အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုနှင့် နောက်ဆက်တွဲ အတွေး

ဇူလိုင် (၁၉) ရက် အာဇာနည်နေ့ ရောက်လို့ အာဇာနည် ကုန်းမှာ ရှိတဲ့ ဗိုလ်ချုပ်တို့ အုတ်ဂူ နီနီကြီးမှာ ပန်းခွေတွေ ချကြတာကို မြင်တိုင်း ၀မ်းနည်းခြင်း၊ နှမြောတသခြင်း၊ မကျေနပ်ခြင်း၊ ဒေါသထွက်ခြင်း စတဲ့ခံစားမှုမျိုးစုံကို ခံစားရပါတယ်။ တိုင်းကျိုးပြည်ပြု ဗိုလ်ချုပ်တို့လို အာဇာနည် ခေါင်းဆောင်ကြီးတွေ မရှိတော့လို့ ၀မ်းနည်းရတဲ့ အပြင် ကျနော်တို့ ငယ်ငယ်တုန်းက ဦးညွတ်အလေးပြုနေကြ အုပ်ဆိုင်းလွမ်းမောဖွယ် ဗိုလ်ချုပ်တို့ ရုပ်ကလပ်အစစ်တွေ တည်ရှိရာ မူလအာဇာနည် ဗိမာန်ကိုလည်း နှမြောလွမ်းဆွတ်မိပါတယ်။

ဟိုးယခင်က အာဇာနည်ဗိမာန် မှာ အာဇာနည်ကြီးတွေ ရဲ့ ၀ိညာဉ်တွေ ကိန်းအောင်းနေတယ်လို့ မဆိုနိုင်ပေမဲ့ ဗိမာန်ရဲ့ ပိသုကာ ပုံစံနဲ့ အနေအထားဟာ အုပ်ဆိုင်းညှို့မှိုင်းလို့ သည်နေရာ သည်အုတ်ဂူတွေထဲမှာ တို့ရဲ့ ခေါင်းဆောင်ကြီးတွေ အေးအေးချမ်းချမ်း လှဲလျောင်းနေပါလားဆိုတဲ့ ခံစားမှုမျိုးကို ခံစားရစေပါတယ်။ လာရောက်ဂါရ ပြုသူတွေရဲ့ စိတ်မှာ လွမ်းဆွတ်မှု ကြေကွဲမှုတွေ ခံစားစေရတဲ့အပြင် အာဇာနည်ကြီးတွေ ရှေ့မှောက်ကို အမှန်တကယ် ရောက်ပြီး တိုင်းပြည်အတွက် မိမိတို့ လုပ်ဆောင်နေတာတွေကို တိုင်တည်နေရသလို ခံစားရစေပါတယ်။ သည်နေ့ အာဇာနည်ကုန်းက မိုးပျံနေတဲ့ ဆန်းပြားတဲ့ ပုံစံနဲ့ နေပူကျဲတဲအောက်က ရဲရဲတောက်တောက် အရောင်ခြယ်ထားတဲ့ ဗိုလ်ချုပ်တို့ရဲ့ ဂူဗိမာန်အသစ်ကြီးတွေကို မြင်တိုင်း မှာတော့ ဗိုလ်ချုပ်တို့ခမြာ သေပြီးတဲ့နောက်မှာတောင် မအေးချမ်းပဲ တိုင်းသူပြည်သားတွေရဲ့ ဒုက္ခအပူတွေကို ခံစားနေကြရပါလားလို့ တွေးထင်မိပါတယ်။

သည်နေရာမှာ အလျဉ်းသင့်လို့ သမိုင်းလက်ရာ တွေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ကျနော့်အမြင်ကို နည်းနည်း ပြောပြချင်ပါတယ်။ သမိုင်းယဉ်ကျေးမှု အမြင်ရှိတဲ့ နိုင်ငံတွေမှာ သူတို့ရဲ့ ရှေးဟောင်းလက်ရာတွေကို ပြုပြင်ထိန်းသိမ်းရာမှာ အဆောက်အဦ ရေရှည် ခိုင်ခံရေုးကိုသာမက အခြား အချက်အလက်တွေကိုပါ လေ့လာကြည့်ရှုပြီးမှ ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများကို အသေအချာ စီမံကန်းချ ဆောင်ရွက်ကြပါတယ်။ သည်အဆောက်အဦတွေဟာ ဒေသခံတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေရှိသလဲ၊ သူ့ရဲ့ သမိုင်းဆိုင်ရာ အရ အသစ်ပြင်သင့်သလား၊ အဟောင်းအတိုင်းပဲ ထိန်းသိမ်းထားသင့်သလား၊ ပြုပြင်လိုက်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ပြောင်းလဲသွားစေမလဲ အသေအချာလေ့လာကြပါတယ်။ စိတ်ထင်တိုင်း လုပ်ချင်သလို လုပ်ခွင့်မရှိပါဘူး။ မြန်မာပြည်မှာတော့ ပညာရှင်တွေ မရှိလို့တော့ ဟုတ်မယ်မထင်ပါ။ ပညာရှင်တွေ ပြောခွင့် ဆိုခွင့် လုပ်ခွင့် မရပဲ အာဏာရှင်များသာ လုပ်ချင်တာ လုပ်ခွင့်ရနေလို့ သမိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရပါတယ်။

သာဓကတွေ အနေနဲ့ပြောရရင် ပြည်မြို့နားက မှော်ဇာမြို့ဟောင်းတ၀ိုက်မှာရှိတဲ့ ဘောဘော၊ ဘဲဘဲ ဘုရားတို့ကို ဗိုလ်ချုပ်နေ၀င်း ခေတ်က ထီးတင်ခဲ့ကြပါတယ်။ တကယ်တော့ အဲသည်ဘုရားတွေဟာ ဗုဒ္ဓဘာသာ အယူအဆနဲ့ တည်ထားခဲ့တဲ့ ဘုရားတွေ မဟုတ်ခဲ့ဘဲ ဟိန္ဒူကိုးကွယ်ယုံကြည်မှု အရ တည်ထား ခဲ့တာတွေ ဖြစ်လို့ ထီးတင်လိုက်တဲ့ အတွက် အံမ၀င်ဂွင်မကျ ဖြစ်သွားခဲ့ပါတယ်။

ဧရာဝတီ မြစ်ကမ်းနဖူးမှာရှိတဲ့ ဗူးဘုရားမှာလည်း နဂိုက ထုံးဖြူဘုရား ဖြစ်ခဲ့ပြီး၊ ပြန်တည်ထားတဲ့ ဘုရားဖြစ်လို့ သမိုင်းတန်ဖိုးရှိမရှိ မသိပါ။ သို့သော် ရေကြောင်းပြ အဖြစ် ဒေသဆိုင်ရာရေလမ်းခရီး သွားလာမှုမှာ အလွန်အသုံးဝင်ခဲ့ပါတယ်။ သို့သော် ယခု ရွှေချထားတာကြောင့် အလင်းပြန်နေပြီး ရေကြောင်းပြအဖြစ် မည်သို့မျှ အသုံးမဝင်တော့ပါ။

ပုဂံဘုရားများ ပြင်ဆင်ရေးအတွက် ၀န်ကြီး၊ ၀န်ကလေး အဆင့်ထိ မဲစနစ်နဲ့ ဝေခဲ့ပြီး အထောက်အထားမရှိ စိတ်တိုင်းကျ ပြင်ဆင် ရွှေချ ထီးတင် လက်ရှိ ဗိုလ်ချုပ်ကြီးတို့ နာမည်တွေ ကမည်းထိုးကာ သမိုင်းအထောက်အထား များကို ဖျက်ဆီးပစ်ခဲ့တာလည်း အားလုံးအသိပါ။`ပုဂံဒေသ ယဉ်ကျေးမှု ရှေးဟောင်းမြို့တော်လို့ ခြံခတ် သတ်မှတ်ပြီး ဘုရားကြို၊ ဘုရားကြား နေသူတွေကို ပုဂံမြို့သစ်ကို ရွေ့ပြောင်း ခံခဲ့ကြရပါတယ်။ ပြီးတော့ အဲသည် ခြံဝင်းအတွင်းမှာပဲ ခေတ်မီနိုင်ငံတကာ ဂေါက်ကွင်းနှင့် နန်းမြင့်မျှော်စဉ်၊ အထပ်မြင့် ပြတိုက်တစ်ခု ဆောက်ခဲ့ပါတယ်။ ကတ္တရာပတ်လမ်း တစ်ခုလည်း ဖောက်ခဲ့ပြန်ပါတယ်။ ပုဂံဒေသဟာ နဝတ၊ နအဖ လက်ထက်မှာ အဓမ္မကျင့်ခံခဲ့ရတဲ့ အခြေကို ရောက်ခဲ့ရပြီး ရှေးဟောင်း အငွေ့အသက် ဘုရားအို ဂူဟောင်းတို့က ရမဲ့ ပုဂံခေတ်ရဲ့ ၀ိညာဉ်တွေကို ဘာတစ်ခုမှ ဖမ်းယူခံစားလို့ မရတော့ပါဘူး။ ပုဂံခေတ်သစ် ယဉ်ကျေးမှုမြို့တော်လို့တောင် အမည်သတ်မှတ်ရမည့် အခြေရောက်ခဲ့ပါတယ်။

ကျိုက်ထီးရိုးဘုရားမှာလည်း တောင်ပေါ် တိုက်ရိုက်တက်တဲ့ ကားလမ်း ဖောက်ပါတယ်။ စေတီပတ်လည် အကြီးစားပြင်ဆင်မှုတွေလည်း လုပ်ပြန်ပါတယ်။ သာမန်အမြင်နဲ့ ကြည့်ရင်တော့ အော် အားလုံးလွယ်လွယ်ကူကူရောက်အောင် တိုးတက်အောင် လုပ်နေတယ်လို့ မြင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သမိုင်းဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စဉ်းစားလျှင်တော့ ပြောင်းပြန် အဖြေထွက်ပါတယ်။ နောက်ပြီး ကျိုက်ထီးရိုးဘုရားဖူးရတဲ့ အဓိက ခံစားချက်ကိုလည်း ပြင်ဆင်မှုလုပ်တဲ့ သူတွေက နားလည်ပုံမရပါဘူး။ အရင်က ကျိုက်ထီးရိုးဘုရားဖူးတို့ဟာ အုပ်ဆိုင်းစိမ်းစိုနေသော သစ်ပင် တောတောင် လျှိုမြောင် တို့ အလယ်မှ ရွှေရောင် ကျောက်တုံးကြီးနှင့် ကျိုက်ထီးရိုးဘုရားကြီးကို ခပ်လှမ်းလှမ်းမှာ ဖူးမြင်လိုက်ရရင်ပဲ မောပန်းသမျှတို့ ပြေပျောက်ကာ ကြည်နူးလန်းဆန်းသွားတဲ့ ခံစားမှုဟာ ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်၏ အဓိက ခံစားချက်ပင်ဖြစ်ပါတယ်။

တောတောင်အလယ်မှာ အထူးအဆန်း တည်ရှိနေတဲ့ ဘုရားကြီးကို အပင်ပန်းခံ လာရောက်ဖူးခွင့်ရတဲ့အတွက် မိမိတို့ ရဲ့အားထုတ်မှု ကို ကျေနပ်ပီတိဖြစ်ရသလို တောတောင်လျှိုမြောင်တို့၏ သဘာဝ အရသာဟာ မြို့ပြနေသူတို့အတွက် အဖိုးတန်လှတဲ့ အတွေ့အကြုံမျိုးဖြစ်ပါတယ်။

နောက်ထပ် အဆိုးဆုံး လုပ်ရပ်များ ဖြစ်တဲ့ ရှမ်းလူမျိုးနှင့် မြန်မာနိုင်ငံသမိုင်းအတွက် အရေးကြီးသော ကျိုးတုံဟော်ကို ဖျက်ပစ်ပြီး ဟော်တယ် အသစ်ဆောက်ခဲ့တယ်။ သီပေါဟောကို ချိတ်ပိတ်ထားတယ်။ ညောင်ရွှေဟော်ကို ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းခဲ့ပြန် ပါတယ်။

ရွှေတိဂုံ အနောက်ဖက်မုခ် ညာဖက်ရှိ ဂဋ္ဌုန်ဦးစော ကောင်းမှုဘုရားမှ ကမ္ပည်းကို အကြိမ်ကြိမ် ပြင်ဆင်မှု၊ ယခင်ဖယ်ရှားခံရသူများ၏ ကောင်းမှု စာတမ်းမျိုးကိုပင် မထား ဖယ်ရှားခိုင်းမှုတွေ တွေ့ရတယ်။ ယင်းသို့ကိစ္စမျိုးများ မလုပ်အပ်ပါ။ အလွန် သေးသိပ်သည့် လုပ်ရပ်မျိုးဖြစ်သည်။

အာဏာရှင်ဆိုတာ အာဏာကို ထိပါးနိုင်သည့် အရာမှန်သမျှ ဖယ်ရှားတတ်တယ်။ ဒီအထဲမှာ လူပုဂ္ဂိုလ်မဆိုထားနဲ့ ယင်းပုဂ္ဂိုလ်နှင့် သက်ဆိုင်သည့် အထိမ်းအမှတ်၊ မှတ်တမ်း မှတ်ရာတောင် မကျန်အောင် ဖျက်ဆီးပစ်တတ်လေ့ ရှိတယ်။ ဒါကို အာဏာရှင်ထဲမှာမှ အဆင့်အနိမ့်အကျဆုံး အာဏာရှင်မျိုးက လုပ်တတ်တယ်။ "ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန်" အပြတ်ရှင်းလေ့ ရှိတဲ့ အစဉ်အလာ အာဏာရှင်တို့ရဲ့ အသွေးအသား ထဲမှာ ရှိနေကြ သလား။ သမိုင်းကိုပြန်ကြည့်လျှင် အချို့သော ဘုရင်တို့သည် အခြားတိုင်းရွာများကို သိမ်းယူလျှင်လည်း ရေရှည်ကို မစဉ်းစားမဆင်ခြင်ပဲ ရသမျှ အကုန်ယူ ရွာပျက်၊ မြို့ပျက် ချန်ထားခဲ့ကြသည်။ ယင်းဒေသရှိ လူမျိုးတို့တွင်လည်း လူမျိုးပြုန်း သတ်ဖြတ်မှုမျိုး ကျူးလွန်ခဲ့ပြီး သမိုင်းနှင့်ချီ၍ ခံစားချက်များ ချန်ထားရစ်ခဲ့သည်။

ယင်းခေတ် အခြေအနေ အရ တနေရာမှ တနေရာ သိမ်းယူခြင်းမှာ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်မှုမှာ စာမဖွဲ့လောက်သော်လည်း သမိုင်းနှင့် ချီ၍ ချန်ထားခဲ့သော အနာများမှာ အရှည်ကို မကြည့်ခဲ့ကြဟု သည်နေရာမှာ ဆိုချင်ပါသည်။ ကိုလိုနီ ကျွန်ပြုမှုကို ထောက်ခံရေးသားနေ သကဲ့သို့ ထင်မြင်စရာ ဖြစ်လာပါသည်။ ကိုလိုနီကျွန်ပြုသူ ဖြစ်လျှင်တောင် အဆင့်အတန်း ရှိသော၊ ယဉ်ကျေးမှု ရှိသော၊ အရှည်ကို ကြည့်သော လူမျိုးသာ ဖြစ်စေသင့်ကြောင်း ရည်ညွှန်းပါသည်။

အာဇာနည်ဗိမာန်အကြောင်းကို ပြန်ဆက်ရရင်တော့ ဒီအကြောင်းအရာကို ရေးဖို့ ခေါင်းထဲမှာ ပေါ်နေတာတော့ ကြာပါပြီ၊ အခုမှ တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်ကုန်း ဗုံးပေါက်တဲ့ ယူကျူ့ဗီဒီယိုဖိုင်ကို ကြည့်ပြီး ရေးဖို့ ပိုသေချာ သွားပါတယ်။ အဲဒီထဲမှာ ဗုံးကြောင့် အာဇာနည်ဂူဗိမ္မာန်များ ထားရာ အဆောက်အအုံ တစ်ခုရဲ့ ခေါင်းမိုး အလယ်ပိုင်းကနေ ပြိုကျသွားတာ တွေ့ရပါတယ်။ သို့သော် အဆောက်အဦ တစ်ခုလုံး ဘုံးဘုံးလဲ ပြိုကျသွားခြင်း မဟုတ်ပါ။ ဗုံးအဓိက ထောင်ထားသော နေရာရှိ အုတ်ဂူများ အပျက်အဆီး အထိအခိုက်များ ရှိမည် ဖြစ်သော်လည်း အပျက်အဆီးများ ကြားတွင် ဆက်လက် တည်ရှိနေသေးသည်ကို ယင်း ဗီဒီယိုတွင် ထင်ထင်ရှားရှား တွေ့ရပါသည်။

ထို့ကြောင့် မူလ ဗိမ္မာန်ကို တစမကျန် ထပ်မံဖျက်ဆီးပစ်ပြီး ကွင်းခေါင်ခေါင်တွင် အုတ်တံတိုင်း နီနီကြီးဖြင့် အစားထိုးပစ်သည်ကို ဘဝင်မကျ ဖြစ်ရပါသည်။ ယင်း အာဇာနည်ဗိမ္မာန်သည် တတိုင်းပြည်လုံးနှင့် ဆိုင်သော၊ ပိုင်ဆိုင်သော ရတနာ တစ်ခုဖြစ်ပြီး အကယ်၍ မြန်မာပြည်သာ ယင်းအချိန်က လွတ်လပ်စွာ ပြောဆိုခွင့်ရသော ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ခဲ့ပါက ယင်းအဖြစ်သို့ ရောက်နိုင်မည် မဟုတ်ဟု မုချ ယုံကြည်မိပါသည်။ ဒီမိုကရေစီ ရှိသော နိုင်ငံတစ်ခုတွင် အများပြည်သူနှင့် ဆိုင်သော ကိစ္စမှန်သမျှ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးရပါသည်။ အစိုးရလုပ်ချင်သလို လုပ်ခွင့်မရပါ။

၁၉၈၃ သည် အာဏာရှင်ကြီး ဗိုလ်ချုပ်နေဝင်း လက်ထက်ဖြစ်ခဲ့ပြီး၊ ယင်းအချိန်က ယခုကဲ့သို့ ပြင်ဆင် ဆောက်လုပ်ခဲ့မှုကို မည်သူကမျှ စောဒက တက်ခဲ့ကျမည် မထင်ပါ။ သို့သော် ယင်း ဗိမ္မာန်အဟောင်းသည်သာ တကယ့် သမိုင်းတန်ဖိုး အစစ်အမှန် ဖြစ်ပြီး၊ အစားထိုး တည်ဆောက်ခြင်းသည် သမိုင်းကို ဖျောက်ဖျက်ခြင်း၊ တိုင်းပြည်အတွက် အရေးကြီးသော ပုဂ္ဂိုလ်များ၏ နေရာ ဖြစ်သည့် အတွက် အခွင့်အရေးရသည်နှင့် ဖျောက်ဖျက်ခြင်း ဖြစ်နိုင်သည်ဟု ထပ်တိုးစဉ်းစား မိပါသည်။ (ယင်းကိစ္စများကို ယင်းအချိန်က တာဝန်ရှိသူများသာ အသိဆုံး ဖြစ်ကြပါလိမ့်မည်။)

အာဏာရှင်များကို ခပ်ဝေးဝေး သာဓက ပေးစရာ မလိုပါ။ ယင်း အာဇာနည်ကုန်း ဗုံးအခွဲခံရစဉ်လာသော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်မှာလည်း ၁၉၈၀ တွင် အာဏာသိမ်းတက်လာသော စစ်အာဏာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၀ မေလ ၁၈ ဂွမ်ဂျူး အရေးအခင်းတွင် လူများ ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၃ ခုသည် အာဏာသိမ်းပြီး ၃ နှစ်အကြာ ဖြစ်၍ မြန်မာပြည် အာဇာနည်ကုန်းတွင် မြောက်ကိုရီးယား တို့၏ ယင်းလုပ်ကြံမှုမှ လူထု ထောက်ခံမှုရရန် ပြန်လည် အမြတ်ထုတ်နိုင်ခဲ့ပါတယ်။

သူ့အရင် သမ္မတ ပတ်ချုံဟီးသည်လည်း ဂျပန်စစ်ပြန် တစ်ဦးဖြစ်ခဲ့ပြီး ဖတ်ဆစ်စနစ်ကို မျိုးစေ့ချခဲ့ပါတယ်။ ပတ်ချုံဟီးဟာ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ သူ့မိန်းမကို တောင် လုပ်ကြံခိုင်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသည်။ ၁၉၇၉ မှာ သူရဲ့ လူယုံ ထောက်လှမ်းရေး အကြီးအကဲကပဲ သူ့ကို လုပ်ကြံ သတ်ဖြတ်ခဲ့ပြန်ပါတယ်။

အာဏာရှင်တွေ အကြား နေရာ၊ အာဏာအတွက် အချင်းချင်း ဖယ်ရှားဖို့ ၀န်မလေးသလို၊ သူတို့ စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်တက်ကျတယ်။ ဒါကြောင့် အာဇာနည် ဗိမ္မာန် ကိုလည်း ဖျောက်ဖျက်ပစ်လိုက်တဲ့ အမှုမျိုး ပြုလုပ်ခဲ့တယ်လို့ ကျနော်ယုံကြည်မိပါတယ်။

မြန်မာပြည်အတွက် အရေးကြီးသော ပုဂ္ဂိုလ်တွေကိုတောင် သည်လို ဖျောက်ဖျက် မှေးမှိန်စေသော အမှုမျိုးပြုရက်သည် ဆိုလျှင် ကမ်းကုန်ပြီ ဖြစ်၍၊ ကျန်သည့် ကိစ္စများတွင် မည်မျှ ဆိုးဝါးစွာ လုပ်ဆောင်ကြမည်ကို စာဖတ်သူတို့ တွေးကြည့်နိုင်ကြမှာပါ။

အာဇာနည်တို့ကို အပျောက်ရှင်းကာ အုတ်တံတိုင်း နီနီတစ်ခု ပြုလုပ်ပေးခဲ့သည်။ အာဇာနည်ကုန်း အထက်တွင် သူရဲကောင်းဗိမ္မာန် ဆိုပြီး ဗမာအယူအရ နာမ်နှိမ်သည့် သဘော ထပ်ဆောက်သည်။ ထိုသူရဲကောင်း ဗိမ္မာန်ရှိ သူရဲကောင်းများသည် ကိုယ့်တိုင်ရင်းသား အချင်းချင်း တိုက်ခိုက်ခဲ့သော သူရဲကောင်းများ ဖြစ်ကြသည်။

အာဇာနည်နေ့ဆိုသည်မှာလည်း တနှစ်တခါ ၀တ်ကျေတန်းကျေ တဖြေးဖြေးအကျဉ်းချုံးလာခဲ့ပြီး နောင်ဆို ရှိတော့မည် မဟုတ် (သို့မဟုတ်လည်း) အာဇာနည် အသစ်အဖြစ် လက်ရှိ ဗိုလ်ချုပ်မှူးကြီး တစ်ဦးသေဆုံးသည့် အခါ သတ်မှတ်ကောင်း သတ်မှတ်နိုင်သေးသည်။

ထိုသို့သော သူရဲကောင်းများဖြင့် တိုင်းပြည်အုပ်ချုပ် နေသရွေ့ ကျနော်တို့ ကံဆိုးမိုးမှောင် ကျနေအုံးမည် ဖြစ်သည်။ စစ်အာဏာရှင်အောက် အာဇာနည်နေ့များသည် အဓိပ္ပါယ် အနှစ်သာရ ကင်းမဲ့နေမည်သာ ဖြစ်သည်။

5 comments:

kay said...

ဗိသုကာသမိုင်းလက်ရာတွေ ပျေက်ပျက်တိမ်းပါးမူ နဲ့.. အာဇာနည်ကုန်း နဲ့ ဆက်စပ်ထားတာ..
အင်း..ဟုတ်တယ်။

ATN said...

တကယ် အဖိုးတန်တဲ့ ဆောင်းပါးကောင်းတခုပါ....

(တခု အကြံပြုပါရစေ... ပို့စ်မတင်ခင်မှာ သတ်ပုံ အကျအပေါက်လေးတွေကို ပြန်စစ်စေချင်ပါတယ်... ဖတ်သူက ပြင်ဖတ်တတ်တာ မှန်ပေမယ့်... ဆောင်းပါးကို ပိုမိုပြည့်စုံသွားစေလိုတဲ့ ဆန္ဒနဲ့ အကြံပြုတာပါ...)

MrB said...

အခုလို လာရောက် အားပေးတဲ့ အတွက်၊ ထောက်ပြတဲ့ အတွက် ကျေးဇူးပါ။

Jerome Namsu said...

Mr.balance စာအုပ်ပြင်ဆင်ထားခဲ့တဲ့ ဘလော့ဂါလက်စွဲစာအုပ်ကိုဖတ်မိရပါတယ်ခင်ဗျာ။ အတော်သဘောကျမိပါတယ်။ အကို့ Email သိပါရစေခင်ဗျာ။ ကျွန်တော်ဆက်သွယ်စရာရှိလို့ပါခင်ဗျာ။
လေးစားလျှက် -
ကျောက်ခေတ်

MrB said...
This comment has been removed by the author.