ကန့်သတ်

စစ်တပ်ထဲက ကျနော့် မိတ်ဆွေ တယောက် ကျေးဇူးပြုတာပါ။ သူရဲ့စေတနာက "ကျနော်များ တပ်ချုပ်ကြီးနဲ့ အပေါင်းပါများက နိုင်ငံတော်၊ နိုင်ငံတော် ဆိုတဲ့ စကားလုံးကို ရေလဲသုံးပြီး နောင်အနာဂတ် မြန်မာနိုင်ငံတော်ကို ထာဝရ အုပ်ချုပ်မင်းလုပ်နိုင်ဖို့ ဘာတွေ ကြိုတင်ကြံစည်ထားကြတယ်ဆိုတာကို တစေ့တစောင်းလေး သိရအောင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၇) ရဲ့ နှစ်လည်စာစောင်ကို ကန့်သတ်လို့ အောက်ခြေမှတ်စုမှာ ရေးထားပေမဲ့ ပြည်သူအများသိရအောင်၊ အောက်ခြေ အရာရှိအရာခံ၊ အကြပ်တပ်သားများ သိရအောင် ဖြန့်ဝေပေးပါ" လို့ ဆိုလာပါတယ်။ ဒါကြောင့် သိလိုသူများ အောက်မှာရှိတဲ့ ကန့်သတ်ဆိုတဲ့ ပီဒီအက်ဖ်ဖိုင် (၇) ဖိုင်ကို ယူကာ ဖတ်ရှုနိုင်ကြပါတယ်။ လွတ်လပ်စွာ ဝေငှနိုင်ပါတယ်။

အောက်ခြေအရာရှိ၊ အရာခံ၊ အကြပ်တပ်သားများလည်း မဝေးတော့တဲ့ကာလမှာ အင်တာနက်ကြီးကို လွတ်လွတ်လပ်လပ်သုံးနိုင်ပြီး ပွင့်ပွင့်လင်းလင်းတွေးခေါ် မျှော်မြင်နိုင်ကြပါစေ။

ကန့်သတ် (၁)

ကန့်သတ် (၂)

ကန့်သတ် (၃)

ကန့်သတ် (၄) ကန့်သတ် (၅) ကန့်သတ် (၆) ကန့်သတ် (၇)

သတ်ရဲသူ သတ်လော့

ဝဋ်ကြွေးရှိရင် သေလိမ့်မယ်.....

ကြွေးဟောင်းရှိရင်ကျေလိမ့်မယ်.....

အမှန်တရားအတွက် စွန့်ခဲ့မယ်.....

ငါ့အသက်.....

ငါ့ခန္ဓာ....

ငါ့အသွေး.....

ငါ့အရိုးများက...

တောင်းဆိုထားခဲ့မယ်....

ငါပေးခဲ့တဲ့အသက် မျှတခြင်းအတွက်

ငါလှူခဲ့တဲ့အသွေး လူ့အခွင့်အရေးအတွက်

ငါစွန့်ခဲ့တဲ့အသား နောက်သားတွေအတွက်

ပေးခဲ့တဲ့အသက်၊ လှူခဲ့တဲ့အသွေး၊ စွန့်ခဲ့တဲ့အသား

ကြွေးသစ်ငါချထားခဲ့တယ်....

ငါချန်ခဲ့တဲ့အရိုး ကြွေးဖိုးတောင်းဆိုကြလိမ့်မယ်။

စွန့်ခဲ့သူ။

(မြန်မာပြည်မှ ရရှိခဲ့သော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ မူရင်းဓာတ်ပုံ- မိုးဇက်)

သူရဲကောင်း မစ္စတာကန်ဂျီနာကာအိကို ဦးညွတ်ပါသည်

သူဒီနေ့ ထိုင်းအဲယားဝေး လေယာဉ်နဲ့ ဘန်ကောက် လေဆိပ်ကို ဆိုက်ရောက်လာပါတယ်။ အခု ဒီစာကို ရေးနေတဲ့ အချိန်မှာ သူ့ရဲ့မိခင်နိုင်ငံ ဂျပန်ကို ပျံသန်းနေပါတယ်။ မနက်ဖြန်မနက် ဂျပန်စံတော်ချိန် (၇) နာရီမှာ သူ့အဖေနဲ့ အမေက နာရီတာလေဆိပ်ကနေ သူ့ကို အသင့် စောင့်ကြိုဖို့ တိုကျိုမြို့ကို ရောက်နေပါတယ်။ သူရည်ရွယ်ခဲ့တာ သူ့ရဲ့သတင်းမှတ်တမ်း ဓာတ်ပုံများဖြင့် ဆင်းရဲအတိပြီးနေတဲ့ မြန်မာပြည်သူများကို ကူညီနိုင်ဖို့။ ဟုတ်တယ် သူကိုယ်တိုင် သူရဲ့အသက်ပါပေးပြီး ကူညီခဲ့တယ်။ သူရဲ့နောက်ဆုံး အချိန်များက သူအလိုရှိခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများ ဖြစ်သွားခဲ့တယ်။ မြန်မာနိုင်ငံထက် အဆပေါင်းများစွာ ဆိုးရွားတဲ့ အာဖဂန်၊ အီရတ်၊ ပါလက်စတိုင်းကို သူရောက်ခဲ့တယ်။ ဘယ်သူမှ မသွားချင်တဲ့ နေရာတွေကို သွားမယ်ဆိုတဲ့သူ၊ ဘယ်လောက် အန္တရာယ်များများ သတင်းရရန်အတွက် နောက်တွန့်ခဲ့သူ မဟုတ်။ အခု မြန်မာ မြေပေါ်မှာသူ အသက်ပေးသွား ခဲ့တယ်။ မစ္စတာကန်ဂျီနာကာအိ ခင်ဗျား သင်နဲ့အတူ ခုတိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသော ရဟန်း ရှင်လူများ၊ သင်ကဲ့သို့ စွန့်လွှတ် စွန့်စားသွားကြသော သတင်း ထောက်များ အားလုံးကို အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦး အနေဖြင့် သင့်ကို မြန်မာ့ သူရဲကောင်း တစ်ယောက် အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ ဓာတ်ပုံ (၁) မစ္စတာကန်ဂျီနာကာအိရဲ့ ဓာတ်ပုံ (၂) ဘန်ကောက်မြို့ကို ယနေ့ရောက်ရှိလာသည့် မစ္စတာကန်ဂျီနာကာအိရဲ့ ရုပ်အလောင်း (၃) အေပီအက်ဖ် ဥက္ကဌမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (၄) အေပီအက်ဖ် ဥက္ကဌမှ သူတွေ့ရှိခဲ့ရတဲ့ မစ္စတာကန်ဂျီနာကာအိရဲ့ရုပ်အလောင်းမှ နောက်ဆုံးအချိန်ထိ ကင်မရာကိုင်တဲ့လက်ပုံစံကို ပြန်လည်လုပ်ပြပုံ (၅) မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဂျပန်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီး နံပတ် (၁) ဓာတ်ပုံကို Wikipedia မှ ကူးယူဖော်ပြပြီး ကျန်ဓာတ်ပုံများကို ဂျပန်တီဗွီမှ ပြန်လည်ရိုက်ကူး ဖော်ပြသည်။

အောင်ခြင်းကိုးပါး ဖြစ်စေချင်

မြတ်စွာဗုဒ္ဓရဲ့ မေတ္တာတရားဖြင့် အောင်ခြင်း (၈) ပါး ကို အားလုံးသိကြမှာပါ။ ဒီနေ့ ဗုဒ္ဓရဲ့သားတော် ရဟန်းသံဃာတွေနဲ့ မြန်မာပြည်သူတွေ ဟာ မေတ္တာလက်နက်နဲ့ အကြမ်းမဖက် ပဲ အာဏာရူးစစ်အုပ်စုကို တိုက်ပွဲဝင်နေကြပါတယ်။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လွန်းလို့ သာမန်အခြေအနေမှာတောင် ထမင်း နပ်မှန်ဖို့ မနည်းရှာဖွေနေရတဲ့ မြန်မာပြည်သူတွေ၊ ရဟန်းရှင်လူတွေ ခုလို ခေတ်ပျက်၊မြို့ပျက် အခြေအနေမှာ ဘယ်လိုများ စားသောက်နေကြရမလဲ...မစဉ်းစားတတ်အောင်ပါပဲ။ ဒါပေမဲ့ အဲသည်လို အိမ်ပြန်သွားရင် စားဖို့ မရှိတဲ့ကြားကပဲ လူထုဟာ စည်းကမ်းတကျ တိုက်ပွဲဝင် နေကြ ပါတယ်။ ဘယ်ဆိုင် ကိုလုတယ် ဘယ်နေရာမှာ ယက်တယ်ဆိုတာ မကြားရပါဘူး။ တိုက်ပွဲဝင်သူု အားလုံးဟာ နိုင်ငံရေး အတွေးအခေါ်ရော အတွေ့အကြုံပါ ပြည့်ဝနေကြရုံ သာမက တိုင်းပြည်အပေါ် မနာစေချင်တဲ့စေတနာ အပြည့်အ၀ရှိတာ သိသာလှပါတယ်။ မြန်မာလူထုရဲ့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့ တိုက်ပွဲအောင်မြင်စေချင်ပါတယ်။ အောင်ခြင်းကိုးပါးဖြစ်စေချင်ပါတယ်။

သည်နေရာမှာ မြတ်စွာ ဘုရားရဲ့ အောင်ခြင်းရှစ်ပါးကို ပြန်သုံးသပ်ကြည့်မိပါတယ်။ ဗုဒ္ဓဟာ မေတ္တာကို အခြေခံထားသော်လည်း တဘက်လူ(ရန်သူ)ရဲ့ အခြေအနေကိုကြည့်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေသုံးပြီး အောင်ခဲ့တာပါ။ အားလုံးကို မေတ္တာသက်သက်နဲ့သာ အောင်တော်မူခဲ့တာ မဟုတ်ပါဘူး။

အောင်ခြင်းပထမမှာ မြတ်စွာ ဘုရားရဲ့ ဘုရား ဖြစ်တော်မူခြင်းကို မနာလိုတဲ့ မာန်နတ်နဲ့ နောက်လိုက် စစ်သည်တွေဟာ မြတ်စွာဘုရားကို နည်းမျိုးစုံခြောက်လှန့် နှိပ်စက်ပါတယ်။ မြတ်စွာဘုရားက မတုန်မလှုပ်မကြောက်မရွံ့ပဲ မေတ္တာလက်နက်ကို ကိုင်စွဲပြီး သစာ ဆိုပါတယ်။ သည်အခါမှာ ပြင်ပအကူအညီဖြစ်တဲ့ ၀သုနြေ္ဒ နတ်ရဲ့ အစွမ်းနဲ့ မာန်နတ်နဲ့နတ်စစ်သည်တွေ ရေမှာမျောပြီး ရှုံးနိမ့်ကုန်ကြပါတယ်။ မာန်နတ်နဲ့ နောက်ပါ စစ်သားတွေဟာ မြတ်စွာဘုရားရဲ့ မေတ္တာတရားမှာ နောင်တ ရ ပြီး မြတ်စွာ ဘုရားကို ဒူးထောက်တောင်းပန်ကြတယ်လို့ မကြားဖူးခဲ့ပါဘူး။

နောက်အောင်ခြင်းတပါးဖြစ်တဲ့ အာဠာဝက ဘီလူးကြီးကို အောင်တော်မူခန်းမှာလည်း မြတ်စွာဘုရားဟာ ဒေါသကြီးလှတဲ့ ဘီလူးကြီးကို ပြောက်ကျားနည်းသုံးပြီး အောင်တော် မူခဲ့ပါတယ်။ ဘီလူးကြီးရဲ့ နေရာမှာ ခတ္တ ခဏစံမြန်းနေတဲ့ မြတ်စွာဘုရားကို ဘီလူးကြီးက အကြမ်းဖက် အင်အားသုံးပြီး မောင်းထုတ်ပါတယ်။ ဗုဒ္ဓက တန်ခိုးနဲ့ ဟိုနေရာက ပေါ်လာလိုက် သည်နေရာက ပေါ်လာလိုက်နဲ့ နောက်ဆုံးမှာ ဘီလူးကြီးမော ပြီး မြတ်စွာဘုရားရဲ့ရှေ့မှောက်ဒူးထောက်ရပါတော့တယ်။ သည်တော့မှ မြတ်စွာဘုရားက မေတ္တာနဲ့တရားဟောတော်မူပါတယ်။

အောင်ခြင်းနံပါတ်(၈) မှာ လည်း သူ့ကိုသူ စွမ်းအားကြီးလှတယ်လို့ ဘ၀င်မြင့်ပြီး မြင့်မိုရ် တောင်ကို ကိုယ်နဲ့ရစ်ပတ် အပိုင်စီးထားတဲ့ နန္ဒောပန္ဒ နဂါးကြီး ကို ဆုံးမဖို့ မြတ်စွာ ဘုရား ဟာ သူ့ရဲ့ လက်ဝဲရံ တန်ခိုးအရာမှာ ထူးချွန်ဆုံးဖြစ်တဲ့ ရှင် မဟာ မောဂ္ဂလန်ကို တာဝန် ပေးခဲ့ပါတယ်။ ရှင်မဟာမေဂ္ဂလန်က နဂါးဆိုးကြီးထက် (၂) ဆကြီးတဲ့ နဂါးကြီး တကောင် အဖြစ် ဖန်ဆင်းပြီး တောင်ကို ရစ်ပတ်ထားတဲ့ နဂါးဆိုးကြီးကို ထပ်မံရစ်ပတ် ဖိညှစ်ပြတော့ မှ နဂါးဆိုးကြီးလည်း မာန်စွယ်ကျိုးသွားခဲ့ပါတော့တယ်။

သည်နေ့ မြန်မာပြည်သူတွေရဲ့တိုက်ပွဲမှာ လည်း မြတ်စွာဘုရားကျင့်သုံးခဲ့သလိုပဲ မေတ္တာတရားကို အခြေခံလို့ ရန်သူရဲ့ အခြေအနေ တုန့်ပြန် သဘောထားတွေ ကို သုံးသပ်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေ သုံးနိုင်ခြင်းဖြင့် အောင်ခြင်းကိုးပါး ဖြစ်စေချင်ပါတယ်။ ပြည်တွင်းပြည်ပ အားလုံးက သင့်တော်မဲ့နည်းလမ်းတွေနဲ့ ၀ိုင်းဝန်းတိုက်ပွဲဝင်လို့ မတရားမူကို တရားမူဖြင့် မုချအနိုင်ယူနိုင်မှာပါ။