက္ကသိုလ်ဘွဲ့ရခဲ့တာ လက်ချိုးရေလို့ ရနိုင်မယ် ထင်တယ်။ တကယ်လို့များ အဲဒီလို ကန့်သတ်ခဲ့ရင်တောင် တကယ်တော်သူများကို ဘွဲ့တစ်ခုခုပေး ဖန်တီးလို့ကော မရနိုင်ပေဘူးလား။ ဦးငွေကိုင် ဘွဲ့မရပါ။ ရွှေမန်းတင်မောင် ဆယ်တန်းအောင်ရဲ့လား။ ဘိုကလေးတင့်အောင်ရဲ့ ပညာအရည်အချင်းတော့ ကျနော် မသိပါ။ သိစရာလည်း မလိုအပ်။ ဒါပေမယ့် နိုင်ငံတော်က ဦးငွေကိုင်၊ ရွှေမန်းတင်မောင်တို့ကို အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့ကြပါသည်။

အဲဒီသင်ရိုးရေးခဲ့တဲ့ လူကြီးတွေထဲမှာ စိန်အောင်မင်း၊ ဗိုလ်ကလေး တင့်အောင်၊ ဂီတလုင် မောင်ကိုကို၊ ပန်းချီဦးဉာဏ်ရှိန်တို့လို ပုဂ္ဂိုလ်ကြီးများ ပါဝင်ခဲ့တယ် ဆိုသတဲ့။ သူတို့ ကိုယ်တိုင် အခြားက ကျောင်းတွေကို မလေ့လာခဲ့ဘူးတာလား၊ ဒါမှမဟုတ် ဥပေက္ခာ ပြုခဲ့တာလား၊ ရိုးရာရိုးရာဆိုတာကို သိပ်ဇောင်းပေးလွန်း ခဲ့သလား၊ သူတို့ကိုယ်တိုင် အနုပညာသမားနဲ့ ပညာသင်ကြားရေး ဆိုတာအပေါ် တကယ့်ကို နားမလည် ခဲ့တာလား၊ တွင်းတစ်က ဒါဆို ကျုပ်တို့လည်း ဒါဘဲလို့ လုပ်ခဲ့တာလား ဆိုတာ သူတို့ ကိုယ်တိုင်ပဲ သိကြပါမည်။ ဘာရည်ရွယ်ခဲ့သလဲ ကျုပ်တော့နားမလည်ပါ။

နောက် ထူးဆန်းတာက ကျုပ်တို့ ကျောင်းတက်ခဲ့တဲ့ အချိန်တုန်းက ကျောင်းအုပ်ကြီးက ဦးမောင်မောင်ခိုင် (ဗိုလ်မှူး)၊ မော်ကွန်းထိန်းက ဦးသောင်းထိုက် (ဗိုလ်ကြီး) ပါ။ အနုပညာကျောင်းမှာ လာအုပ်ချုပ်တာ စစ်တပ်က လာတဲ့သူတွေ။ ကျုပ်တို့ ဒုဝန်ကြီးက ထီလာစစ်သူ ဦးမျိုးညွန့် (သူက စစ်သား၊ ကဗျာဆရာ)၊ ဝန်ကြီးက ဦးအောင်စန်း (စစ်သား၊ လူပုံစံက ဟောင်ကောင် လူကြမ်း ကျွဲကြီးနဲ့တူပြီး ယဉ်ကျေးမှုတော့ နားလည်ပုံရသည်) ဆိုတော့ သူတို့လည်း စစ်သားတွေ ဖြစ်တာ သိပ်မထူးဆန်းသလိုပါ။ အဲဒီ ဦးမောင်မောင်ခိုင် ကျောင်းထွက်ခါနီးတော့ ကျောင်းကို အမှတ်တရ ဖြစ်အောင် တစ်ခုခုလုပ်ပေးခဲ့မယ် ဆိုပြီး ဘာလုပ်သလဲဆိုတော့ လယ်ကွက်တွေကို အသေအချာ ညှိပြီး ကျောင်းဝင်းလုပ်ထားရတဲ့ မြေကို တခါပြန် ထည်ထိုး လယ်စိုက်ခိုင်းခဲ့သတဲ့။ ဒါလည်း အမှတ်တရပါဘဲ။

ကျောင်းရဲ့ အရှေ့ တည့်တည့် ထွက်ရင် ဂြိုလ်တုဆက်သွယ်ရေး စခန်းက စလောင်းဖုံးတွေ ချထားတဲ့ ဝင်းကြီးရှိပြီး မြောက်ကိုလားရင် တောင်-မြောက်လမ်းဆုံကို ရောက်သတဲ့။ တောင်ဖက်ကို သွားရင် ကျုပ်တို့ ဂျပိုးထိုးနေကြ တောင်ရပ်ကွက်ကြီး ရှိသတဲ့။

ကျုပ်တို့ ကျောင်းနီးနီး ဆိုင်ဆိုလို့တော့ အမှတ်တရ ကျောင်း ညာဖက်ထောင့်မှာ ယိုင်နဲ့နဲ့ အသုပ်ဆိုင်လေး ရှိတယ်။ နောက် အဲဒီကနေ တောင်ဖက်ကို ဆက်သွားရင် စိုင်းထီးဆိုင် သီချင်းတွေ တနေကုန် လှည့်ဖွင့်တဲ့ လက်ဘက်ရည်ဆိုင်၊ ဒါက ကျုပ်တို့ တနေကုန် ကျောက်ချတဲ့ နေရာတစ်ခုပေါ့။ အဲဒီ လက်ဖက်ရည်ဆိုင်မှာ ထူးထူးခြားခြား မှတ်မိနေတာက ကျုပ်တို့ ထက် စီနီယာ အတန်းက တစ်ယောက်ပေါ့။ သူက ကျောင်းလာတယ် အဲဒီဆိုင်မှာ တနေကုန်ထိုင်ပြီး တနေရာရာကို ငေးရင်ငေး၊ တစ်ခုခုကို စဉ်းစားရင် စဉ်းစားနေတဲ့သူ။ ကျုပ်အထင် သူက ကဗျာသမားတစ်ယောက် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ကိုလည်း ကျုပ်တို့ မနှောက်ယှက်ကြသလို၊ သူကလည်း ဘယ်သူ့ကိုမှ ရှိတယ်လို့ကို ထင်မည် မဟုတ်ပါ။

အနောက်ဖက်ကတော့ ကျုပ်တို့ ညည အရှိန်ကုန်အောင် သောက်ခဲ့တဲ့ နေရာ ရှိသတဲ့။ အဲဒီဆိုင်က ကျုပ်တို့ ဆရာအတွက် အချိန်မရွေး လစ်ပိုပုလင်းတွေ ရောင်းပေးနေကြပါ (လစ်ပိုပုလင်းထဲ အရက်ထည့်ပြီး အဲသည့်တုန်းကတော့ တဂေါ်တဖုံး၊ အရက်ငါးကျပ်ဖိုး လစ်ပိုတစ်ဖုံး)။ ဆရာက အရက်စွဲနေပြီဆိုတော့ နေ့ဖက်ပါ သောက်တယ်။ အခုတော့ လစ်ပိုဝယ်ပေးရတဲ့ ကျုပ်တို့ ချစ်တဲ့ဆရာလည်း ဆုံးရှာပြီ၊ အဲဒီ အရည်တွေကြောင့်ပေါ့။

အဲဒီဆရာက ကျုပ်တို့ ကျောင်းသားတွေဖက်က အမြဲရပ်တည်ခဲ့တယ်။ သူ့ပန်းချီမှာလည်း တော်သလို၊ အင်္ဂလိပ်စာလည်း အလွန်တော်တယ် ကြားခဲ့ဘူးတယ်။ ကျုပ်တို့တော့ သူ့အတန်းမှာ မသင်ခဲ့ရပေမယ့် သူ့က အမြဲမှန်မှန်ကန်ကန် ရှိတယ်ဆိုတဲ့သူ ဖြစ်တဲ့အတွက် သူ့ကို ချစ်ခဲ့ကြတာပါ။ သူနဲ့ မော်ဒန်တွေ၊ ပို့စ်တွေ စကားပြောလို့ ရတယ်။ သူ့ကို ထောက်စရာက ကျောင်းချိန်မရှောင် သောက်ခဲ့တဲ့အမှုပါ။ သူ့ရဲ့ မှန်မှန်ကန်ကန် ရပ်တည်မှုကြောင့်လည်း ကျောင်းမှာ ကြာကြာမခံခဲ့ပါ။ အဲဒီကျောင်းအတွက် ကျုပ်တို့ စတက်တဲ့နှစ်က ပထမဦးဆုံး စာမေးပွဲ အောင်ချက်အနည်းဆုံး နှစ်ဖြစ်ခဲ့တယ်။ ဒါကြောင့် နောက်နှစ် ကျောင်းဖွင့်ဖွင့်ချင်း ဝန်ကြီးနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးက ဘာကြောင့် ဒီနှစ်က အကျများလည်း မေးတော့ သူတစ်ယောက်ဘဲ ထဖြေတာ အဲဒါ မိုင်နာ ဘာသာရပ်များကြောင့် ဖြစ်ရတာပါလို့ ထဖြေသတဲ့။ ဒါကို ဝန်ကြီးစိတ်ဆိုးမာန်ဆိုးနဲ့ ခင်ဗျားဘယ်သူလဲ ခင်ဗျားနဲ့ ကျုပ်နဲ့ ပြီးမှ တွေ့မယ်လို့ ဆိုသတဲ့။ နောက်တော့ ခင်ဗျားကျောင်းမှာ စာဆက်မသင်နဲ့၊ ဝန်ကြီးရုံးမှာ လုပ်ဖို့ သူ့ကို ပိုစတင်ရွေ့သတဲ့။ ဒီတော့ ကျုပ်စာမသင်ရရင် ဘယ်မှာမှ မလုပ်ဘူးလို့ ပြောပြီး နောက်ဆုံး အလုပ်က ထွက်သွားတယ်။

ကျုပ်တို့ကျောင်းထဲ မလည်း ခမ်းခမ်းနားနား ကင်တင်းန်ကြီး တစ်ခု ရှိသတဲ့။ သွပ်မိုး၊ ထရံကာ တဲအကြီးစားကြီးပါ။ များများစားစားတော့ မှာစရာမရှိပါဘူး။ တခါလာ အီကြာကွေး၊ အသုပ်၊ ပေါက်စီနဲ့ မာထန်ထန် မျက်နှာထားတွေနဲ့ အရောင်းစာရေး နှစ်ယောက်၊ အသက်မပြည့်တဲ့ စားပွဲထိုး သုံးယောက် လောက်ရှိမယ်။ ဘယ်ကြည့်ကြည့် ဆောက်လုပ်ရေး၊ လယ်ကွင်း၊ ကိုင်းတောတွေဘဲ တွေ့ရပါမယ်။ ဘယ်လောက် မျက်စိပဒါသ ဖြစ်ကြရပါသလဲ။

ကျောင်း အနောက်ယွန်းယွန်း တာလမ်းမကြီးဆီကို ဆက်သွားရင် ကျုပ်တို့စတည်းချရာ (ဇရပ် နှစ်ဆောင်) ယောက်ျားလေးဆောင်ကို ရောက်နိုင်တယ်။ အဲဒါနဲ့တွဲလျက် စားဖိုဆောင် တစ်လုံးနဲ့၊ ရေချိုးရုံတစ်ခုရှိတယ်။ အရှေ့ဖက်မှာ လေသာဆောင်လို ဘေးကအကာမပါတဲ့ နွားတဲလိုဟာမျိုး ရှိတယ်။

အဲဒီကို ရောက်ဖို့ဆို မိုးတွင်းဆို ဗွတ်တောကို ဖြတ်ဖို့ သိုင်းတတ်မှ၊ နွေပေါက်ပြီးဆို ဖိနပ်ကောင်းကောင်း ပါမှ လမ်းလျှောက်နိုင်သတဲ့။ အဲဒီလမ်းကို ကျုပ်တို့ ခရောင်းလမ်းလို့ နံမယ်ပေးထားတယ်။ ကျုပ်တို့ ဝန်ကြီးဌာနကို မီးရထားဝန်ကြီး ဦးဝင်းစိန် ပြောင်းတာဝန်ယူတော့ ကျောင်းထိပ် မုခ်ဦးကနေ အဆောင်အထိ ကျုပ်တို့ဝန်ကြီးက မီးရထားလမ်း ဖောက်ပေးမယ်လို့ အချင်းချင်း နောက်ကျသတဲ့။ ကျုပ်တို့ ပြောင်းသွားတဲ့ ကျောင်းအုပ်ကြီး မထွက်ခင် ကျေးဇူးပြုခဲ့တဲ့နှစ်ကဆို ကျောင်းနဲ့ အဆောင်ကြား ဆက်သွယ်ရေးက အဆိုးဆုံးဖြစ်ပါလိမ့်မယ်။

အဆောင်မှာ ကျုပ်တို့ အရင်းနှီးဆုံး မိတ်ဆွေတွေက ယင်ကောင်နဲ့ ခြင်တွေပါ။ သူတို့အတွက်လည်း ကွင်းခေါင်ခေါင်မှာ ဒီနေရာက အိုအေစစ်လေးပေါ့။ ခေါင်မိုးတွေက ကြားက ထပ်ခိုး ထည့်ထားပေမယ့် အပင်မရှိ ကွင်းခေါင်ခေါင်ဆိုတော့ နွေဆို ကျွတ်နေအောင် ပူပြီး၊ မိုးဆို တဗြဲဗြဲနဲ့ ဘာသံမှ မကြားရတော့ဘူး။ အဆောင်က ယာယီဆောင်ဆိုတော့ စစ်ဘားတိုက်လို ကုတင်တွေ ဟိုဖက်ဒီဖက် နှစ်တန်းစီထားတယ်။ ဘယ်သူဘာလုပ်လုပ် အကုန်သိတယ်။ (အဲဒီအချိန်က အမျိုးသမီးဆောင်ကတော့ ချင်းချောင်းခြံမှာဘဲ ကျန်ခဲ့သေးတယ်။)

ဒါပေမယ့် အဲဒီက ကျုပ်တို့ဘဝကို ကျုပ်တို့ အပျော်သားပါ။ ပတ္တလားတီးတဲ့ကောင် တီးတယ်၊ ဆောင်းဘောက် မဝယ်နိုင်လို့ ရေအိုးထဲ စပီကာထည့်ပြီး ဖွင့်တဲ့ကောင်က ဖွင့်တယ်။ ခြင်ထောင်ကို ကုလားကာ လုပ်ပြီး ဇာတ်ထွက်တဲ့ကောင်က ထွက်တယ်။ ရေပုံးကို မှောက်ခုံမှောက်ပြီး ဗုံလုပ်တီးတဲ့လူက တီးတယ်။ ပန်းချီဆရာတွေ ပေါတော့ ကပ်ထူပြားမှာ ဖဲချပ်လုပ်ပြီး ဖဲရိုက်တဲ့လူ ရိုက်တယ်။ ပန်းချီရေးတဲ့ကောင်တွေ ထွက်လာသမျှ လက်ရာတွေက လယ်ကွင်း၊ ဆောက်လုပ်ရေး၊ ယင်ကောင်နဲ့ ကိုင်းတောတွေဘဲ ထွက်ထွက်လာတယ်။ တခါတခါတော့ တာလမ်းမကြီး ပါလာတက်ပါတယ်။

အဆောင်မှာ ကျုပ်တို့ ဘော်ဘော် မမတွေလည်း ရှိတယ်။ သူတို့က သီချင်းလေးညီးလိုက်၊ နှစ်ပါးသွားလေး ပါးစပ်က ထွက်ပြီး ဆံပင်ညှပ်ပေးတတ်တယ်။ တော်တော်များများက ဘိုင်ကောင်တွေ ဆိုတော့ ဆံပင်ညှပ်စရာ ရှိရင် သူတို့ဆီဘဲ ပြေးကြတယ်။ အချို့သူတို့နဲ့ နာမည်ထွက်တာတော့ ရှိသတဲ့။ ကျုပ်တော့ လက်တွေ့ မကြုံခဲ့ရလို့ မသိဘူး။ ဒါပေမယ့် ကျုပ်သဘောမကျတာက သူတို့ကို အမြဲအနိုင်ကျင့်တဲ့သူ တချို့ကို တွေ့ရတယ်။ သူတို့ အိမ်က ပို့လာတဲ့ အခြောက်အခြမ်း၊ အကြော်အလှော်ဆိုလည်း အဲဒီကောင်တွေ သမလို့ အမြဲကုန်တယ်။

ကျုပ်တို့ကြားမှာ ချစ်စရာ ကောင်းတဲ့အချက်က အချင်းချင်း အပေါ် သိတက်ကြတာပါ။ အများစုက နယ်က လာကြပြီး သည်ပညာတွေကို ရူးရူးမူးမူးရှိကြတာ ဆိုတော့ မပြည့်စုံတာတွေက များကြတယ်။ တချို့ကလည်း အိမ်က သဘောမတူဘူး၊ သည်အလုပ်တွေက ဘယ်လိုမှ ကြီးပွားမယ့် အလုပ်မျိုး မဟုတ်၊ ဖတ်ခွက်စား အလုပ်လို့ ဆိုကြသတဲ့။ သူတို့ကို မြို့က ကျောင်းလာတက်တဲ့ ကောင်တွေက ပြန်ကြည့်ကြတယ်။ အချို့ ကျောင်း မရောက်ခင် ကတည်းက လုပ်ငန်းဝင်နေတဲ့ ကောင်တွေက သူတို့ ရှဲဒိုးရေးလို့ ရသမျှ သည်မှာ အကုန် လာမျှကြတယ်။ မရတဲ့အခါလည်း အဆောင်သား မဟုတ်ရင် အဆောင်သား ဝေစုထဲက ပြန်မျှကြရတယ်။ အဲဒါ ချစ်စရာတွေပေါ့။

အဲဒီမှာ အားလုံးလိုလိုက ခပ်ဂေါက်ဂေါက်တွေကြီးဘဲ။ မိန်းမ၊ ယောက်ျား မူမတည်ဘူး။ တချို့ လမ်းသွားရင်းနဲ့ ဆိုင်းတီးတဲ့ကောင် ရှိသလို၊ လမ်းတွေ့နှုတ်ဆက်ရင် ဇာတ်ထိုးသလို နှုတ်ဆက်တဲ့ အမျိုးသမီးတွေ ရှိသတဲ့။ သူ့ဖာသာသူ လမ်းလျှောက်ရင်း ကဗျာရွတ်၊ သီချင်းစပ်နေတဲ့ သူ၊ တခုခု စဉ်းစားရင်း အကြံရလို့ ထအော်တဲ့ လူမျိုးလည်း ရှိတယ်။ ဒါပေမယ့် ကျောင်းခန်းထဲ ရောက်ရင်တော့ အားလုံးက ကိုယ့်ဈာန်နဲ့ကိုယ် ခပ်ငြိမ်ငြိမ် ပါဘဲ။ အနည်းဆုံး မိုင်နာဘာသာရပ်မှာ စိတ်မဝင်းစားရင်တောင် ကိုယ့်စပ်ချင်တဲ့ ကဗျာ၊ စာ၊ ကိုယ်ရေးချင်တဲ့ ပုံကို ကုန်းရေးနေတော့ တာပဲ။

ကျုပ်တို့ မေဂျာ ပထမနှစ်တန်းက လူ ၄၀ကျော် ရှိတယ်။ လက်တွေ့ဆွဲရတဲ့ နေ့တနေ့ ညနေပိုင်းမှာ သက်ငြိမ် ရေးခိုင်းတော့ ရေးရမယ့်ပစ္စည်းတွေကို အလယ်က စတိတ်ခုံပေါ် တင်ထားတယ်။ ကျုပ်တို့ အဲဒီနေ့ လက်တွေ့ ရေးရတဲ့အခန်းက တောင်မြောက် အလျားလိုက် ရှိပြီး တောင်ဖက်မှာ စတိတ်ခုံ ရှိတယ်။ ဆရာက ဒီနေ့ အတန်းထဲမှာ ဘာထူးခြားလဲလို့ အားလုံးကို မေးတယ်။ တစ်ယောက်မှ မဖြေနိုင်ကြဘူး။ ဆရာက အတန်းရဲ့ ညာဖက်ခြမ်းကို ကြည့်ပါလို့ ထပ်ပြောတယ်။ တစ်ယောက်မှ မသိကြဘူး။

ဒါနဲ့ အခုနေက ဘယ်ဘက်က ထိုးလဲလို့ မေးတယ်။ ကျနော်တို့ စာသင်ဆောင်ရဲ့ ညာဖက်ကနေ ကျနေတယ်လို့ ပြန်ဖြေကြတယ်။ ဒါဆို အဲဒီဖက်ခြမ်းက ကျောင်းသားတွေ ဘာဖြစ်လို့ အဲဒီဖက်ကပ်နေကြတာလဲလို့ ထပ်မေးမှ အားလုံး သိကြတယ်။ အဲဒီအခြမ်းမှာ ကျောင်းသား ၄၀ ထဲက ၁၅ ယောက်လောက်က ဘယ်သန်တွေကြီးဘဲ ဖြစ်နေကြလို့ပါ။ ပန်းချီဆွဲရင် အလင်းရောင်နဲ့ ဆွဲတဲ့လက်က ပြောင်းပြန်ရှိနေမှ ဆွဲရတာက သင့်တော်မှာ မို့လို့ပါ။ ထူးထူးခြားခြား ဘယ်သန် ၁၅ ယောက်လောက် အခုလို တနေရာထဲ ဆုံဖို့ မလွယ်ပါဘူး။ ကျနော်တို့ အားလုံး ပြုံးမိကြတယ်။

တရက် ခန္ဓာဗေဒ သင်တဲ့ အချိန် ဆရာက လူအချိုးအစား ကျကျနနရေးနိုင်ဖို့ အရိုးကစပြီး အကြော၊ အသားဖြည့်၊ ပြီးမှ အင်္ကျီဝတ်ပေးရတယ်လို့ ရှင်းပြရင်းဆွဲနေတဲ့ အချိန် အသားဖြည့်တဲ့အဆင့် ရေးပြနေချိန် တခြားမေဂျာက ကျောင်းသူတစ်ယောက် ဝင်လာပြီး ကျမမော်ဒယ် ထိုင်ပေးမယ်လို့ ပြောတယ့်။ ဆရာကလည်း ခပ်ငယ်ငယ်ဆိုတော့ သူ့ကို ဘာပြောရမှန်းမသိ ဖြစ်နေတယ်။ နောက် ဆရာက ငယ်ပေမယ့် နည်းနည်း စကားပြော မာတော့ သူ့အချိန်ဆို ကျောင်းသားတွေ သိပ်မလှုပ်ရဲကြဘူး။ ကျောင်းသားတွေက ဆရာရေးနေတဲ့ သူမနောက်ကျောက ပုံကို မေးငေါ့ပြကြတယ်။

ဒါပေမယ့် သူက ကျမ မော်ဒယ်လုပ်ပေးရတာ အရမ်းဝါသနာပါတယ်လို့ ထပ်ပြောတော့ ကျောင်းသားအားလုံး သူ့ရဲ့ နောက်ကို ထပ်ပြီး လက်ညှိုး ထိုးပြကြရသတဲ့။ ဒါနဲ့ သူမက လှည့်ကြည့်မှ ကျုပ်တို့ဖက်ကို လှည့်ကို မကြည့်တော့ဘဲ လှစ်ကနဲဆို ပြန်ပြေးရတော့တယ်။ တခါမှ မပြုံးဘူးတဲ့ ဆရာ ဒီတစ်ခါတော့ ပြုံးစိစိ ဖြစ်နေရတယ်။ ကျုပ်တို့လည်း ခပ်အုပ်အုပ် ရယ်ကြရပါတယ်။

ဒီလိုနဲ့ ကျုပ်စခဲ့တဲ့ ဇာတ်လမ်း ဒီနေရာမှာ ပြန်ဆုံးရပါ့မယ်။ အဲဒီတုန်းက နှစ်ဝက်စာမေးပွဲ ဖြေတဲ့အချိန် ရောက်လာတယ်။ အဲဒီနေ့က ကျုပ်တို့ လက်တွေ့ရေးရတဲ့နေ့ မတ်၊ ဧပြီ၊ ဆိုတော့၊ နေ့လည်ကလည်းဖြစ်၊ ကွင်းခေါင်ခေါင်က ကွန်ကရစ် တိုက်ထဲဖြစ်ပေမယ့် ချွေးတဒီးဒီးနဲ့ပေါ့။ ဒါပေမယ့် အဲဒါတွေကို ကျုပ်တို့ သတိမရအားဘူး လက်တွေ့ဆွဲဖို့ဘဲ အားလုံး အာရုံရှိကြတယ်။ အဲဒီအချိန် ကျောင်းရှေ့မှာ အငှားကား ဆလွန်းကားတစ်စီး ရပ်လာတယ်။ အဲဒီပေါ်က ဇာတ်ထဲက မင်းသမီးလို ပြင်ဆင်ထားတဲ့ အရပ်မြင့်မြင့် အမျိုးသမီး တစ်ယောက် နေပူထဲ လွှားလွှား လွှားလွှားနဲ့ သူ့ထိုင်မသိမ်းကို ကိုင်ပြီး ကနွဲ့ကလျ လျှောက်လာတယ်။

အဲဒီမှာ တစ်ယောက်က ထပြီး ဟိုးမှာ နွေခေါင်ခေါင် ကျုပ်တို့ စာမေးပွဲဖြေနေတာ မကြည့်ရက်လို့ ရေလာတိုက်တဲ့ မဏိမေခလာ နတ်သမီး ကျောင်းဝင်းထဲ ရောက်လာတယ် ဆိုတော့ အားလုံး ပြုံပြီးကြည့်ကြတာပေါ့။ အရပ်က တော်တော်မြင့်တော့ နိုင်ငံခြားသူလား မသိဘူးဟေ့ဟု ကျောင်းသူ တစ်ယောက်က ထပြောတယ်။ နောက်တစ်ယောက် ကျုပ်တို့ ကျောင်းမှာ ရုပ်ရှင်လာရိုက်တာ ဖြစ်နိုင်တယ်။ အဲဒီလို အမျိုးမျိုး ပြောကြတဲ့ အချိန် အဲဒီသူမက ကျုပ်တို့ အခန်းထဲကို တန်းရောက် လာပါရော။ အားလုံး မျက်လုံးပြူး ကုန်တယ်။ လားလား အဲဒီသူမက ကျုပ်တို့ အတန်းက ကျောင်းသား ဖြစ်နေပါလေရော။

အဲဒီမှာ တစ်အားပွဲကျကုန်ပြီးတော့ ဆရာတွေက စာမေးပွဲ ပြန်ဖြေကြဖို့နဲ့၊ သူ့ကိုလည်း အဝတ်အစားလဲပြီး စာမေးပွဲဖြေဖို့ ပြောပါတယ်။ ကျုပ်တို့လည်း သူဘာလို့ ဒီအဝတ်အစားတွေ ဝတ်လာတာလဲ ပဟေဌိပေါ့။ စာမေးချိန်ပြီးမှ ကျုပ်တို့ သူ့ကို မေးမှ ဒီနေ့ဧပရယ်ဖူးနေ့လေ မင်းတို့ မသိဘူးလား ဆိုသတဲ့။ ငါလည်း တစ်ခုခု ထူးထူးခြားခြား ဖြစ်အောင်ဆိုပြီး လုပ်ခဲ့တာလို့ ကျုပ်တို့ကို ပြောခဲ့တာ။ ဒါက ကျုပ်ကို ဧပရယ်ဖူးနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ပျော်စရာတစ်ခုပါ။

ကျုပ်အဲဒီ့ကျောင်း တက်စဉ်တုန်းက အချို့လူတွေကို ကျုပ် ဘယ်ကျောင်းကပါလို့ ပြောရင် အံ့အားတသင့်နဲ့ ပြူးကြည့်ကြပြီး အဲဒီမှာ ဘာသာရေးစာပေတွေ သင်တာလားလို့ မေးတဲ့လူ ရှိသလို၊ ရှင့်လို မယဉ်ကျေးတဲ့လူက အဲဒီတက္ကသိုလ် တက်ခွင့်ရတယ်နော်လို့ ဆိုတဲ့သူက ဆိုကြတယ်။ တချို့နည်းနည်း သိတဲ့သူတွေမေးတာက အော် ခင်ဗျားအဲဒါဆို အဆို၊ အကတော့ ကောင်းကောင်းရမှာပေါ့လို့ ဆိုကြသတဲ့။ ကျုပ်လည်း ကျုပ်ကျောင်း အကြောင်းပြောရတိုင်း ရှင်းရလွန်းတော့ နောက်ပိုင်း ဘယ်ကဘာလို့ ကျုပ်မပြောတော့ဘူး။ ဒါဆို ကိုယ်ယဉ်ကျေးတာ မကျေးတာ လူမသိတော့ဘူးပေါ့။

ကျုပ်ဒီကျောင်းက ခွါခဲ့တာ အခုဆို ၁၀နှစ်ကျော် ကြာခဲ့ပြီ။ ဒါပေမယ့် ဟိုနေ့က ဧပရယ်ဖူးနေ့ ဆိုတာကို ကြုံရရင်း ကျောင်းက အဖြစ်အပျက်တွေကို ပြန်သတိရလို့ အခုစာကို ရေးလိုက်ရတာပါ။ ဟိုးတလောက ကျုပ်တို့ရဲ့ သိပ်တော်တဲ့ သူငယ်ချင်းတစ်ယောက် အကြောင်းကြားရတာ စိတ်မကောင်းဖြစ်မိတယ်။ သူက ပန်းချီဆွဲ သိပ်တော်တယ်၊ အဲဒီတုန်းတည်းက ကျောင်းတက်ရင်း အပြင်မှာတောင် ဆွဲစားနေပြီ။ ဒါပေမယ့် သူ့အိမ်က ချို့ငဲ့တော့ သူ့ဖာသာ သူ့ဝင်ငွေရှာပြီး သူ့အမမိသားစုကို သူက ပြန်ကြည့်ရှုပေးနေရတဲ့သူ။ နောင်နှစ်မှာ ကျောင်းက တော်တဲ့၊ ချို့ငဲ့တဲ့ ကျောင်းသားတွေကို ဦးအုန်းဖေဆု ပေးဖို့အစီအစဉ်ရှိတယ်လို့ ဆိုတော့ ကျုပ်တို့အားလုံး သူ့ကို အားပေးကြတယ် ခင်ဗျားလုပ်ရင် ဖြစ်နိုင်တယ်။

စာမေးပွဲမှာ သူအမှတ်လည်း ကောင်းတယ်၊ လက်တွေ့ရေးရာမှာလည်း သူက အကောင်းဆုံး ကျောင်းသား တစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီတော့ သူမျှော်မှန်းမှာပေါ့။ ဒါပေမယ့် နောင်နှစ် အဲဒီဆုပေးအချိန် သူမပါလားဘူး၊ ဒါပေမယ့် သူ့လို တော်လည်းမတော် မဆင်းလည်း မဆင်းရဲတဲ့ ကျောင်းသူတစ်ယောက် ရသွားတယ်။ သူကြေကွဲသွားတယ်။ ကျုပ်တို့လည်း တောက်တခေါက်ခေါက်နဲ့ပေါ့။ ဒါပေမယ့် သူ့ကို စိတ်ဓာတ်မကျဖို့ ပြောရုံက လွဲလို့ ကျုပ်တို့ဘာမှ မတက်နိုင်ခဲ့ဘူး။ နောက်ပိုင်း သူကျောင်း ဆက်မတတ်တော့တာ ကျနော် ထပ်ကြားရတယ်။ အခုနောက်ဆုံး ခပ်ကြောင်ကြောင် ဖြစ်နေပြီး ပန်းချီဆွဲတဲ့ ဆေးတွေတောင် ရှူတဲ့သူတစ်ယောက် ဖြစ်နေတယ်လို့ ကြားရတယ်။

ဒါနဲ့ ပတ်သက်လို့ ကျုပ်မြင်တာတော့ စိန်ဗေဒါတစ်ယောက် ဆုံးရှုံးခြင်းလား၊ စိန်ဗေဒါတစ်ယောက် ဖြစ်ခွင့် မရှိတာလား ဆိုတာတော့ ကျုပ်မပြောတက်ပါ။ နောက် ကျုပ်တို့တတွေ အမြဲပုံပုံချတဲ့ ကံတရားကြောင့် ဆိုတာတော့ သည်နေရာမှာ မဟုတ်တာသေချာသည်။ ဧပရယ်ဖူးနေ့ကို ရောက်ရင် ကျုပ်တို့ သူငယ်ချင်းကို မြင်ယောင်တယ်၊ တခြားသူငယ်ချင်းတွေ မြင်ယောင်လာမိတယ်။ အဲဒီ ဧပရယ်ဖူးလိုဘဲ တောင်ရောက်၊ မြောက်ရောက် အတွေးများဖြင့် ကျုပ်တို့ မယဉ်ကျေးသော နိုင်ငံကြီးမှ ယဉ်ကျေးမှုတက္ကသိုလ်ကြီးနှင့် မြို့မငြိမ်းများ၊ ဦးဘဉာဏ်များ၊ ဒေါ်အမာစိန်များကို ကျုပ်တစ်ယောက် တမ်းတရင်း ။

ဧပြီလ ၃ ရက် ၂၀၀၉ ခုနှစ်

3 comments:

Mi Tay 4 said...

အက်ဆေးအကြောင်းအရာက အမှတ်တရ ။ ရေးရတာကလည်း တကယ့်ကို အမှတ်တရ နော်....(သံစဉ်တွေကြားကရေးခဲ့ရတာ) ဟိ

Kay said...

ယဉ်ကျေးမူ တက္ကသိုလ် အကြောင်း စိတ်ဝင်စားနေတာ..အတော်ပဲ။ တကယ်တော့..၀ါသနာနဲ့ ၀မ်းရေးကို ယဉ်တွဲ မဖြေရှင်းနိုင်သေးတာကိုက..ခက်နေတာပဲ။
ကျူးဘားက.. အနုပညာကျောင်းတွေ အကြောင်း ဖတ်ကြည့်ပါလား။ စိတ်ဝင်စားဖို့ကောင်းတယ်။

YeKyawAungMDY said...

အော် ခင်ဗျားက အဲဒီကတည်းက မချောတသိုက်နဲ့ ကိုယ်တယောက်ကိုး...ဟဲ..ဟဲ...မကြည့်တာကြာလို့ ...လာဖတ်တယ်...