သည်နေရာမှာ မြတ်စွာ ဘုရားရဲ့ အောင်ခြင်းရှစ်ပါးကို ပြန်သုံးသပ်ကြည့်မိပါတယ်။ ဗုဒ္ဓဟာ မေတ္တာကို အခြေခံထားသော်လည်း တဘက်လူ(ရန်သူ)ရဲ့ အခြေအနေကိုကြည့်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေသုံးပြီး အောင်ခဲ့တာပါ။ အားလုံးကို မေတ္တာသက်သက်နဲ့သာ အောင်တော်မူခဲ့တာ မဟုတ်ပါဘူး။
အောင်ခြင်းပထမမှာ မြတ်စွာ ဘုရားရဲ့ ဘုရား ဖြစ်တော်မူခြင်းကို မနာလိုတဲ့ မာန်နတ်နဲ့ နောက်လိုက် စစ်သည်တွေဟာ မြတ်စွာဘုရားကို နည်းမျိုးစုံခြောက်လှန့် နှိပ်စက်ပါတယ်။ မြတ်စွာဘုရားက မတုန်မလှုပ်မကြောက်မရွံ့ပဲ မေတ္တာလက်နက်ကို ကိုင်စွဲပြီး သစာ ဆိုပါတယ်။ သည်အခါမှာ ပြင်ပအကူအညီဖြစ်တဲ့ ၀သုနြေ္ဒ နတ်ရဲ့ အစွမ်းနဲ့ မာန်နတ်နဲ့နတ်စစ်သည်တွေ ရေမှာမျောပြီး ရှုံးနိမ့်ကုန်ကြပါတယ်။ မာန်နတ်နဲ့ နောက်ပါ စစ်သားတွေဟာ မြတ်စွာဘုရားရဲ့ မေတ္တာတရားမှာ နောင်တ ရ ပြီး မြတ်စွာ ဘုရားကို ဒူးထောက်တောင်းပန်ကြတယ်လို့ မကြားဖူးခဲ့ပါဘူး။
နောက်အောင်ခြင်းတပါးဖြစ်တဲ့ အာဠာဝက ဘီလူးကြီးကို အောင်တော်မူခန်းမှာလည်း မြတ်စွာဘုရားဟာ ဒေါသကြီးလှတဲ့ ဘီလူးကြီးကို ပြောက်ကျားနည်းသုံးပြီး အောင်တော် မူခဲ့ပါတယ်။ ဘီလူးကြီးရဲ့ နေရာမှာ ခတ္တ ခဏစံမြန်းနေတဲ့ မြတ်စွာဘုရားကို ဘီလူးကြီးက အကြမ်းဖက် အင်အားသုံးပြီး မောင်းထုတ်ပါတယ်။ ဗုဒ္ဓက တန်ခိုးနဲ့ ဟိုနေရာက ပေါ်လာလိုက် သည်နေရာက ပေါ်လာလိုက်နဲ့ နောက်ဆုံးမှာ ဘီလူးကြီးမော ပြီး မြတ်စွာဘုရားရဲ့ရှေ့မှောက်ဒူးထောက်ရပါတော့တယ်။ သည်တော့မှ မြတ်စွာဘုရားက မေတ္တာနဲ့တရားဟောတော်မူပါတယ်။
အောင်ခြင်းနံပါတ်(၈) မှာ လည်း သူ့ကိုသူ စွမ်းအားကြီးလှတယ်လို့ ဘ၀င်မြင့်ပြီး မြင့်မိုရ် တောင်ကို ကိုယ်နဲ့ရစ်ပတ် အပိုင်စီးထားတဲ့ နန္ဒောပန္ဒ နဂါးကြီး ကို ဆုံးမဖို့ မြတ်စွာ ဘုရား ဟာ သူ့ရဲ့ လက်ဝဲရံ တန်ခိုးအရာမှာ ထူးချွန်ဆုံးဖြစ်တဲ့ ရှင် မဟာ မောဂ္ဂလန်ကို တာဝန် ပေးခဲ့ပါတယ်။ ရှင်မဟာမေဂ္ဂလန်က နဂါးဆိုးကြီးထက် (၂) ဆကြီးတဲ့ နဂါးကြီး တကောင် အဖြစ် ဖန်ဆင်းပြီး တောင်ကို ရစ်ပတ်ထားတဲ့ နဂါးဆိုးကြီးကို ထပ်မံရစ်ပတ် ဖိညှစ်ပြတော့ မှ နဂါးဆိုးကြီးလည်း မာန်စွယ်ကျိုးသွားခဲ့ပါတော့တယ်။
သည်နေ့ မြန်မာပြည်သူတွေရဲ့တိုက်ပွဲမှာ လည်း မြတ်စွာဘုရားကျင့်သုံးခဲ့သလိုပဲ မေတ္တာတရားကို အခြေခံလို့ ရန်သူရဲ့ အခြေအနေ တုန့်ပြန် သဘောထားတွေ ကို သုံးသပ်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေ သုံးနိုင်ခြင်းဖြင့် အောင်ခြင်းကိုးပါး ဖြစ်စေချင်ပါတယ်။ ပြည်တွင်းပြည်ပ အားလုံးက သင့်တော်မဲ့နည်းလမ်းတွေနဲ့ ၀ိုင်းဝန်းတိုက်ပွဲဝင်လို့ မတရားမူကို တရားမူဖြင့် မုချအနိုင်ယူနိုင်မှာပါ။
No comments:
Post a Comment