Whether ASEAN on Burma!

အာစီယမ် ဘယ်လဲ၊ ဘာလဲနှင့် ထူးမခြားနား

၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု

၁၉၉၇ ခုနှစ်မှာ ဗကသများ အဖွဲ့ချုပ်မှ တာဝန်ခံထုတ်ဝေခဲ့တဲ့

၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုနှင့် ပတ်သတ်၍ ကျောင်းသားထုသို့ အစီရင်ခံချက်ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။

နိဒါန်းစကားအဖြစ် ပြင်သစ် နိုင်ငံရေးတွေးခေါ်ပညာရှင် ပီ၊ ဂျေ ပရိုဒွန် ရဲ့

ငါတို့ဒူးထောက်နေ၍သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ငါတို့ထကြစို့

ဆိုတာနဲ့ အစချီထားပြီး

ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ရှစ်နှစ်မြောက်အရေးတော်ပုံကာလ ၁၉၉၆-ဒီဇင်ဘာလတွင် လက်ရှိ န၀တစစ် အစိုးရ၏ ပညာရေးစနစ်ကို ရှုတ်ချဆန့်ကျင်သည့် ကျောင်းသားထုအခွင့်အရေးတိုက်ပွဲကြီး ပေါ်ပေါက်ခဲ့လေပြီ။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးအပါအ၀င် ပညာရေးလွတ်လပ်ခွင့်များကို တညီတညာတည်းထုတ်ဖော်တင်ပြ တောင်းဆိုခဲ့ကြသည့် ... ... ...

ကန့်သတ်

စစ်တပ်ထဲက ကျနော့် မိတ်ဆွေ တယောက် ကျေးဇူးပြုတာပါ။ သူရဲ့စေတနာက "ကျနော်များ တပ်ချုပ်ကြီးနဲ့ အပေါင်းပါများက နိုင်ငံတော်၊ နိုင်ငံတော် ဆိုတဲ့ စကားလုံးကို ရေလဲသုံးပြီး နောင်အနာဂတ် မြန်မာနိုင်ငံတော်ကို ထာဝရ အုပ်ချုပ်မင်းလုပ်နိုင်ဖို့ ဘာတွေ ကြိုတင်ကြံစည်ထားကြတယ်ဆိုတာကို တစေ့တစောင်းလေး သိရအောင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၇) ရဲ့ နှစ်လည်စာစောင်ကို ကန့်သတ်လို့ အောက်ခြေမှတ်စုမှာ ရေးထားပေမဲ့ ပြည်သူအများသိရအောင်၊ အောက်ခြေ အရာရှိအရာခံ၊ အကြပ်တပ်သားများ သိရအောင် ဖြန့်ဝေပေးပါ" လို့ ဆိုလာပါတယ်။ ဒါကြောင့် သိလိုသူများ အောက်မှာရှိတဲ့ ကန့်သတ်ဆိုတဲ့ ပီဒီအက်ဖ်ဖိုင် (၇) ဖိုင်ကို ယူကာ ဖတ်ရှုနိုင်ကြပါတယ်။ လွတ်လပ်စွာ ဝေငှနိုင်ပါတယ်။

အောက်ခြေအရာရှိ၊ အရာခံ၊ အကြပ်တပ်သားများလည်း မဝေးတော့တဲ့ကာလမှာ အင်တာနက်ကြီးကို လွတ်လွတ်လပ်လပ်သုံးနိုင်ပြီး ပွင့်ပွင့်လင်းလင်းတွေးခေါ် မျှော်မြင်နိုင်ကြပါစေ။

ကန့်သတ် (၁)

ကန့်သတ် (၂)

ကန့်သတ် (၃)

ကန့်သတ် (၄) ကန့်သတ် (၅) ကန့်သတ် (၆) ကန့်သတ် (၇)

သတ်ရဲသူ သတ်လော့

ဝဋ်ကြွေးရှိရင် သေလိမ့်မယ်.....

ကြွေးဟောင်းရှိရင်ကျေလိမ့်မယ်.....

အမှန်တရားအတွက် စွန့်ခဲ့မယ်.....

ငါ့အသက်.....

ငါ့ခန္ဓာ....

ငါ့အသွေး.....

ငါ့အရိုးများက...

တောင်းဆိုထားခဲ့မယ်....

ငါပေးခဲ့တဲ့အသက် မျှတခြင်းအတွက်

ငါလှူခဲ့တဲ့အသွေး လူ့အခွင့်အရေးအတွက်

ငါစွန့်ခဲ့တဲ့အသား နောက်သားတွေအတွက်

ပေးခဲ့တဲ့အသက်၊ လှူခဲ့တဲ့အသွေး၊ စွန့်ခဲ့တဲ့အသား

ကြွေးသစ်ငါချထားခဲ့တယ်....

ငါချန်ခဲ့တဲ့အရိုး ကြွေးဖိုးတောင်းဆိုကြလိမ့်မယ်။

စွန့်ခဲ့သူ။

(မြန်မာပြည်မှ ရရှိခဲ့သော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ မူရင်းဓာတ်ပုံ- မိုးဇက်)

သူရဲကောင်း မစ္စတာကန်ဂျီနာကာအိကို ဦးညွတ်ပါသည်

သူဒီနေ့ ထိုင်းအဲယားဝေး လေယာဉ်နဲ့ ဘန်ကောက် လေဆိပ်ကို ဆိုက်ရောက်လာပါတယ်။ အခု ဒီစာကို ရေးနေတဲ့ အချိန်မှာ သူ့ရဲ့မိခင်နိုင်ငံ ဂျပန်ကို ပျံသန်းနေပါတယ်။ မနက်ဖြန်မနက် ဂျပန်စံတော်ချိန် (၇) နာရီမှာ သူ့အဖေနဲ့ အမေက နာရီတာလေဆိပ်ကနေ သူ့ကို အသင့် စောင့်ကြိုဖို့ တိုကျိုမြို့ကို ရောက်နေပါတယ်။ သူရည်ရွယ်ခဲ့တာ သူ့ရဲ့သတင်းမှတ်တမ်း ဓာတ်ပုံများဖြင့် ဆင်းရဲအတိပြီးနေတဲ့ မြန်မာပြည်သူများကို ကူညီနိုင်ဖို့။ ဟုတ်တယ် သူကိုယ်တိုင် သူရဲ့အသက်ပါပေးပြီး ကူညီခဲ့တယ်။ သူရဲ့နောက်ဆုံး အချိန်များက သူအလိုရှိခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများ ဖြစ်သွားခဲ့တယ်။ မြန်မာနိုင်ငံထက် အဆပေါင်းများစွာ ဆိုးရွားတဲ့ အာဖဂန်၊ အီရတ်၊ ပါလက်စတိုင်းကို သူရောက်ခဲ့တယ်။ ဘယ်သူမှ မသွားချင်တဲ့ နေရာတွေကို သွားမယ်ဆိုတဲ့သူ၊ ဘယ်လောက် အန္တရာယ်များများ သတင်းရရန်အတွက် နောက်တွန့်ခဲ့သူ မဟုတ်။ အခု မြန်မာ မြေပေါ်မှာသူ အသက်ပေးသွား ခဲ့တယ်။ မစ္စတာကန်ဂျီနာကာအိ ခင်ဗျား သင်နဲ့အတူ ခုတိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသော ရဟန်း ရှင်လူများ၊ သင်ကဲ့သို့ စွန့်လွှတ် စွန့်စားသွားကြသော သတင်း ထောက်များ အားလုံးကို အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦး အနေဖြင့် သင့်ကို မြန်မာ့ သူရဲကောင်း တစ်ယောက် အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ ဓာတ်ပုံ (၁) မစ္စတာကန်ဂျီနာကာအိရဲ့ ဓာတ်ပုံ (၂) ဘန်ကောက်မြို့ကို ယနေ့ရောက်ရှိလာသည့် မစ္စတာကန်ဂျီနာကာအိရဲ့ ရုပ်အလောင်း (၃) အေပီအက်ဖ် ဥက္ကဌမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (၄) အေပီအက်ဖ် ဥက္ကဌမှ သူတွေ့ရှိခဲ့ရတဲ့ မစ္စတာကန်ဂျီနာကာအိရဲ့ရုပ်အလောင်းမှ နောက်ဆုံးအချိန်ထိ ကင်မရာကိုင်တဲ့လက်ပုံစံကို ပြန်လည်လုပ်ပြပုံ (၅) မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဂျပန်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီး နံပတ် (၁) ဓာတ်ပုံကို Wikipedia မှ ကူးယူဖော်ပြပြီး ကျန်ဓာတ်ပုံများကို ဂျပန်တီဗွီမှ ပြန်လည်ရိုက်ကူး ဖော်ပြသည်။

အောင်ခြင်းကိုးပါး ဖြစ်စေချင်

မြတ်စွာဗုဒ္ဓရဲ့ မေတ္တာတရားဖြင့် အောင်ခြင်း (၈) ပါး ကို အားလုံးသိကြမှာပါ။ ဒီနေ့ ဗုဒ္ဓရဲ့သားတော် ရဟန်းသံဃာတွေနဲ့ မြန်မာပြည်သူတွေ ဟာ မေတ္တာလက်နက်နဲ့ အကြမ်းမဖက် ပဲ အာဏာရူးစစ်အုပ်စုကို တိုက်ပွဲဝင်နေကြပါတယ်။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လွန်းလို့ သာမန်အခြေအနေမှာတောင် ထမင်း နပ်မှန်ဖို့ မနည်းရှာဖွေနေရတဲ့ မြန်မာပြည်သူတွေ၊ ရဟန်းရှင်လူတွေ ခုလို ခေတ်ပျက်၊မြို့ပျက် အခြေအနေမှာ ဘယ်လိုများ စားသောက်နေကြရမလဲ...မစဉ်းစားတတ်အောင်ပါပဲ။ ဒါပေမဲ့ အဲသည်လို အိမ်ပြန်သွားရင် စားဖို့ မရှိတဲ့ကြားကပဲ လူထုဟာ စည်းကမ်းတကျ တိုက်ပွဲဝင် နေကြ ပါတယ်။ ဘယ်ဆိုင် ကိုလုတယ် ဘယ်နေရာမှာ ယက်တယ်ဆိုတာ မကြားရပါဘူး။ တိုက်ပွဲဝင်သူု အားလုံးဟာ နိုင်ငံရေး အတွေးအခေါ်ရော အတွေ့အကြုံပါ ပြည့်ဝနေကြရုံ သာမက တိုင်းပြည်အပေါ် မနာစေချင်တဲ့စေတနာ အပြည့်အ၀ရှိတာ သိသာလှပါတယ်။ မြန်မာလူထုရဲ့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့ တိုက်ပွဲအောင်မြင်စေချင်ပါတယ်။ အောင်ခြင်းကိုးပါးဖြစ်စေချင်ပါတယ်။

သည်နေရာမှာ မြတ်စွာ ဘုရားရဲ့ အောင်ခြင်းရှစ်ပါးကို ပြန်သုံးသပ်ကြည့်မိပါတယ်။ ဗုဒ္ဓဟာ မေတ္တာကို အခြေခံထားသော်လည်း တဘက်လူ(ရန်သူ)ရဲ့ အခြေအနေကိုကြည့်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေသုံးပြီး အောင်ခဲ့တာပါ။ အားလုံးကို မေတ္တာသက်သက်နဲ့သာ အောင်တော်မူခဲ့တာ မဟုတ်ပါဘူး။

အောင်ခြင်းပထမမှာ မြတ်စွာ ဘုရားရဲ့ ဘုရား ဖြစ်တော်မူခြင်းကို မနာလိုတဲ့ မာန်နတ်နဲ့ နောက်လိုက် စစ်သည်တွေဟာ မြတ်စွာဘုရားကို နည်းမျိုးစုံခြောက်လှန့် နှိပ်စက်ပါတယ်။ မြတ်စွာဘုရားက မတုန်မလှုပ်မကြောက်မရွံ့ပဲ မေတ္တာလက်နက်ကို ကိုင်စွဲပြီး သစာ ဆိုပါတယ်။ သည်အခါမှာ ပြင်ပအကူအညီဖြစ်တဲ့ ၀သုနြေ္ဒ နတ်ရဲ့ အစွမ်းနဲ့ မာန်နတ်နဲ့နတ်စစ်သည်တွေ ရေမှာမျောပြီး ရှုံးနိမ့်ကုန်ကြပါတယ်။ မာန်နတ်နဲ့ နောက်ပါ စစ်သားတွေဟာ မြတ်စွာဘုရားရဲ့ မေတ္တာတရားမှာ နောင်တ ရ ပြီး မြတ်စွာ ဘုရားကို ဒူးထောက်တောင်းပန်ကြတယ်လို့ မကြားဖူးခဲ့ပါဘူး။

နောက်အောင်ခြင်းတပါးဖြစ်တဲ့ အာဠာဝက ဘီလူးကြီးကို အောင်တော်မူခန်းမှာလည်း မြတ်စွာဘုရားဟာ ဒေါသကြီးလှတဲ့ ဘီလူးကြီးကို ပြောက်ကျားနည်းသုံးပြီး အောင်တော် မူခဲ့ပါတယ်။ ဘီလူးကြီးရဲ့ နေရာမှာ ခတ္တ ခဏစံမြန်းနေတဲ့ မြတ်စွာဘုရားကို ဘီလူးကြီးက အကြမ်းဖက် အင်အားသုံးပြီး မောင်းထုတ်ပါတယ်။ ဗုဒ္ဓက တန်ခိုးနဲ့ ဟိုနေရာက ပေါ်လာလိုက် သည်နေရာက ပေါ်လာလိုက်နဲ့ နောက်ဆုံးမှာ ဘီလူးကြီးမော ပြီး မြတ်စွာဘုရားရဲ့ရှေ့မှောက်ဒူးထောက်ရပါတော့တယ်။ သည်တော့မှ မြတ်စွာဘုရားက မေတ္တာနဲ့တရားဟောတော်မူပါတယ်။

အောင်ခြင်းနံပါတ်(၈) မှာ လည်း သူ့ကိုသူ စွမ်းအားကြီးလှတယ်လို့ ဘ၀င်မြင့်ပြီး မြင့်မိုရ် တောင်ကို ကိုယ်နဲ့ရစ်ပတ် အပိုင်စီးထားတဲ့ နန္ဒောပန္ဒ နဂါးကြီး ကို ဆုံးမဖို့ မြတ်စွာ ဘုရား ဟာ သူ့ရဲ့ လက်ဝဲရံ တန်ခိုးအရာမှာ ထူးချွန်ဆုံးဖြစ်တဲ့ ရှင် မဟာ မောဂ္ဂလန်ကို တာဝန် ပေးခဲ့ပါတယ်။ ရှင်မဟာမေဂ္ဂလန်က နဂါးဆိုးကြီးထက် (၂) ဆကြီးတဲ့ နဂါးကြီး တကောင် အဖြစ် ဖန်ဆင်းပြီး တောင်ကို ရစ်ပတ်ထားတဲ့ နဂါးဆိုးကြီးကို ထပ်မံရစ်ပတ် ဖိညှစ်ပြတော့ မှ နဂါးဆိုးကြီးလည်း မာန်စွယ်ကျိုးသွားခဲ့ပါတော့တယ်။

သည်နေ့ မြန်မာပြည်သူတွေရဲ့တိုက်ပွဲမှာ လည်း မြတ်စွာဘုရားကျင့်သုံးခဲ့သလိုပဲ မေတ္တာတရားကို အခြေခံလို့ ရန်သူရဲ့ အခြေအနေ တုန့်ပြန် သဘောထားတွေ ကို သုံးသပ်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေ သုံးနိုင်ခြင်းဖြင့် အောင်ခြင်းကိုးပါး ဖြစ်စေချင်ပါတယ်။ ပြည်တွင်းပြည်ပ အားလုံးက သင့်တော်မဲ့နည်းလမ်းတွေနဲ့ ၀ိုင်းဝန်းတိုက်ပွဲဝင်လို့ မတရားမူကို တရားမူဖြင့် မုချအနိုင်ယူနိုင်မှာပါ။

New Intruders

အောက်မှာပေးထားတဲ့ Links တွေကနေ ဘန်းထားတာများကို ကြည့်နိုင်ပါတယ်။ http://www.mynetbb.com http://www.shwechat.com/proxy http://www.myalbum.ws/proxy http://www.mmblogg.com အပေါ်မှာ ပေးထားတာတွေမရရင် WWW ကိုဖြုတ်ပြီး ပြန်စမ်းကြည့်ပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူးပါ။ မင်းတို့ ဘယ်လောက် ဘန်းမလဲ။ ငါတို့ ဘယ်လောက် ကျော်နိုင်မလဲ။

ကျနော့်ဘလော့ သပိတ်မှောက်ပြီ

ဆရာမမေငြိမ်း ဘလော့မှာ ဘလော့ဂါမောင်နှမများအား တပ်မတော်သားတွေ အပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာနဲ့ ပတ်သက်ပြီး Tag လုပ်တာတွေ့လို့ ကျနော်ရေးချင်စိတ် ပေါက်လာတယ်။ နောက် ကျုပ်တို့ ဘယ်နေရာရောက်ရောက် ဘယ်ကမ္ဘာရောက်ရောက် ကိုယ့်နိုင်ငံအတွက်ဆိုရင် အနည်းဆုံးတော့ ကိုယ့်ဆန္ဒကို ကိုယ့်ပြနိုင်အောင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တစ်ယောက်ထဲဖြစ်ဖြစ် ပြနိုင်အောင် ကြိုးစားရမယ်။ တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးပမ်းနေရမယ်။ အဲသလို ကျနော်ခံယူပါတယ်။ ဒါကြောင့် ကျနော်သည်စာကို ရေးပါတယ်။ ဘယ်သူကိုယ်မှလည်း ကျနော်မဖိတ်ခေါ်ပါ၊ ရေးကြပါလို့ မတိုက်တွန်းပါ။ စစ်တပ်၊ စစ်အာဏာရှင်၊ စစ်အစိုးရ၊ တပ်မတော်ကို ကျနော် ကြိုးစားကာ သူတို့အပေါ် ဘယ်လိုသဘောထားမည်ကို ရေးကြည့်သည် စဉ်းစားကြည့်သည်။ သို့သော် ဘယ်လိုမှ စည်းရုံးရေးသဘော၊ ချော့သည့်သဘော ပြောလို့ကို မရ။ ထို့ကြောင့် ကျနော် မရေးတော့ပါ။ ကျနော့် အသိအရ ကျနော်တို့ စစ်တပ်၊ တပ်မတော်တစ်ခုလုံးကို တိုက်နေခြင်း မဟုတ်။ စစ်အစိုးရကို ဖြုတ်ချပစ်ရမည်၊ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ ပျောက်ကွယ်သွားအောင် ကြိုးစားကြရမည်။

ကျုပ်တိုင်းပြည်အပေါ် ဖြစ်လိုသည့်စေတနာက တိုင်းပြည်အပြောင်းအလဲကို အငြင်သာဆုံးနည်း၊ သွေးထွက် သံယိုမဲ့သောနည်းဖြင့် ပြောင်းလဲလိုပါသည်။ လူတိုင်းလည်း ထိုကဲ့သို့ပင် လိုချင်ကြပါသည်။ နောက် အခုအာဏာရှင်ကိုဖြုတ်ချတာ၊ နောက်အာဏာရှင်အတွက်ဆိုတာမျိုးအတွက် မဟုတ်ပါ။ သို့သော် ကျနော်ဖြစ်ချင်သော အပြောင်းအလဲမျိုးက ပြောသလောက် မလွယ်ကူပါ။ ကျနော်တို့ ဘီလူးကြီး ဘယ်အချိန် ဘီလူးဆိုင်းတီးမည်လဲ ခန့်မှန်းလို့မရ။ နောက်ဆုံး ထွက်သက်အထိ ကြိုးစားလိမ့်အုံးမည်။

သန်းရွှေပြုတ်ကျတာ စစ်အာဏာရှင်စနစ် ပျက်သုန်းတာမဟုတ်။ စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအထိ ဆောင်ရွက်ရမည်။ မည်ကဲ့သို့သော် အာဏာရှင်စနစ်မျိုးမှ ထက်မပေါ်အောင် ကန့်သတ်နိုင်ရပါမည်။

ယခုလှုပ်ရှားမှုတွေကို ဘယ်သူက သမိုင်းတင်တင် မတင်တင် ကျနော်ကတော့ တင်လိုက်ပါသည်။ အဖြူရောင် (ကျောင်းသား)နဲ့ စတင်ခဲ့တဲ့ လှုပ်ရှားမှုက ဒီကနေ့ မြန်မာ့မြေပေါ်မှာ သံဃာတော်အရှင်သူမြတ်များက ဦးဆောင်ကာ မေတ္တာတရားဓာတ်ကို ဖုံးလွမ်းပြီး အောင်ခြင်းကို ရှာတာကို မေတ္တာတော်လှန်ရေး (Metta Revolution) ဒါမှမဟုတ် မေတ္တာအောင်ပွဲ (Metta Victory) လို့ ကျနော်သတ်မှတ်တယ်။

ပွဲကအခုမှ တကယ်စပါတော့မယ်။ ကျုပ်တို့ ပြည်သူတွေ -

ပြည်သူစစ်သား တို့စစ်သားလို့အော်ပြီး ကြိုဆိုကြရအုံးမှာလား

ပြည်သူ့စစ်သား ကျမယောက်ျားဆိုတာကို ပြန်ကြားရအုံးမှာလား

- ဆိုတာ အားလုံးနဲ့ သက်ဆိုင်သွားပါပြီ။ ကျနော်ရီစရာ ပြောနေခြင်းမဟုတ်ပါ။

ဒီတစ်ခေါက်တော့ ထိုကဲ့သို့ ကျမယောက်ျားဆိုတာအော်ရန် အလှည့်မရောက်နိုင်တော့ဟု ကျနော် မျှော်လင့်ပါသည်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်ရင်း အလုံးစုံသော အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ ဖယ်ထုတ်ရေးအထိ ကြိုးပမ်းသွားနိုင်မည့် အခြေအနေများ လက်တကမ်းတွင် ရှိနေပြီးဖြစ်သည်။ ထိုအခွင့်အရေးကို အရယူနိုင်ဖို့တော့ လိုအပ်ပါသည်။

နောက်ဆုံးအနေနှင့် ကျနော် ကမ္ဘာကြီး တစ်ခုလုံးကြားအောင် အော်ပြောချင်သည်မှာ-

စစ်အာဏာရှင်စနစ် အကုန်အစဉ်ဖျက်သိမ်းရေး

ပင် ဖြစ်ပါသည်။

ကျော်ဝင်း

အယူတော်မင်္ဂလာ အမတ်ကြီိးဦးနိုး ၏ တဘောင်

ကျမကြားခဲ့ဖူးတဲ့ အယူတော်မင်္ဂလာ အမတ်ကြီးဦးနိုးရဲ့ တဘောင်ပါ။ မှတ်မိသမျှရေးလိုက်တာမို့ မမှန်ရင်လည်း ပြင်ပေးကြပါ။ အဲသည် အယူတော်မင်္ဂလာကို အဓိပ္ပါယ်ကောင်းးကောင်းမဖွင့်တတ်ပေမဲ့ `သာသနာမောင်းရှေ့ကဆော် ဒေါင်းတွေကအော်´ ဆိုတဲ့ စာပိုဒ်ကလေးနဲ့ `ဇာနည်ကြက်မသူတွန်လျှင် ဇမ္ပူတခွင်လင်းလို့မဆုံး´ဆိုတဲ့ စာပိုဒ် ကလေးကိုကြိုက်လို့ ပိုစ့်တင်လိုက်တာပါ။

အယူတော်မင်္ဂလာ အမတ်ကြီိးဦးနိုး ၏ တဘောင်

တပင်တိုင် ခ၀ါချပြီမို့

နာကြတဲ့ အသီးတွေ

တွန့်လို့သာကြေ

အသီးတွေကြေ နာရီတွေ ဘယ်လိုပြောင်းပေမဲ့

သာသနာမောင်း ရှေ့ကဆော်

ဒေါင်းတွေကအော်

ဒေါင်းအော်လျှင်မနေသာ

သူလာပါလိမ့်လေး

ခြင်္သေ့မင်းက တန်ခိုးကြွယ်

တိုးလို့ကွယ်ပျက်လိမ့်အုံး

ဂူပုန်းတဲ့ ခင်ကြီးပျော်တို့ရယ်

သမီးတော်ကို လွှတ်လိုက်ပါဦး

ဇာနည်ကြက်မ သူတွန်လျှင်

ဇမ္ဗူတခွင် လင်းလို့ မဆုံး။

သံဃံ သရဏံ ဂစ္ဆာမိ

(၁) တာမွေဗလီအနီး နေ့လည် (၂) နာရီခန့်က သံဃာတော်များ

(၂) ကျောက်မြောင်း ရဲစခန်းရှေ့ အရောက် (၃) မင်္ဂလာဈေး လမ်းကျယ်၊ ယုဇနပလာဇာ အနီး

Who is the Guardian of Truth!

သဘောထားကြီးခြင်း

ကျနော် အခုဆောင်းပါးကို ဖတ်မိကတည်းက ကြိုက်လွန်းလို့ စာအုပ်ပါတောင်းလာမိတယ်။ ရန်သူဖြစ်ခဲ့ဘူးသူ အချင်းချင်း သဘောထားကြီးကျတာ အတော့်ကို ဂုဏ်ယူချီးကျူးစရာပါ။ ဒါနဲ့ အခုဆောင်းပါးကို ဖတ်ရင်း စဉ်းစားမိသည်မှာ-

  • ကျနော်ကော သဘောထားကြီးကြီး ထားနိုင်ရဲ့လား။
  • ကျနော်တို့ ဘာကြောင့်သဘောထား မကြီးကျတာလဲ။
  • သူတို့ကော ဘာလို့သဘောထားကြီးနိုင်ကြတာလဲ။
  • သဘောထားကြီးချင်းဟာ ကျနော်တို့ မြန်မာလူများမှာ မရှိနိုင်တော့ဘူးလား။
  • အတုယူစရာဆို အရှေ့တွေ၊ အနောက်တွေ မခွဲခြားဘဲ အတုမယူနိုင်တော့ဘူးလား။

ကျနော့်အတွေးများကို ဆင့်ပွားလိုက်ပါတယ်။ ခွင့်ပြုချက် မတောင်းခံနိုင်သည်ကို ဒီနေရာကနေ အနူးညွတ်တောင်းပန် အပ်ပါသည်။

********************************************

သဘောထားကြီးခြင်း - ဦးတင်ဦး (ကျူရှင်)

ကျွန်တော်သည် အားလက်ရက်တစ်ရက်တွင် စာဟောင်းတစ်ပုဒ်ကိုဖတ်မိရင်းစိတ်ထဲမှာ ထိထိခိုက်ခိုက်ခံစား သွားမိသည်။ ထိုစာဖတ်ပြီး ဟိုတွေးသည်တွေးလည်း တွေးနေမိသည်။ ထိုသို့ တွေးမိတွေးရာ တွေးရင်း ကျွန်တော့်ဖခင်၏ ဆိုဆုံးမစကား ကျွန်တော့်ရင်ထဲမှာ စွဲပါမိလာပုံတို့ပါ ပြန်လည်သုံးသပ်ကြည့်နေမိပါသည်။

ကျွန်တော်ငယ်စဉ် (၁၃-၁၄) နှစ်သားအရွယ်လောက်က ကျွန်တော်နှင့် အရွယ်မတိမ်းမယိမ်း (သူကတစ်နှစ် လောက်တောင် ကြီးသေးသည် ထင်ပါသည်။) မိန်းကလေးတစ်ဦးနှင့် ရန်ဖြစ်မိသည်။ ထိုနေ့က ကျောင်းပိတ် ရက်ဖြစ်၍ ကျောင်းမသွားရ၊ ကျောင်းအားရက်တွင် တတ်နိုင်သမျှ မိဘကိုကူရသည့်အတိုင်း ရွာခြေမှနှမ်းခင်း တစ်ခုတွင် မြက်တစ်ခြင်းလောက် သွားရိတ်စဉ် ထိုမိန်းကလေးလည်း မြက်ရိတ်ရင်းကြုံရာမှ စကားများ ရန်ဖြစ်ကြခြင်း ဖြစ်သည်။ ကျွန်တော်သူ့အား ရိုက်မောင်းပုတ်မောင်းပင် မလုပ်ခဲ့သော်လည်း အော်ဟစ် ဆဲဆိုခြင်းမျိုးကားပြုခဲ့ပေရာ ကျွန်တော့်ဖခင်က ကြားသိသွား၍ ကျွန်တော့်အား ပြစ်တင်ကြိမ်းမောင်း ပါသည်။ကျွန်တော်က ကျွန်တော့်ဘက်က မဆိုးကြောင်း၊ သူကဘယ်သို့ ဘယ်ညာ ပြောရာမှ ဤသို့ ရန်ဖြစ်ရခြင်း ဖြစ်ကြောင်း ရှင်းပြပါသော်လည်း ကျွန်တော့်ဖခင်က လက်မခံပါ။ ကျွန်တော်က ကျွန်တော် မမှားကြောင်း ဘယ်သို့သော အကြောင်းယုတ္တိတွေပင်ပြပြ ယောက်ျားတစ်ယောက်နှင့် ယှဉ်လျှင် အဖက်ဖက်က အားနည်းနေပြီးသား မိန်ကလေးတစ်ဦးနှင့် ဖက်ပြိုင် ရန်ဖြစ်နေခြင်းကပင်လျှင် ကျွန်တော် မှားနေပြီး ဖြစ်ကြောင်း ကျွန်တော့်ဖခင်က ဆုံးဖြတ်ပါသည်။ ဆုံးဖြတ်ရုံမက ကျွန်တော့်အား ပြစ်တင် ရှုတ်ချ၍လည်း ဆုံးမ ပါသည်။ “ကိုယ်ကနိုင်နေပြီး သားလူကို မင်းက အနိုင်ရချင်နေတာကိုက သေးသိမ်တဲ့ စိတ်ဖြစ်နေပြီး ငါ့သားရ” တဲ့။

ကျွန်တော့်ဖခင်သည် စိတ်မြန်သူဖြစ်ရာ ကြိမ်တွေ့အောင် မစောင့်နိုင်သူ၊ သူစိတ်ဆိုးလျှင် လွယ်ကူရာ သူ့လက်ဝါးကို သုံး၍ ကျောပြင်မှာ ‘ဗိန်း’ ၊ ‘ဗိန်း’ နှင့်မြည်အောင် ရိုက်တတ်သူဖြစ်သည်။ သူရိုက်လျှင် အသည်း၊ နှလုံးတွေ လှူပ်ခါသွားသည် ထင်ရသည်။ သို့ရာတွင် ထိုနေ့က သူ ကျွန်တော့်ကိုမရိုက်ခဲ့ပါ။ မရိုက်ပင် မရိုက်သော်လည်း ကျွန်တော့်စိတ်မှာ ရိုက်တာထက်နာပြီး ကိုယ့်ဘာသာကိုယ် ရှက်သွားသည်။ အသည်း၊ နှလုံးတွေ လှုပ်ခါ မသွားသော်လည်း ဖခင်၏စကားများ အသည်း၊ နှလုံးသားထဲမှာ သံမှိုနှင့်စွဲလိုက်သလို ဖြစ်သွားပါသည်။ ထို့ကြောင့် ထိုနေ့မှစ၍ ကျွန်တော်က နိုင်လောက်သည့် အခြေအနေ ရှိနေနှင့်ပြီးသား သူမျိုးနှင့် ကျွန်တော် ဘယ်တော့မှ ရန်မဖြစ်တော့ပါ။ ဖက်ပြိုင်ရန်လည်း မကြိုးစားတော့ပါ။

သို့ရာတွင် ကိုယ်က အထက်စီးအနေမျိုးရောက်နှင့်နေသူမျိုးအပေါ်ကိုသာ ကျွန်တော်က အလိုအလျောက် လျော့ ပေးထားပြီးဖြစ်သော်လည်း ကိုယ့်ထက်အားကြီးသူမျိုးက ဗိုလ်ကျသလိုအမူအရာမျိုးတွေ့ပါက ကျွန်တော် အလျော့ပေးလေ့ မရှိသည့်အပြင် ထိုသူမျိုးကိုကြုံပါက ရင်ဆိုင်ရဲဖို့လည်း စိတ်ထဲမှာ အသင့်ထားလေသည်။

ထိုစိတ်အခံကြောင့် တစ်ခါက ကျွန်တော်မှားခဲ့ပုံကိုလည်း ယခုပြန်တွေးနေမိပါသည်။ ပျဉ်းမနားမြို့ အားကစား အကြောင်းနှင့် စပ်လျဉ်း၍ပြောလျင် ဆရာခင်မောင်ထွေး (ပျဉ်းမနား) အကြောင်း ထည့်မပြော၍ မဖြစ်သလို ဟိုတစ်ခေတ်က ပျဉ်းမနားမြို့ ဘောလုံးအကြောင်း ပြောလျှင် တင်ယု၊ တင်စိုး၊ တင်အေး ဆိုသည့် ‘တင်’ သုံး ‘တင်’ တို့မပါ၍ မဖြစ်ပါ။ ပျဉ်းမနားမြို့နယ်တွင် သက်တမ်းအတော်ရှည်ကြာစွာ ကစားလာကြသော နာမည်ကြီး ဘောလုံးသမားများ ဖြစ်သည်။ ကိုတင်စိုးမှာ တိုင်းနှင့်ပြည်နယ်ပွဲများ စတင်စဉ်က ရှမ်းပြည်နယ် လက်ရွေးစင် အဖြစ် ( သက်တမ်းအရှည်ဆုံးလက်ရွေးစင်) ဘဟာဒူးတို့နှင့်အတူ ကစားလာသူ ဖြစ်သည်။ ကိုတင်အေးမှာ အားထားရသော ရှေ့တန်းသမားတစ်ဦးဖြစ်သလို ကိုတင်ယုမှာလည်း ပျဉ်းမနားနောက်တန်းတွင် အုတ်တံတိုင်း လောက် အားကိုးရသူဖြစ်သည်။ ထို့ပြင် သူသည် တော်ရုံရှေ့တန်းသမားများ သူ့အနား မသီရဲလောက်အောင် လူချရာ၌လည်း နာမည်ကြီးသူဖြစ်သည်။

ထိုသူတို့သုံးဦးနှင့် ကျွန်တော်သည် ပျဉ်းမနားသကြားစက်တွင် လုပ်ဖော်ကိုင်ဖက်များဖြစ်သော်လည်း သူတို့ အထဲ၌ အငယ်ဆုံးဖြစ်သော ကိုတင်စိုးသည်ပင်လျှင် ကျွန်တော့်ထက် ငါးနှစ်၊ ခြောက်နှစ်ကြီးသေးသည်ဖြစ်၍ အသက်အရွယ်ချင်းလည်းကွာ၊ ၀ါချင်း၊ သဘောချင်းလည်းကွာပါသည်။ သို့ရာတွင် တစ်ခါမှာ ကွင်းထဲရောက်က လူတိုင်းက ရွံ့ကြရသည့် ထိုသူများနှင့် ကျွန်တော်သည် ကွင်းထဲမှာပင် တွေ့ခဲ့ရသည်။ ပျဉ်းမနား သကြားစက် တွင် ဘောလုံးအသင်းနှစ်သင်းဖွဲ့ရာ ကျွန်တော်သည် ‘ အေ’ အသင်းတွင် ‘အရန်’ အဖြစ် နေရမည့်အစား ‘ဘီ’ အသင်းတွင်ပင် ကပ္ပတိန်လုပ်တော့မည်ဟု ဆုံးဖြတ်ပြီး ‘ဘီ’ သင်းမှ ကစားပါသည်။

တစ်နေ့သ၌ စက်ထဲမှကွင်းတွင်မှာပင် ‘အေ’နှင့် ‘ဘီ’ တို့နှစ်သင်းခွဲ၍ ယှဉ်ပြိုင်ကစားကြရသည်။ ရှေ့တန်းမှ တက်ကစားမည့် ကျွန်တော်သည် ‘အေ’ သင်းနောက်တန်း ကိုတင်ယုနှင့် မုချတွေ့ရပါတော့မည်။ ဘောလုံး ပညာ၊ ဘောလုံးဝါချင်း ဘယ်လိုမျှမယှဉ်နိုင်ပါ။ အားခွန်ဗလချင်းဖက်ပြိင်လျှင်လည်း ကိုတင်ယုက ဆွဲရမ်၍ လွှင့်ပစ်လိုက်လျှင် ကျွန်တော်သည် ဘောလုံးကွင်း အပြင်ဖက်သို့ ဖုတ်ခနဲကျသွားနိုင်သည်။ သူ့အနားသီ၍ ဘောလုံးဆွဲသွားလျှင်လည်း ကိုတင်ယုက ဘောလုံးရောလူပါ သိမ်းကျူံး၍ ကျွန်တော့်ကို ‘ချ’ လေတော့မည်။ ကျွန်တော့်မှာ လူတိုင်းလောက်နီးနီးက ကြောက်ရသည့် ကိုတင်ယုကို ကြောက်ရမှာ ကြောက်သည့် စိတ်က အတော်ကြီး ဖိစီးနေသည်။ သို့နှင့် မထူးပါဘူးဟု စိတ်ဆုံးဖြတ်လျက် ကျွန်တော် ဘောလုံးရသည့်အခါ သူတို့ ဂိုးပေါက်ထဲသို့ ဆွဲပြေးသည်။ ကိုတင်ယုသည် ကျွန်တော်ဆွဲလာသည်ကို ဘယ်လို ဖျက်ဆီးလျှင် ရမည်ဆိုတာကို တွက်ထားနိုင်ပြီးဖြစ်ရာ အေးဆေးစွာပင်ရှေ့မှဖျက်ဖို့ နေရာယူထားသည်။ နှစ်ဦးသား ပူးမိလုနီးလောက် အခြေအနေလည်း အရောက် ကိုတင်ယုက ဖျက်မည်လဲပြင်လိုက်စဉ် ကျွန်တော်သည် ‘ပြောင်’ ပင် (၀ါ) ‘ပေါ်တင်ကြီးပဲ’ သူ့ညိုသကျည်းကို ကန်ထည့်လိုက်ပါသည်။ ကိုတင်ယုသည် ဘောလုံးပြေးရာသို့လည်း ဆက်၍ မလိုက်ပါ၊ ကျွန်တော့်ကိုလည်း ဆွဲမထိုးဘဲ ရှေ့တွင် ရပ်လျက်သားကပင် “ဟာ ကိုတင်ဦး ခင်ဗျား ကျွန်တော့်ကို တောင် ချတယ်ပဲဗျ” ဟုပြောသည်။ “ ခင်ဗျားကို ဘာမို့လို့ မချရမှာလဲ” ဟု ကျွန်တော်က ခပ်တည်တည်နှင့် ထပ်ပြော လိုက်သေးသည်။ ကိုတင်ယုသည် ပြုံးလျက်သားဖြင်း ‘ သြော်….. ကိုတင်ဦး၊ ကိုတင်ဦး’ ဟူ၍သာ နှုတ်က ရွတ်နေလေသည်။

ကျွန်တော်သည် လူချရာတွင် နာမည်ကြီးသူ ကိုတင်ယုက အနိုင်ယူမည်ကို မခံလိုသည့်ဆန္ဒစွဲဖြင့် ငယ်စဉ် ဘောလုံးကစားလာသည့် ကာလတလျှောက်လုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် တစ်ဖက်လူက မတိုက်ခိုက် ဘဲနှင့် ကိုယ်ကအရင် စတင် တိုက်ခိုက်လိုက်ခြင်းမျိုးကို ပြုမိခဲ့ပေသည်။ သို့ရာတွင် ကိုတင်ယုသည် သူ့ထက် ငယ်သူနှင့် အားနည်းသူ ကျွန်တော့်ကို ဘယ်လိုမှ လက်ရုံးအားဖြင့် တုံ့ပြန်ခြင်းမပြုဘဲ သဘောထားကြီး ကြောင်းကို ပြသခဲ့ပေးပါသည်။ ထိုနေ့မှစ၍ ကျွန်တော် ကိုတင်ယုကို လေးစားချစ်ခင်သွားမိခဲ့ ပေသည်။

ထိုနေ့ ဘောလုံးပွဲက တည်ဆောက်ခဲ့သော ကျွန်တော်တို့၏ ချစ်ကြည်ရင်းနှီးမှုသည် ယနေ့ထက်တိုင် ခိုင်မြဲ လျက် ရှိနေသေးတော့သည်။

ဤအကြောင်းတွေကို ပြန်တွေးမိသည်မှာ (၁၉၅၅) ခုနှစ် မေလထုတ် ရီးဒါးဒိုင်ချက်စ်အဟောင်းထဲမှ ဗာဂျီနီး ယပ်စ် ဒက်ဘနေရေးသည့် ‘ မော်ကွန်းတင်လောက်သည့် လက်နက်ချပွဲ’ ဟူသော ဆောင်းပါးကို ဖတ်မိလိုက် သောကြောင့်ဖြစ်သည်။

(၁၈၆၀-၆၁) တွင် တောင်ပိုင်းပြည်နယ် (၁၁) ခုတို့သည် အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်ဖို့ ညီကာ Confederate States ဟူ၍ ဖြစ်လာခဲ့သည်။ ထိုခွဲထွက် ’ကွန်ဖက်ဒရိတ်’ တပ်များကို ဦးဆောင်သည့် ဗိုလ်ချုပ်ကြီး ရောဘတ်လီး၏ တပ်များနှင့် ပြည်ထောင်စုတပ်မတော်၏ ဗိုလ်ချုပ်ကြီး ယူလစ်ဆက်စ်ဂရန့်၏ တပ်များသည် (၁၈၆၅) ခုနှစ်၊ ဧပြီလတွင် ဗာဂျီးနီးယားပြည်နယ် အက်ပိုမက်တောက်စ်တွင် တွေ့ကြသည်။

ဂရန့်သည် တောင်ပိုင်းတပ်များမှ ဗိုလ်ချုပ်ကြီး ဗစ်စ်ဘာ့ဂ်ကို လက်နက်ချစေခဲ့ပြီး မစ္စ္စစ္စပိမြစ်ကိုလည်း ထိန်းချုပ် မိလိုက်ပြီး ဖြစ်၍ တောင်းပိုင်းခွဲထွက် ပြည်နယ်များကို နှစ်ခြမ်းပိုင်းပစ်နိုင်ခဲ့ပြီးဖြစ်သည်။ သူ့အား သမ္မတ လင်ကွန်းက မြောက်ပိုင်း ဗာဂျင်းနယား တပ်မတော်ကြီးကို ချေမှုန်းပြီး ရစ်ခ်ျမွန်ကို အရသိမ်းဖို့ ညွှန်ကြား ထားသည်။

ဗိုလ်ချုပ်ကြီး ရောဘတ်လီး၏ တပ်မတော်မှာ သမ္မတလင်ကွန်းက ချေမှုန်းခိုင်းထားသည့် တပ်မတော်ကြီးပင် ဖြစ်သည်။

ထိုအချိန်က ဂရန့်၏အသက်မှာ (၄၂) နှစ်၊ ရောဘတ်လီး၏အသက်မှာ (၅၇) နှစ်၊ ဗိုလ်ချုပ်ကြီးလီးသည် စစ်အင်အားချင်းမမျှ မိမိတပ်ထက် အဆမတန်သာသည့် ဂရန့်၏ ပြည်ထောင်စုတပ်မတော်ကို တွေ့ရာ နေရာ တိုင်းတွင် အထိအခိုက် အကျအဆုံးများအောင် တိုက်လာခဲ့သူဖြစ်၍ မြောက်ပိုင်းသားတို့က လေးစား ခန့်ညားရသူစစ်သားကြီး ဖြစ်သည်။ ယခုမူ သူ့စစ်သားတွေသည် မျက်တွင်းဟောက်ပက်နှင့် ဖြစ်နေကြလေပြီ။ ရိက္ခာလည်း ပြတ်နေချေပြီ။ ကိုယ့်မြင်းတွေ, မြည်းတွေကျွေးသည့် အစာထဲမှ ခွဲဝေလုယူစားမည် ဆိုတောင်မှ လည်း ရက်ပိုင်းမျှလောက်သာ ခံမည်။ သူသည် ပထမက မြောက်ကာရိုလိုင်းနားပြည်နယ်ဘက်သို့ ဖောက်ထွက် သွားမည်ဟု ကြံရွယ်ထားသည်။ ရောက်နေသောဒေသသည် ရွံ့နွံထူရာဒေသဖြစ်၍ စစ်လှုပ်ရှားမှု မပြုနိုင် လောက်အောင် ဖြစ်နေချိန်တွင် ဂရန့်၏မြင်းတပ်များက ၀က်ခေါင်းထိုးဆင်းလာခဲ့ပြီး ခြေသည်စစ်သားများရော မြင်းစီးတပ်များနှင့်ပါ လေးဘက်လေးတန်မှ ညှပ်ပိတ်ထားလိုက်သဖြင့် အက်ပိုမက်တောက်စ်ဒေသန္တရ အုပ်ချုပ်ရေးရုံးအနီးတွင် လှုပ်မရတော့ပဲ ထိုမူလအကြံကိုလည်း စွန့်လွှတ်လိုက်ရတော့သည်။

ထိုကြောင့်ဗိုလ်ချုပ်ကြီးလီးသည် ဗိုလ်ချုပ်ကြီးဂရန့်နှင့် တွေ့ဆုံဆွေးနွေး၍ လက်နက်ချရန်မှအပ ရွေးစရာလမ်း မရှိတော့ပေ။ သို့ဖြင့် ဧပြီလ () ရက်တွင် ဂရန့်ထံသို့ ကမ်းလှမ်းစကား ပို့ခိုင်းလိုက်သည်။ သူ့စစ်ဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး မာရှယ်ကိုလည်း လက်နက်ချစည်းကမ်း သတ်မှတ်ရန် ဆွေးနွေးမည့်နေရာကို ရှာခိုင်းထားသည်။ သူကမူ အက်ပိုမက်တောက်စ်မြစ် တစ်ဖက်ကမ်းမှ ပန်းသီးပင် တစ်ပင်အောက်တွင် စောင့်နေသည်။ ဂရန့်ထံမှ စကားပြန်ကြားချက်ရသော် အကောင်းဆုံးယူနီဖောင်းနှင့်၊ အလှဆုံးဓားကို လွယ်ကာ ‘ခရီးသည်’ ဟုအမည်ရှိသော သူ၏ နာမည်ကျော်မြင်းကို စီး၍ အချိန်းအချက်ပြုရာ နေရာသို့ သွားသည်။ သူနှင့် ဗိုလ်ချုပ်ကြီးမာရှယ်တို့က ဂရန့်အရင် အရောက်သွားနှင့်သည်။ ဂရန့်သည် မကြာခင်မှာပင် ရွံ့အလူးလူး စစ်မြေပြင်ဝတ် ယူနီဖောင်းနှင့် ရေးကြီးသုတ်ပျာ ရောက်ချလာသည်။ ဗိုလ်ချုပ်ကြီးလီး သူ့အား ကြာကြာ စောင့် မနေရစေလိုသဖြင့် ယူနီဖောင်းသစ်လဲမနေနိုင်တော့ခြင်းပင်။

သူတို့နှစ်ဦးသည် လွန်ခဲ့သော (၁၇) နှစ်က မက္ကဆီကန်စစ်ပွဲတွင် သာမန်စစ်ဗိုလ်များအဖြစ်နှင့် ပါဝင် သိကျွမ်းဖူးခဲ့သူများ ဖြစ်ရာ လက်နက်ချရန် လာရောက်ဆက်သွယ်သည့် ရန်သူဗိုလ်ချုပ်ကြီးကို ဂရန့်က ရှေးဟောင်း နှောင်းဖြစ်တွေ ပြောရင်း ဧည့်ခံနေသဖြင့် ယခုလာတွေ့သည့် အရေးကိစ္စအကြောင်းကို ဗိုလ်ချုပ်ကြီးလီးက ပြောပြ သတိပေး ယူရသေးတော့သည်။

ကိုယ့်လက်ခုပ်အတွင်းက ရေအဖြစ်ရောက်နေသော တောင်းပိုင်းတပ်မတော်ကြီးအား ဂရန့်သည် သွန်လိုသွန်၊ မှောက်လိုမှောက်ပြုနိုင်သည့် အခြေအနေရောက်နေပါသော်လည်း ထိုသို့မပြုခဲ့။ နောင်တွင်တဖန် အမေရိကန် ပြည်ထောင်စုအား လက်နက်စွဲ၍ ပြန်မတိုက်တော့ပါဟု ကတိသစ္စာပြုနိုင်ပါလျှင် တပ်ဗိုလ် တပ်သား အားလုံးကို ဘာမှမလုပ်ဘဲ မိမိတို့ နေအိမ်အသီးသီးတို့ ပြန်ခွင့်ပြုပါမည်ဟု ဂရန့်ကအဆိုပြုလေသည်။ ဗိုလ်ချုပ်ကြီးလီး သည် သူ့လူတွေအား ထောင်ထဲသို့ ချီတက်မသွားစေခဲ့သဖြင့် လွန်စွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွား လေသည်။

ဒါတောင် ပြောစရာရှိပါက ပြောပါဦးဟု ဂရန့်က ပြောသဖြင့် ဗိုလ်ချုပ်ကြီးလီးက သူ့မြင်းတပ်သားများသည် မိမိတို့ စီးသော မြင်းများကို ကိုယ့်ဌာနေပြန်လျှင် လယ်ယာစိုက်ပျိုးခွင့်သို့ ယူဆောင်သွားခွင့် ပြုနိုင်ပါ မည်လောဟု မေးကြည့်ရာ ဂရန့်က ထိုတောင်းဆိုချက်ကိုလည်း ခွင့်ပြုလိုက်ပါသည်။ ထိုနောက် ရန်သူ ဗိုလ်ချုပ်ကြီးက မိမိလက်တွင်း၌ ပြည်ထောင်စုတပ်မတော်ကြီးမှ စစ်သားသုံ့ပန်း (၁၀၀၀) လောက်ရှိနေပါသည်။ မိမိတို့မှာ ရိက္ခာပြတ်နေပြီဖြစ်ပါ၍ ထိုပြည်ထောင်စု တပ်မတော်သား သုံ့ပန်းများအတွက် စားနပ်ရိက္ခာပေးနိုင်က ပေးစေလိုကြောင်း ပြောသည့်အခါ ဂရန့်သည် ဗိုလ်ချုပ်လီး၏တပ်မတော်တွင် လူနှစ်သောင်းခွဲလောက်တော့ ကျန်နေလိမ့်ဦးမည်ဟု တွေးကာ ကိုယ့်စစ်သားလူတစ်ထောင်အတွက် တောင်းသည့်ရိက္ခာကို သူ့စစ်သား နှစ်သောင်းခွဲ အတွက်ပါ ပေးလိုက်ပါသည်။

ပြောဆိုပြီးစီး၍ ဆွေးနွေးသည့် အဆောက်အအုံမှ ဗိုလ်ချုပ်ကြီးလီး ထွက်လာသည့်အခါ ပြည်ထောင်စု တပ်မတော်မှ အရာရှိများက မတ်တပ်ရပ်၍ အလေးပြုကြသည်။ ဗိုလ်ချုပ်ကြီးလီးသည် သူ့မြင်း ’ခရီးသည်’ အပေါ်တက်၍ သူ့ဌာနချုပ်သို့ ပြန်သွားရာ သူဖြတ်သွားရာ လမ်းတလျှောက်၌ တွေ့ရသည့် အရာရှိများနှင့် ရဲဘော်များက ၀မ်းသာရွင်မြူးကြိုဆိုကြသည်။ စိတ်မထိန်းနိုင်၍ သူ့မျက်နှာ မရွင်မပျဖြစ်နေသည်ကို သူ့လူများ မြင်ကြသော် သူ့တဲအတွင်းသို့ပါ ၀ိုင်းအုံလိုက်လာပြီး မေးကြသည်။ ဗိုလ်ချုပ်က အသံတုန်တုန်ရီရီဖြင့် သူတို့ ကိုယ့်အိမ် ကိုယ့်ရာ ပြန်ရတော့မည့် အကြောင်း၊ လက်နက်ချစည်းကမ်းကို ပြောပြရာ အားလုံးသည် ငိုကြွေးကြ ကုန်၏။ ဗိုလ်ချုပ်ကြီး နှုတ်ကသာ မိန့်လိုက်ပါ။ ကျွန်တော်တို့ အသေခံ၍ ဆက်တိုက်ကြပါမည်ဟု ပြောကြသည်။ (မည်သည့် ခေါင်းဆောင်ကောင်းသည် မိမိနောက်လိုက်များကို သေတွင်းသို့ ပို့ရက်ပါသနည်း။)

နောက်တစ်နေ့ ဧပြီလ (၁၁) ရက်တွင် ဗိုလ်ချုပ်ကြီးလီးသည် ဗိုလ်မှူးကြီးမာရှယ်ရေးထားသော နှုတ်ဆက်မိန့် ခွန်းကို တစ်လုံးနှစ်လုံးသာပြင်၍ သူ့တပ်အားဖတ်ပြနှုတ်ဆက်သည်။ နောက်တစ်နေ့ဧပြီလ (၁၁) ရက်တွင် လက်နက်ချပွဲ ကျင်းပရာ အက်ပိုမက်တော့က်စ် ဒေသန္တရအုပ်ချုပ်ရေးရုံးနားမှ ရွာကလေးသို့ တောင်ပိုင်း တပ်တွေ တန်းစီချီလာရာ လမ်းဘေးဝဲယာ၌ ပြည်ထောင်စုတပ်မတော်မှ ဗိုလ်ချုပ်ကြီး ချိန်ဘာလိန်၏ တပ်မဟာ နှစ်ခု၏ တပ်သားများက တန်းစီစောင့်နေကြပြီး ဆီးကြိုအလေးပြုကြသည်။ ကွန်ဖက်ဒရိတ် တပ်မတော်မှ တပ်ဗိုလ်တပ်သားများသည် ပြန်လည်အလေးပြုပြီး တပ်မကြီးအလိုက် မိမိတို့ လက်နက်များနှင့် စစ်အလံများကို ချပုံပေးအပ်ခဲ့ကြရသည်။

နောင်တွင်ထိုနေ့က အတွေ့အကြုံကို ဗိုလ်ချုပ်ကြီးချိန်ဘာလိန် ပြန်ပြောပုံအရသော်၊ စစ်ရှုံးတပ်လက်နက်အပ် သည့်ပွဲ၌ အောင်ပွဲရတပ်က ဘာဘင်သံ၊ ခရာသံမှမပြု၊ လေသံတိုးတိုးမျှပင်မထွက်ကြပဲ တိတ်ဆိတ်ခြင်းကြီး စွာဖြင့် ငြိမ်သက်နေခဲ့ကြသည်ဟုဆိုသည်။

ဗိုလ်ချုပ်ကြီးလီးသည် သူ့တဲအတွင်းမှာပင် ကျန်ရစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးဂရန့်သည် လက်နက်ချပွဲမပြုမီကလေး ကပင် သူအနိုင်ရလိုက်သော စစ်တပ်ကြီးတစ်ခုအရှက်ရလောက်သည့် ကြေကွဲဖွယ်မြင်ကွင်းကို မမြင်ရက်၍ အက်ပိုမက်တော့က်စ်မှ ထွက်ခွာသွားခဲ့သည်။ ဗိုလ်ချုပ်ကြီးလီးသည် သူ့တပ်ဗိုလ်တပ်သားများတို့ မိမိနေရပ် ဌာနေသို့ ပြန်ကြရန်တာစူနေကြသည့်အခါ မိမိတစ်ဦးတည်းရက်ခ်ျမွန်သို့ ထွက်ခွာသွားခဲ့သည်။ သူကနေပါ စေဟု ဆိုသော်လည်း ဂရန့်၏မြင်းစီးတပ်သား (၂၅) ဦးတို့က သူ့အားခြံရံလိုက်ပါလျက် ခရီးတစ်မိုင်ကျော် နှစ်မိုင်လောက် ပေါက်သည်အထိ လိုက်ပို့ပေးခဲ့သည်။

ထိုနေ့ကအဖြစ်အပျက်ကို ရည်ညွှန်း၍ ဆာဝင်စတန်ချာချီက “လူကြီးလူကောင်းများတိုက်ခဲ့သော နောက်ဆုံးစစ်ပွဲ” ဟု နောင်သောအခါတွင် စာပေအက္ခရာကမ္ဗည်းတင်ခဲ့လေသည်။

ထိုတောင်-မြောက်ပြည်တွင်းစစ်ပွဲတွင် သူရဲကောင်းကြီးဖြစ်ခဲ့သူ ဂရန့်သည် စစ်အပြီး နောက်လေးနှစ် အကြာ သမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သဖြင့် (၁၈၉၆) တွင် အမေရိကန်၏ (၁၈) ယောက် မြောက် သမ္မတ ဖြစ်လာသည်။ ဗိုလ်ချုပ်ကြီးလီးသည် ဂရန့်သမ္မတဖြစ်တော့ အိမ်ဖြူတော်မှာ သွားတွေ့သေးသည်။ မက်လောက်ဖွယ် ရာထူးတွေပေးသော်လည်း မယူဘဲ ဗာဂျင်နယားပြည်နယ် လက်ဇင်တန်မြို့ရှိ ၀ါရှင်တန် ကျောင်းကလေး၏ ဥက္ကဌအဖြစ်သာ ဆောင်ရွက်ရင်းကွယ်လွန်သွားသည်။

သူသေပြီးနောက်ရက်ခ်ျမွန်တွင် တောင်ပိုင်းတပ်မှ စစ်ပြန်များအတွက် ဂေဟာတည်ဆောက်ကြရာ သမ္မတဂရန့် သည် အလှူငွေဒေါ်လာ (၅၀၀) ထည့်သည့်အပြင် များစွာအားပေးခဲ့ပါသည်။ ဂရန့်သည် သူ့အထက်က သမ္မတ လင်ကွန်း ရှေ့ဆောင်လမ်းပြသွားသည့် အတိုင်း “ကိုယ့်နိုင်ငံရဲ့ ဒဏ်ရာဒဏ်ချက်များကို စည်းနှောင်ပေး ရမယ်” ဟူသော သြ၀ါဒစကားကို လိုက်နာကာ တောင်နှင့်မြောက်အကွဲ ဒဏ်ရာဒဏ်ချက်များကို ပျောက် သွားအောင် ကြိုးစားခဲ့သည်။ ထိုရက်ခ်ျမွန်မှ တောင်ပိုင်းစစ်သားများဂေဟာ ရန်ပုံငွေပွဲသို့ မတက်ဖြစ်နိုင်၍ မတက်နိုင် ခဲ့သော်လည်း အားပေးသည့်သ၀ဏ်လွှာပို့ခဲ့သေးသည်။ တစ်ချိန်က “ စစ်ပွဲတွင် သူသေကိုယ်သေ ရင်ဆိုင်တွေ့ လာခဲ့ကြသူများသည် ယခုအခါ အကောင်းဆုံး မိတ်ဆွေများအဖြစ်သို့ ရောက်နိုင်ခဲ့ပြီ” ဖြစ်ပုံကို သူ့သ၀ဏ်လွှာ တွင် ဖော်ပြခဲ့သည်။

ကျွန်တော်သည် ဖော်ပြပါ စာဟောင်းတစ်ပုဒ်ကို ဖတ်မိရင်း ဗိုလ်ချုပ်ကြီးလီး၏ နေရာက၀င်၍ ခံစားမိကာ မိမိစိတ်မှာ အလွန် ကရုဏာသက်မိသွားသလို ပြည်ထောင်စုကြီး အပြိုကွဲမခံနိုင်၍ အနိုင် တိုက်နေရသော် လည်း နိုင်လိုက်သောအခါ ကိုယ်က အနိုင်ရထားသူအပေါ်မှာ အစွမ်းကုန် သဘောထားကြီးပေးနိုင်သော ဗိုလ်ချုပ်ကြီး ဂရန့်၏ စိတ်ဓာတ်ကိုလည်း မအံ့သြ၊ မချီးမွမ်းဘဲ မနေနိုင်ခဲ့ပါပေ။ လဲသူကို ထ, ထောင်းသော အမှုမျိုးကို သဘောထားကြီးသူတို့ ပြုလိုစိတ်မရှိကြပါပေ။

ထိုစာကို ဖတ်ပြီးနောက် ကျွန်တော့်ဖခင် ကျွန်တော်ငယ်စဉ်က ပြစ်တင်ဆုံးမခဲ့ဖူးသော “ နိုင်သူအပေါ်အ နိုင်ယူခြင်းမျိုးသည် သေးသိမ်သော စိတ်ဖြစ်သည်” ဟူသော စကားကိုလည်းပြန်လည်တွေးနေမိပါသည်။

တကယ်တော့ သဘောထားကြီးကြီးထားခြင်းမျိုးသည် လူတစ်ဦးအတွက်လည်းလိုအပ်၍ တစ်မျိုးသားလုံး အတွက်လည်း အရေးကြီးလှပေသည်။

(စရဏမဂ္ဂဇင်း - ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ - အတွဲ- ၂၊ အမှတ်- - စာမျက်နှာ- ၂၀ မှ ၂၃ အထိ - ဦးတင်ဦး-ကျူရှင် ရေးသားသော သဘောထားကြီးချင်းကို ပြန်လည်ဖော်ပြပါသည်။)

New Mon Blogger

ကဲ စိတ်ဝင်စားစရာ IT နဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကို ကျနော့်သူငယ်ချင်း Mon Guy ရဲ့ ဘလော့မှာ သွားရောက် ရယူနိုင်ပါတယ်။ နောက်ပိုင်းလည်း သူထပ်တင်နိုင်ပါလိမ့်မယ်။

  • Ubantu Linux အတွက် ဇော်ဂျီကီးဘုတ်ကို သည်မှာ သွားဖတ်ပါ။
  • Mac အတွက် ဇော်ဂျီကီးဘုတ် သည်မှာ သွားဖတ်ပါ။
  • နောက် မွန်စာရေးသားလိုသူ၊ ဖတ်လိုသူများအတွက် Uni Mon ကိုသွားယူနိုင်ပါတယ်။ မွန်စာနဲ့ ဘလော့ရေးနည်း သူကောင်းကောင်း ကူညီနိုင်ပါလိမ့်မယ်။

တောင်ပတ်လမ်းဖောက်ကြသူများ

ကျနော်အခု စာမူကို တင်ဖို့ရှာတာ မတွေ့တာနဲ့ မတင်တော့ဘူးလို့တောင် ဆုံးဖြတ်ထားတာ။ အမှန်ကတော့ ဆရာကြီးမင်းသုဝဏ်၊ ဘဘဦးကြည်မောင်၊ ကိုထူးအိမ်သင်တို့ (၃) နှစ်ပြည့် မှာတင်ရင် ပိုကောင်းမှာပါ။ ဒါပေမဲ့ စဉ်းစားကြည့်တော့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာ နောက်ကျတယ်၊ စောတယ်ရယ်လို့ မရှိပါဘူး။ နောက် ကျနော်တို့ ကိုယ့်ယုံကြည်ချက်ကို ကိုယ်ရဲရဲလုပ်ကြရမယ်။ နောက် ကျနော်တို့သားမြေးများကို လက်ဆင့်ကမ်းရမယ်။ အဲဒီတော့ ကျနော်တို့အခု လုပ်နေကြတယ်။ နောက်ကျနော်သား ထပ်လုပ်ရအုံးမယ်။ ဘာအတွက်ဘဲဖြစ်ဖြစ် နိုင်ငံအတွက်၊ ကမ္ဘာမြေအတွက် ကောင်းကျိုးတခုခု လုပ်နေရအောင်၊ မပြီးဆုံးသေးတဲ့ အလုပ်တွေကို ဆက်လုပ်ကြဖို့ အားတွေလိုတယ်။ ဒီစာမူလေးက ကျနော်ကို အားတွေပေးခဲ့တယ်။ ဒါကြောင့် မျှဝေခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်။

********************************************
တောင်ပတ်လမ်းဖောက်ကြသူများ
ကျမခပ်ငယ်ငယ်ကပေါ့... လူကြီး တစ်ယောက်ယောက်ကများ “တိုင်းပြည်ကြီးကတော့ သွားပါပြီကွာ၊ ပြင်လို့လည်းရမှာ မဟုတ်တော့ဘူး”လို့ စိတ်ပျက်လက်ပျက် ငြီးငြူသံကြားရင်၊ သိပ်စိတ်ဆိုးမိပါတယ်။ ရင်ထဲမှာလည်း စိုးရိမ်မိတယ်။ “သူကတော့ ကြီးပြီကိုး၊ ငါတို့က ဒီတိုင်းပြည်ထဲမှာ ဆက်ပြီးလူလုပ်ရဦးမှာ” လို့လည်း တွေးပူမိပြန် ပါတယ်။ တဖြည်းဖြည်းနဲ့၊ ကျမလည်း အရွယ်ရောက်လို့၊ လူလတ်ပိုင်း ဖြစ်လာခဲ့ပြီ။ လူကြီးဘ၀ ချဉ်းကပ်လာနေပြီပေါ့။ ကျမထက် ငယ်ရွယ်တဲ့ လူငယ်တွေ ရှေ့မှာ၊ အဲလို မျှော်လင့်ချက်မဲ့တဲ့ စကားမျိုးတွေ၊ ဘယ်တော့မှမပြောမိဖို့၊ သတိထားတယ်။ တကယ်လည်း ကိုယ့်ရင်ထဲမှာ၊ မျှော်လင့်စိတ်မွေးတယ်။ “ငါတို့ တိုင်းပြည်ကြီး ပြန်ကောင်းလာရဦးမယ်၊ ငါတို့ တိုင်းသူပြည်သားတွေဟာ၊ ကောင်းမွန်တဲ့ စံနစ်အောက်မှာ၊ သာတူညီမျှ အခွင့်အရေးတွေနဲ့ လူတန်းစေ့နေနိုင်မယ့် အချိန်ကို ရောက်ကို လာရဦးမယ် ” လို့ပေါ့။ (၁၉၈၈) လူထုအုံကြွမှုကြီးမှာ၊ ကျမလည်း ကျောင်းသားအနေနဲ့ ပါဝင်ခဲ့တယ်။ ကျမအဖြစ်ကို ၀န်ခံရရင် . . . (၈) လေးလုံးနေ့က၊ ကျမထက်ကြီးတဲ့ အစ်ကိုတွေ၊ အစ်မတွေက၊ “ဒီမိုကရေစီရေး”လို့ တိုင်ပေးတာကို၊ ဘယ်လို ဆက်အော်ရမှန်းမသိခဲ့ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ၊ ထောက်ခံရမယ့် အရာလား၊ ရှုံ့ချရမယ့် အရာလား ဆိုတာတောင် မသိခဲ့တာအမှန်ပါ။ (၁၉၉၀) မှာ ရွေးကောက်ပွဲလုပ်တော့ ကျမအသက် (၁၈) နှစ် မပြည့်လို့၊ မဲမပေးခဲ့ရပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လျစ်လျူရှုနေတဲ့ အာဏာသိမ်းစစ်တပ်အစိုးရအပေါ် မကျေနပ်ကြတဲ့ ကျမတို့တွေဟာ၊ တကယ်တော့ . . ပြည်သူ့ဆန္ဒမဲပေးပွဲဆိုတာမှာ၊ တစ်ခါမှ . . . မပါဝင် မဆင်နွဲဘူးတဲ့သူတွေ အများကြီးပါ။ စကားလုံးကြီးကြီးကျယ်ကျယ်တွေ ပြောတတ်တဲ့ ကျမသူငယ်ချင်းကို “ဟင်း . . မွေးကတည်းက တစ်ခါမှဖြင့် မဲမပေးဖူးနဲ့” လို့ ကျီစယ်ရင်၊ သူက “အဲတာကြောင့် ပိုစိတ်တိုရတာပေါ့ဟ” လို့ ပြန်ပြောတတ်ပါတယ်။ အချိန်တွေ၊ အတွေ့အကြုံတွေ၊ တော်တော်တန်တန်ရယူ ဖြတ်သန်းပြီးတဲ့ အခုအရွယ်မှာလည်း၊ ကျမရဲ့ မျှော်လင့်ချက်တွေ၊ အယူအဆတွေ အများကြီး ပြောင်းလဲ မသွားခဲ့သေးပါဘူး။ ပိုပြီးခိုင်မာလာသလားလို့ မေးရင်တော့ “ပိုတယ်မပိုဘူးဆိုတာ၊ ဘာနဲ့ နှိုင်းယှဉ်ရမှာလည်း၊ အရင်ကလည်း ဒီလိုပဲမျှော်လင့်တယ်၊ အခုလည်း ဒီလိုပဲမျှော်လင့်တယ်”လို့ ပြန်ဖြေရမှာပါ။ တချို့ သူငယ်ချင်းတွေကတော့ ပြောတယ်၊ “အသက်အရွယ်နဲ့ အတွေ့အကြုံအရ၊ မျှော်လင့်ချက်အိပ်မက်တွေဟာ ပြောင်းလဲရမယ် ” တဲ့ “ ဒါ ရင့်ကျက်လာတယ်လို့ ခေါ်တယ် ”တဲ့၊ ဒါဆို ကျမက မရင့်ကျက်သေးဘူးပေါ့။ မရင့်ကျက်ရင်လည်း ရှိပါစေတော့။ လူဆိုတာ မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှင်နိုင်တာမို့၊ ကျမတန်ဘိုးထားတဲ့ ယုံကြည်မျှော်လင့်ချက်တွေကို မပြောင်းလဲပါရစေနဲ့။ ကလေးဘ၀တုန်းက၊ ရွှေသွေးဂျာနယ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ ရုပ်ပြပုံပြင်လေး တစ်ခုကို မှတ်မိနေတယ်။ အဖိုးအိုတစ်ယောက်က၊ တောင်အမြင့်ကြီး တစ်ခုကို ကျော်ဖြတ်နိုင်ဖို့၊ တောင်ပတ်လမ်းတစ်ခု ဖေါက်နေတော့၊ သူ့မြေးလေးက ကူညီရင်းမေးတယ်။ ‘အဖိုးရယ် . . အဖိုးမသေခင် ဒီလမ်းက ပြီးပါ့မလား’တဲ့၊ အဖိုးက ပြန်ဖြေတယ် ‘တို့တွေ ဒီတောင်ကြီးကို ကျော်ချင်တယ် မဟုတ်လား၊ ဒါဆိုရင် အဖိုးလက်ထက်မှာ မပြီးလည်း၊ မြေးလက်ထက်မှာ ဆက်ဖောက်ပေါ့ကွာ၊ မြေးလက်ထက်မှာ မပြီးခဲ့သေးရင်လည်း၊ မြေးရဲ့မြေးတွေ ဆက်ဖေါက်ကြ ပစေပေါ့ ’ တဲ့။ (၂၀၀၄) ခုနှစ် သြဂုတ်လ၊ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ၊ ကျမတို့ မြန်မာပြည်သားတွေ၊ ဂုဏ်ယူရတဲ့ အဖိုးတန်စာဆိုနှစ်ဦးကို ဆုံးရှုံးခဲ့ရတယ်။ သြဂုတ်လ (၁၄) ရက်၊ စနေနေ့မှာ ပြည်သူချစ်တဲ့ သီချင်းရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်ထူးအိမ်သင် (၄၂) နှစ်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့သလို၊ သြဂုတ်လ (၁၅) ရက်၊ တနင်္ဂတွေနေ့မှာ ခေတ်အဆက်ဆက် ပြည်သူလေးစားခဲ့တဲ့ ပညာရှင်ကဗျာဆရာကြီး ဆရာမင်းသုဝဏ်၊ အသက် (၉၆) နှစ်ဟာ၊ လူကြီးရောဂါနဲ့ ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတယ်။ ဆရာကြီး မင်းသုဝဏ်နဲ့ အဆိုတော်ထူးအိမ်သင်တို့ အတွက်၊ အမှတ်တရဂုဏ်ပြုမှုတွေ၊ လွမ်းဆွတ်တသမှုတွေနဲ့ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရကြားရပါတယ်။ သူတို့နှစ်ယောက်အကြောင်း နှိုင်းယှဉ်ခံစားမိတော့ . . . ဆရာကြီးမင်းသုဝဏ်ဟာ၊ အသက်ရှေခဲ့တဲ့ အလျောက်၊ ခေတ်ပေါင်းများစွာကို၊ မပြောင်းလဲတဲ့ ယုံကြည်ချက်တွေနဲ့ ဖြတ်သန်းခဲ့တယ်။ တိုင်းပြည်လွတ်လပ်ရေးကစလို့၊ ဒီမိုကရေစီရေးအထိ ပါဝင်ဆောင်ရွက်ခဲ့တယ်။ သူ့တိုင်းပြည်၊ သူ့လူမျိုးအတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေခဲ့ပါတယ်။ ထူးအိမ်သင်ဟာလည်း၊ သူအသက်ရှင်ခွင့်ရတဲ့ အချိန်လေးထဲမှာပဲ၊ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်သမိုင်းရဲ့တာဝန်ကိုကျေခဲ့တယ်။ သူ့ရဲ့ယုံကြည်ချက် အမှန်တရားတွေကို ဘာနဲ့မှ ပြောင်းလဲမပြစ်ခဲ့ပါဘူး။ ‘ကျနော်ဟာ မိုက်မိုက်မဲမဲ ရိုးသားနေဆဲ’လို့ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ၊ တောင်ပတ်လမ်းအတူ ဖေါက်ခဲ့ကြတဲ့ အဖိုးနဲ့ မြေးတို့ပါ။ အဖိုးရော မြေးရော၊ တောင်ရဲ့တဖက်ကို မရောက်သေးခင်၊ သေသွားခဲ့ကြပေမဲ့ ဒီတောင်ကြီးကို ကျော်ချင်တဲ့ စိတ်ရှိသူတွေ ရှိနေသရွေ့ လမ်းဆက်ဖေါက်ကြဦးမှာပါ။ မြေးရဲ့ မြေးတွေက ဆက်ဖေါက်ကြဦးမှာပါ။ မြေးတို့ လက်ထက်မှာ စိတ်တူကိုယ်တူညီညွတ် ကြလို့ တောင်တဖက်ထိ လမ်းပေါက်ခဲ့ရင်လည်း၊ ဟိုဘက်မှာ တောင်ဘယ်နှစ်လုံး ဆက်တွေ့ရဦးမလဲ မသိနိုင်ပါဘူး။ လမ်းဖေါက်ဖို့လိုတဲ့ တောင်တွေလား၊ သဘာဝအရ ထိမ်းသိမ်းထားသင့်တဲ့ တောင်တွေလားဆိုတာလည်း တွေ့မှပဲ ဆုံးဖြတ်နိုင်မှာပါ။ အဖိုးသာ ရှိဦးမယ်ဆိုရင်တော့ ‘အေးလေကွာ . . အဖိုးလည်း ဒီနေရာ ရောက်အောင်၊ တခြားတောင်တွေကို ဖြတ်လာခဲ့ရတာပဲ။ အရေးကြီးတာက လမ်းဆက်လျှောက်ချင်စိတ် ရှိနေဖို့နဲ့ လမ်းမမှားကြဖို့ ကြိုးစားကြပေါ့ ’ လို့ ပြောမယ်ထင်ပါရဲ့နော်။ (Burma Post သတင်းစာ၊ ၂၀၀၆ ခုနှစ်/ သြဂုတ်လ တွင် နှစ်နှစ်ပြည့်အတွက် ဖော်ပြခဲ့ပြီးဖြစ်သည်။)

မြန်မာနိုင်ငံစောင့်ရှောက်ရေးအဖွဲ့၏ အထူးပန်ကြားလွှာ

မြန်မာနိုင်ငံတော်အတွင်းရှိ ပြည်သူလူထုအပေါင်းတို့ ..... အများပြည်သူတို့၏ ဒုက္ခအပေါင်းမှ ကယ်တင်ရန်အလို့ငှါ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံစောင့်ရှောက်ရေးအဖွဲ့မှ ..... မြန်မာနိုင်ငံစောင့်ရှောက်ရေးအဖွဲ့၏ အထူးပန်ကြားလွှာကို ဒီနေရာက ဖြန့်ဝေလိုက်ပါတယ်။ အတတ်နိုင်ဆုံး ဖြန့်ဝေပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

Underground Guide by Moe Thee June

လူထုတိုက်ပွဲမြေအောက်လက်စွဲ (မိုးသီးဇွန်) ကိုမိုးသီးဇွန်ရဲ့ မြေအောက်လက်စွဲကို ဖတ်ကြည့်တဲ့အခါ လက်တလော အခြေအနေတွေအတွက် တိုတိုနဲ့ ကျစ်ကျစ်လစ်လစ် ရေးထားတဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ ရွက်မွန်မှာ သွားဖတ်လို့ရပါတယ်။ ဒီနေရာကနေ ပီဒီအက်ဖ်ဖိုင် ရယူနိုင်ပါတယ်။ ခွင့်ပြုချက်မတောင်းဘဲ တင်ခဲ့တာ တက်နိုင်သမျှ ပျံ့နှံ့စေလိုတာ ကြောင့်ပါ။

HEROES NOT PRISONERS

The recent arrests of Min Ko Naing and the 8888 demonstrators by the regime again reminds us of the pathetic futility of SPDC to weaken or silence their opposition.

These repeated arrests reinforce the reputation of the demonstrators as heroes rather than prisoners. The cause of the demonstrators is just and is backed by a moral superiority that the generals seem incapable of understanding.

Certain of the nobility and justice of their cause, these peaceful warriors continually demonstrate their "freedom from fear".

Rather than silencing this voice for right, with each arrest, the regime guarantees the demonstrators another fusillade of international press. The regime becomes complicit in broadcasting the injustice of their aims.

So it is time again to salute these noble and inspiring warriors who continue to provide a voice for the people of Burma. They deserve the respect and support of good people everywhere.

Gordon Mailer

Letter to the Burmese Media

ကျနော်များကို ရွှေမီဒီယာသမားများအား သည်နေရာမှ တဆင့် မေတ္တာရပ်ခံတောင်းပန်လိုပါသည်မှာ .... အခုရက်ပိုင်း ပြီးခဲ့တဲ့ စနေနေ့ (၁၉၊ ၈၊ ၂၀၀၇) က စလို့ ရန်ကုန်တွင် လမ်းလျှောက်ချီတက်မှုများ ရန်ကုန်တွင် လုပ်နေကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ စနေနေ့၊ တနင်္ဂနွေက ရုံးပိတ်ရက်ဖြစ်နေသည်။ ထက်ပြီး တိုက်ဆိုင်တာက ထိုင်းနိုင်ငံမှာ တနင်္လာနေ့ရုံးပိတ်ရက် တစ်ရက်ရှိနေ၍ ထက်ပိတ်ပြန်သည်။ ပြည်ပရောက် မီဒီယာအများစုကလည်း ထိုင်းမှာ အခြေစိုက်ကြသည်။ ကဲဒီတော့ ကိုရွှေမီဒီယာများ အိမ်မှာ ကောင်းကောင်း အနားယူကြသည်။ အသံလွှင့်အစီအစဉ်များမှာတော့ ပုံမှန်ထုတ်လွှင့်ကြသည်ကို တွေ့ရသည်။ ဒါတောင်သူတို့များက အသံလွှင့်အစီအစဉ်ဖြစ်လို့ ထင်ပါသည်။ ၁၉ ရက်နေ့ သတင်းကို ထိုနေ့၌ပင် ရိုးမ (၃) သတင်း ၀က်ဘ်ဆိုက်တွင် ပထမဆုံးတွေ့ရသည်။ နောက် မဇ္စျိမ သတင်းဌာနမှ တင်သည်။ ၂၀ ရက်နေ့မှာမှ ခေတ်ပြိုင်သတင်းဌာနက တင်သည်။ ဧရာဝတီသတင်းဌာနက အင်္ဂလိပ်ပိုင်းမှာ နောက်အကျဆုံးတင်သည်။ မြန်မာပိုင်းတွင် အခုကျနော်ရေးနေချိန် အထိမတင်ကျသေး။ Breaking News (မြန်မာလိုအသုံးကို မသိပါ။) ကဏ္ဍကို ထည့်ထားကြသည်။ သို့သော် အများစုသော မြန်မာသတင်းဌာနများတွင် ၄င်းကဏ္ဍသည် တိတိကျကျ ပြောရလျှင်အလုပ်လုပ်မလုပ်ပါ။ အကြံပြုစာကဏ္ဍ (Comment) လည်း ထားရှိသည်။ ကျနော် (၂) ကြိမ် (၃) ကြိမ် ၄င်းနေရာများမှ အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ရေးပို့ခဲ့ဖူးသည်။ အကြောင်းပြန်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း တုန့်ပြန်မှုတစုံတရာ မရရှိခဲ့ပါ။ ထိုအခါ ကိုယ်ကမနေနိုင်တော့ သက်ဆိုင်လူကြီးမင်းများ၏ အီးမေးလ်၊ ဖုန်းများကို ရှာဖွေ၍ တိုက်ရိုက်ပြောဆိုရပါသည်။ ထိုအခါ တုန့်ပြန်မှုက အေးစက်စက်နှင့် လူချင်းအပြင်မှာ မြင်ရက အထိုးခံရမည်လား မပြောတက်ပါ။ အော် အဲဒီလို ဟုတ်လား။ အင်း ဒါဆိုပြင်ရမှာပေါ့။ ကျေးဇူးစကားပင် မဆိုဖုန်းချသွားသည်။ အီးမေးလ်မှာဆိုလည်း ပြင်ပြီးပြီ။ ဒါဘဲလို့ အကြောင်းပြန်သည်။ သတင်းအရေးအသား၊ တင်ပြပုံ၊ သတင်းစာပညာကို ကျွမ်းကျင်သူ တစ်ယောက်မဟုတ်သည့်အတွက် ၄င်းအပိုင်းများကို နားမလည်ပါ။ မဝေဖန်ရဲပါ။ သတင်းနားထောင်သူ၊ သတင်းဖတ်သူ တစ်ဦးအနေဖြင့် မှားယွင်းသော အချက်အလက်များ၊ နောက်ကျမှုများကို ထောက်ပြလိုခြင်းဖြစ်သည်။ သည်နေ့သည်ဖက် မြန်မာနိုင်ငံပြင်ပ၌ မီဒီယာရွှေခေတ်လို့ ပြောနိုင်သည်။ အလုပ်လည်း လုပ်နိုင်ကြသည် အခြားသူများထက်လည်း ၀င်ငွေကောင်းကြသည်။ အထောက်အပံ့ အပြည့်စုံဆုံးရသည်။ ကျနော်၏ ကောက်ချက်သာ ဖြစ်သည်။ ၀င်ငွေကောင်းကောင်းရသည်၊ လူတန်းစေ့နေနိုင်ကြသည်။ ကောင်းသောအချက်များ ဖြစ်သည်။ ယခုလိုအရေးကြီးသော အချိန်မျိုးတွင်လည်း တာဝန်သိသိနှင့် ပိုမိုလုပ်ဆောင်ကြရန် ကျနော်တိုက်တွန်းလိုပါသည်။ သူတို့အားလုံး အကောင်းကြီး ခံစားစံစားနေကြသည် မဟုတ်ပါ။ သူတို့လည်း ယက်ကန်ယက်ကန်နှင့် နိုင်ငံတကာစံချိန်စံညွှန်း၊ နည်းပညာများကို ကျိုးစားဖြည့်တင်း နေကြရသေးသည်ကို နားလည်နိုင်ပါသည်။ သို့သော် သူတို့က တလွဲဆံပင်ကောင်းကြသည်က ငါတို့နိုင်ငံတကာ စံချိန်စံညွှန်းလိုက်နိုင်အောင် ကျိုးစားလုပ်ကိုင်နေကြတယ်၊ ဒါကြောင့် အခွင့်အရေး၊ ခံစားခွင့်တွေကို နိုင်ငံတကာစံဖြင့် ကျင့်သုံးကြသည်။ အခွင့်အရေး၊ ခံစားခွင့်များ ရယူမှုကို ကန့်ကွက်စရာမရှိပါ။ ကိုယ့်လူမျိုးတစ်ယောက် နိုင်ငံတကာ စံ၊ ခံစားခွင့်တွေနှင့် အလုပ်လုပ်ရသည်ကို မုဒိတာပွားပါသည်။ သို့သော် ၄င်းတို့စံနှင့်မီရန်လည်း မိမိတို့ဖာသာ မိမိတို့လုပ်ငန်းချို့ယွင်းချက်များကို ပြင်ဆင်သင့်ပေသည်။ အရေးပေါ်သတင်းဆို အရေးပေါ်သတင်းနှင့် တူအောင် ကိုယ့်သတင်းဌာနက အချိန်မရွေးတင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထား သင့်သည်။ ဝေဖန်အကြံပြုမှုကိုလည်း ကောင်းကောင်းမွန်မွန်နှင့် အချိန်မီတုန့်ပြန်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကိုလည်း နိုင်ငံတကာမှ မီဒီယာဌာနကြီးများကဲ့သို့ ပြုမူဆောင်ရွက်သင့်ပေသည်။ ကိုယ့်နိုင်ငံက အခြေအနေက ခပ်ယိုင်ယိုင်ခပ်ရဲ့ရဲ့မှာ ကျနော်တို့ တစ်ဦးချင်းစီ လုပ်ကိုင်စားသောက် နေထိုင်နိုင်ခြင်းအပေါ်များတွင် မမော်ကြွား၊ မမောက်မာပဲ တိုင်းပြည်အတွက်ဆိုသည်ကို ခေါင်းထဲထည့်ကြစေလိုပါသည်။ (စကားချပ်- အားလုံးသော မြန်မာနိုင်ငံသားများကို ပြောလိုရင်းဖြစ်သည်။) ယနေ့အနေအထား၌ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် မီဒီယာသမားများ ပိုလို့ပင်အရေးကြီးသော နေရာမှာ ရှိနေပါသည်။ သတင်းမှန်၊ မမှန်စောင့်ကြည့်ရမည်။ သတင်းတိုင်း မတင်နိုင်ပါ။ မှန်ပါသည်။ သို့သော် စောင့်ကြည့်ရင်း အချိန်အများကြီး ကြာသွားသည်ကတော့ မကောင်းပါ။ မှန်ဖို့လိုသလို၊ မြန်ဖို့လည်းလိုပါသည်။ နောက်ဆုံးအနေနှင့် ပြောလိုသည်မှာ ဝေဖန်အကြံပြုချက် ဆိုသည့်ကဏ္ဍတပ်ထားလျှင် ဝေဖန်အကြံပြုလာပါက တုန့်ပြန်မှုတစ်ခုခု၊ အရေးယူမှုတစ်ခုခု အမြန်ဆုံးပြန်ကြားဆောင်ရွက်ဖို့ တိုက်တွန်းလိုသည်။ မဟုတ်လျှင် ဖြုတ်ထားလိုက်ပါ။ နောက် ဖြစ်ပျက်နေသော လတ်တလော ဖြစ်ပျက်နေသော သတင်းများ တင်ရန် Breaking News ကဏ္ဍထားရှိက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် မည်သည့်ရက်မျိုးပင်ဖြစ်စေ တင်ပြပေးစေလိုပါသည်။ သို့မဟုတ်က ၄င်းကဏ္ဍကိုပါ ထပ်ဖြုတ်ထားရန် တိုက်တွန်းလိုပေသည်။ သို့မဟုတ်ပါက မည်ကဲ့သို့ ၄င်းသတင်းဌာနများအား သပိတ်မှောက်သင့်ကြောင်း ထပ်မံဆုံးဖြတ်ရပါမည်။ မြန်မာမီဒီယာလောကကြီး သည်ထက်မက ကြီးပွားချမ်းသာနိုင်ဖို့ ရည်ရွယ်ရေးသားလိုက်ရပါသည်။

Shwe Series 1

ကျနော်တို့ရွှေများ သူများတကာထံ ဤသို့ဤပုံ လုပ်ကိုင် စားသောက်ကြရသည်။ ထိုင်းနိုင်ငံအတွင်း အောက်ခြေသိမ်း လုပ်ငန်းများတွင် မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်သူ အများဆုံးဖြစ်သည်။ ကျွန်ုပ်တို့ အစိုးရမင်းများနှင့် အမြင်မကျယ်သူအချို့က ကိုယ့်ဖာသာကိုယ် နေနိုင်ရက်နှင့် သူများနိုင်ငံ ကျွန်သွားလုပ်ရတယ်လို့ ပြောကြသည်။ အချို့ကလည်း ၀တ်ကြွေးမကုန်လို့ဤသို့လုပ်ကိုင်ကြရသည်တဲ့။ အဖြေကား . . . (ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခု ၁၇၊ ၃၊ ၂၀၀၆)

Troubleshooting A B C D - 1

ဒီ `ဒ´ ဒွေးကြောင့် မီး စိတ်ညစ်တယ်

အကိုရေ ကျနော် `´နဲ့ `´ ရိုက်ရင် အစက်တွေဘဲပေါ်တယ်။ နောက် စာရိုက်ပြီး Space Bar ရိုက်ရင် ရှေ့ကစာလုံး သူဖာသာပြောင်း ပြောင်းသွားတယ်။ ဒါကို ဖုန်းနဲ့ပြောရတာ အကြိမ်ကြိမ်၊ အချို့ဆို ကိုမေတ္တာ စကားဖြင့် တခါပြော မထိ၊ နှစ်ခါပြောမထိ အကြိမ်ကြိမ်မေးလာသည်။ ဒီနေ့လည်း အဲဒီဖုန်းတစ်ခု ၀င်လာသည်။ ဒီတော့ မီးစိတ်ညစ်ရသည်ပေါ့။

ကဲ ဒီပြဿနာ ဒီလိုနေလို့မရ ရေးမှ ရတော့မည်။ အချို့သူတွေလည်း သိပြီးသားဖြစ်မည်။ ဇော်ဂျီဖွန့်မှာတော့ အဲဒီပြဿနာ မရှိ။ ကျနော်တို့ လက်ရှိသုံးနေကြသော True Type - Win Fonts များကို သုံးလျှင် ယခုပြဿနာ ရှိပါသည်။

ကျနော်တို့ မြန်မာဖွန့်များ Unicode System တစ်ခု Standard မရှိသရွေ့ ကြုံရအုံးမည်။ သာမန်ရုံးစာနှင့် ပုံနှိပ်ထုတ်ဝေရန် အတွက် ဖွန့်ဒီဇိုင်းမျိုးစုံကို Word Processing ပရိုဂရမ် (Microsoft Word) နဲ့ Layout Design လုပ်နိုင်တဲ့ (PageMaker, InDesign) တို့မှာ သည်ပြဿနာ ရှိနေပါမည်။

ကျနော့်ကို ဖုန်းခေါ်သူများကို နောက်တစ်ကြိမ် ဖုန်းခေါ်လာလျှင် သည်မှာကြည့်ပါဗျို့လို့ အော်ပြောလိုက်တော့မည်။

Microsoft Word မှာ-

Tools> AutoFormat As You Type နှင့် AutoFormat Tab နှစ်ခုအောက်တွင် "Straight Quote" with "Smart Quote" ကို သွားဖြုတ်ပေးပါ။

အစစာကြောင်း ရိုက်ပြီး Space Bar နှိပ်လိုက်သည်နှင့် စာလုံးများ ပြောင်းသွားသည်ကိုလည်း Dialog Box ရှိ Auto Correct Tab အောက်တွင် ရှိသော Capitalize First Letter of Sentence က Check Boxကို ဖြုတ်ပေးလိုက်ပါ။

တက်နိုင်လျှင် မြန်မာစာကို ရိုက်မည်ဆိုလျှင် ၄င်း Auto Correct နှင့် Auto Format အောက်ရှိ Optionsများ ဖြုတ်၍ သုံးကြပါ။

PageMaker မှာ-

File> Preferences> General မှ More ဆိုသော ခလုပ်ကို ရှာပါ။ ပြီးရင် Use Typographer's Quotes ဆိုတဲ့ Check Box ကိုဖြုတ်ပါ။ `´ `´ များအားလုံး ပြန်ရိုက်ရပါမည်။ Auto မပြောင်းပါ။ ပြန်ရိုက်

InDesign တွင်-

Edit> Preferences> Type မှာ Use Typographer's Quotes ဆိုတဲ့ Check Box ကိုဖြုတ်ပါ။

ကဲဒါဆိုရင် နောက်တစ်ခါဆို မီးပြောလိုက်မယ် `´ အစား အင်္ဂလိပ် ဂဏန်း နံပါတ် "3" ကိုသာ သုံးကြပါ။ အဲဟုတ်ပါဘူး မီးစိတ်ညစ်တယ်။

ထိုနေ့က မျက်နှာဖုံးစွပ်ထားသည်။ ထိုညက လူများသေခဲ့သည်။

ကျနော့် အဖေအိပ်ယာ ဆီမှ ထွက်လာသော ရေဒီယိုသံခပ်တိုးတိုးကို ကျနော့် အိပ်ယာပေါ်ကနေ ခိုးပြီး နားစိုက်ထောင်နေခဲ့သည်။ အခြားသူများ မရိပ်မိအောင် စောင်ခြုံထဲမှ ငြိမ်ပြီးနားထောင်နေရသည်။ အဖေ မနက်က ကျနော့်ဆရာနဲ့ ပြောနေတာ ဟိုနေရာရုတ်ရုတ် ဒီနေရာရုတ်ရုတ်နဲ့ မြို့ထဲမှာတော့ လှုပ်လှုပ် လှုပ်လှုပ်ဘဲ၊ မနက်ဖြန်တော့ ဘာတွေဖြစ်ကြမလဲတော့ မသိဘူးတဲ့။ ရေဒီယို သတင်းပြီးသွားပြီ။ အဖေက ဟိုနှစ်ကောင် ဘယ်သွားလဲလို့ အမလတ်ကို လှမ်းမေးတော့၊ အငယ်ကောင်တော့ စောစောထဲက အိပ်ယာဝင်သွားပြီ၊ အကြီးကောင်တော့ ပြန်မရောက်သေးဘူးလို့ အဖေ့ကို ပြန်ဖြေသံကြားရသည်။ အဖေက မနက်ဖြန် အဲဒီကောင်တွေ ဘယ်မှ မထွက်စေနဲ့ တော်တော်ကြာ ဟိုတခေါက်ကလို တအိမ်လုံး စိုးရိမ်နေရမယ်။

ကျနော် အားလုံးကြားနေရသည်။ ကျနော် မနက်ဖြန်မနက် အိမ်ကရတဲ့နည်းနဲ့ ထွက်ဖို့ လုံးလုံးဆုံးဖြတ်လိုက်သည်။ ကျနော့် အိပ်ထဲမှာ စုထားတဲ့ ငွေ () ကျပ်ရှိနေသေးသည်။

ကျနော် အိမ်ကခိုးထွက်ကာ ကားဂိတ်ရောက်တော့ မနက် () နာရီကျော်ကျော်။ ခါတိုင်း ဒီအချိန်ဆိုရင် ရုံးတက်၊ ကျောင်းတက်ချိန်မို့ လူရှုပ်နေတတ်တာ ဒီနေ့တော့ အတော့်ကို ခြောက်ခြောက်ကပ်ကပ်နဲ့ ဖွင့်နေကျကွမ်းယာဆိုင်တောင် မဖွင့်။ ကားလည်း ရှုပ်ယှက်ခတ်နေရမဲ့အချိန် လမ်းပေါ်မှာ ကားအသွားအလာ အတော်ရှင်းနေသည်။ (၁၅) မိနစ်လောက်နေတော့ နံပတ် () လိုင်းကားရောက်လာသည်။ ကျနော် ကားပေါ်တက်လိုက်သည်။ ကားကအချောင်ကြီး ထူးထူးခြားခြား ကားစပယ်ယာက ဘယ်သူ့ထံကမှ ကားခမတောင်းပါ။ ကားပေါ်ပါသူများကလည်း ရုံးတာဝန်ဖြင့် မတက်မဖြစ် တက်ရမည့်သူများသာ ပါသည်။ ကားစပယ်ယာက ကားလမ်းတလျှောက် ရှေ့ကိုသာ ကြည့်နေသည်။ မှတ်တိုင်စဉ်ရပ်သော်လည်း လူသိပ်မရှိ။ ဆင်းသူသာများသည်။

စိန်ဂျွန်းမှတ်တိုင်ကျော်တော့ ကားစပယ်ယာ ကားပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်ကာ ဆရာရေ ရှေ့မှာတော့ လူတွေစုရုံးစုရုံးနဲ့။ သူသေချာအောင် ထပ်ကြည့်ပြီး၊ ဂျပန်ဆေးရုံရှေ့ရောက်တော့ ကားဒရိုင်ဘာကို ကားရပ်ခိုင်းလိုက်သည်။ နောက်ကားပေါ်ပါသူများကို ကားရဲ့ခရီးစဉ်ဒီမှာပင် ဆုံးပြီဖြစ်ကြောင်း အားလုံးကားပေါ်မှ ဆင်းနိုင်ကြောင်း ပြောတော့ ခရီးသည် အားလုံးဆင်းကြသည်။ ကျနော်လည်း ဆင်းလိုက်သည်။

စံပြရုပ်ရှင်ရုံရှေ့ လှမ်းကြည့်လိုက်တော့ ခုနက စပယ်ယာပြောတဲ့ လူအုပ်၊ ကျနော်တွေ့ချင်သော လူအုပ်ပါ။ ကျနော့် ရင်တွေခုန်လာသည် အဲဒီလူအုပ်ရှိရာကို အပြေးလိုက်ရပါတော့သည်။ စတင်ထွက်ခွာနေကြပြီ ကျနော့်မှာ အသင့်ပါတဲ့ လက်ကိုင်ပုဝါကိုထုတ် မျက်နှာမှာစည်း အဲဒီလူအုပ်နဲ့ ကျနော်လိုက်သွားပါတော့သည်။

အရင်က ရန်ကုန်မြို့ကို ကျနော်ရောက်ဖူးတာ ကမာရွတ် ဘူတာရုံလမ်းကနေ ဆူးလေမြို့တော်ခန်းမလောက် အထိသာ။ ကျနော် ထိုနေ့က သွားရာလမ်းကြောင်းကို ပြန်စဉ်းစားရာ အသေးစိတ် မမှတ်မိတော့။ ခပ်ရေးရေးမှတ်မိသမျှမှာ မြို့တော်ခန်းမရှေ့၊ အမေရိကန်သံရုံးရှေ့၊ ဗိုလ်တထောင်၊ သိမ်ဖြူလမ်းအတိုင်း မင်္ဂလာတောင်ညွန့်မှ တက်၍ ဗဟန်း ဦးထောင်ဗိုလ်၊ ငါးပြတိုက်၊ ကန်တော်ကြီး ရောက်ခဲ့သည်။ ရွှေတိဂုံ ကုန်းတော်ပေါ်တက်တော့ အောင်မြေနင်းကြသည်။ နောက်တော့ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာထိပ်ကနေ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ မြို့ထဲကို ပြန်ပတ်သည်။ လူအုပ်ကြီးနှင့်ကျတော့ ပတ်နိုင်သမျှ ပတ်လိုက်တာ ဘယ်နေရာတွေကို ရောက်လို့ရောက်မှန်း မသိတော့၊ မောလို့မောရမှန်း မသိတော့၊ ကျနော်သိတာ မြို့တစ်ခုလုံးတော့ ကျနော်တို့ ခြေရာများဖြင့် စိစိညက်ညက်ကြေသွားသည်။ အသံတွေ ၀င်နေသည်။ သို့သော် အအော်မပျက်။

မြို့လုံးကျွတ် ဖြတ်သမျှနေရာများမှာ လူလျော့မသွား တိုး၍ တိုး၍သာ လာသည်။ သရေစာ၊ ထမင်းနှင့် ရေကတော့ အလျှံပယ်၊ တောင်းနှင့်တောင် ထမ်းရသည်။ ထမင်းထုပ်ထဲက ထမင်းကို လမ်းလျှောက်အော်ရင်း ဒီအတိုင်းစားကြသည်။

စစ်တပ်များ မြို့လုံးပြည့်ချထားသည်။ နေရာတကာမှာ စစ်သားတွေရှိနေသည်။ သူတို့မပစ်ကြ၊ ပထမတော့ စစ်သားတွေတွေ့ရင် ပြေးကြနှင့် ၀ရုန်းသုန်းကား ဖြစ်သေးသည်။ ဒါပေမဲ့ နောက်အကြိမ်များတော့ မပြေးတော့ စစ်သားများချထားသော နေရာများကိုဖြတ်လျှင် ပြည်သူ့စစ်သား၊ ဒို့စစ်သားလို့ အော်ကြသည်။ သူတို့က တာဝန်နဲ့ဆိုတော့ ၀တ်စုံပြည့်၊ လှံစွပ်တပ် သေနတ်ဖြင့် အသင့်အနေအထားက ကျောက်ရုပ်ကဲ့သို့ မလှုပ်ကြ။ ကျနော်တို့ သူတို့ကို အနှောက်အယှက် မပေးပါ။ သို့သော် ရထားသော ရိက္ခာများထဲမှ သူတို့အတွက် အချို့ကို သူတို့ဘေးမှာ ချထားပေးခဲ့သည်။

အားလုံးနီးနီး မျက်နှာဖုံးစွပ်ထားကြသည်။ (ရရာလက်ကိုင်ပုဝါများဖြင့် မျက်နှာကို စည်းထားကြသည်။) အချို့သူများလည်း မစည်းကြ။ ရောက်တဲ့နေရာ လမ်းဆုံများမှာ တရားဟောကြသည်။ ကျနော် အမှတ်အရဆုံးက ရွှေတိဂုံကုန်းတော်ပေါ်ကို ကြွေးကြော်သံများအော်၍ တက်ကြခြင်းပင်။ ဘုရားစောင်းတန်းဆိုင်များမှ လက်ခုပ်တီး၍ အားပေးကြသည်။ ရှိသမျှထုတ်ကာ ကျွေးမွေးကြသည်။ နောက် ဘုရားပေါ်မှာ တရားဟောပြီး အောင်မြေနင်းကြသည်။

ဘုရားကုန်းတော်ပေါ် ခဏနားချိန်မှာ ကျနော့်အကိုနှင့် တွေ့သည်။ သူက နင်အိမ်ကို ပြန်မပြောနဲ့နော်တဲ့။ ကျနော်ကတော့ ခေါင်းငြိမ့်ပြပြီး၊ စိတ်ထဲကတော့ အိမ်က အခုနှစ်ကောင်လုံးပျောက်နေတာ သိလောက်ပြီ။ သိပ်စိတ်မပူတော့။ ရွှေတိဂုံအပေါ်က အဆင်းမှာ သူနဲ့ကျနော် လူကွဲသွားသည်။

ကျနော်တို့ ဆန္ဒပြလူအုပ်ကြီး ကျနော်တို့ ရပ်ကွက်ရှေ့ဖြတ်တော့ ကျနော့် အမနှင့် အဖေကို တွေ့ရသည်။ သူတို့မျက်လုံးများမှာ စိုးရိမ်မှု၊ အားရမှု၊ ၀မ်းနည်းဝမ်းသာမှုတွေ ရောထွေးနေသည်။ ကျနော် လူအုပ်ထဲကထွက်လိုက်ပြီး အဖေတို့ဆီကို သွားသည်။ အဖေက မင်းဆက်လိုက် မသွားဘူးလားလို့ မေးသည်။ ကျနော်ပြန်မဖြေ။ အမကတော့ နင်ဆက်မလိုက်နဲ့တော့ဟု ကျနော်ကိုပြောပြီး အိမ်ကို အတူပြန်ခေါ်လာသည်။

အမက နင်တို့ဘယ်တွေရောက်သလဲ၊ ဘာတွေဖြစ်သေးလဲ၊ အကို့ကို တွေ့ခဲ့သလားလို့ ဘေးက လမ်းတလျှောက်လုံး မေးနေသည်။ ကျနော် သူမေးသမျှ တခွန်းမျှ မဖြေ။ ငါသူရဲဘောကြောင်တာလား၊ ကြောက်သလား စသဖြင့် ထိုအချိန်က ကျနော် တွေးခဲ့မည် ထင်သည်။ ကျနော်စိတ်ကတော့ ထိုလူအုပ်ကြီးနောက် ပါသွားခဲ့မည်။

နောက်တစ်နေ့ မနက်အိပ်ယာထတော့ ကိုယ်တွေလက်တွေ ကိုက်ခဲနေသည်။ အသံတွေဝင်နေသည်။ ကျနော့် အမကလိုက်ကြည့်နေသည်။ သူက နင်ဒီနေ့ဘယ်မှ မသွားနဲ့တော့။ ကျနော်ပြန်မဖြေ အိမ်ရှေ့က ရေတမာပင်အောက် သွားထိုင်နေသည်။ ခဏနေတော့ ကျနော့်သူငယ်ချင်း ရောက်လာပြီး ညက မြို့ထဲမှာ ပစ်ကြကြောင်း၊ လူတွေသေကြောင်း၊ လူတွေဆက်ပြီး ချီတက်နေကြတယ်လို့ လာပြောသည်။

ကျနော်က လာကွာ လမ်းထိပ်ထွက်ကြည့်ရအောင်လို့ ပြောပြီး လမ်းထိပ်ထွက်လာကြသည်။ လမ်းထိပ်မှာ လူတွေ တိုးတိုးကျိတ်ကျိတ်နှင့် ဟိုတစု၊ ဒီတစု။ ကျနော်တို့ အတော်ကြာအောင်စောင့်တော့ ချီတက်လာသောလူအုပ်ကြီး ကျနော်တို့ ရှေ့ရောက်လာသည်။ ဒါနဲ့ ကျနော့်သူငယ်ချင်းကို လိုက်ရအောင်ကွာ ဆိုပြီး လိုက်လာခဲ့သည်။

ထိုနေ့ကတော့ ဟိုနေရာရောက် ပြေးလိုက်၊ ဒီနေရာရောက် ပြေးလိုက်နှင့် ချီတက်ကြရသည်။ မှတ်မိသည်က တိရိစ္ဆာန်ဥယျာဉ်ဖက် အကွေ့တွင်ပစ်သဖြင့် ပြေးရသည်မှာ ကျနော်ရော၊ ကျနော့်သူငယ်ချင်းပါ ဖိနပ်ပါမလာတော့။ လမ်းတလျှောက်လုံး ခြေဗလာဖြင့်လိုက်ခဲ့ရသည်။ မိုးကလည်း ဟိုနေရာ ရွာလိုက်၊ ဒီနေရာ ရွာလိုက်ဖြင့်၊ တလျှောက်လုံး မိုးရွာအစို၊ နေပူအခြောက် အေးလိုက် ပူလိုက်ဖြင့် လိုက်ပါလာရသည်။ လူတွေ ဒေါသတွေ ထွက်နေကြသည်။ ဒီကောင်တွေ ငါတို့ကို ပစ်ရက်တယ်ကွာဟု ဆိုသူကဆိုကြသည်။ ခေါင်းဆောင်လုပ်သူများက အားလုံးစည်းကမ်း သေသေ၀ပ်ဝပ်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြရမည်ဖြစ်ကြောင်း၊ အကြိမ်ကြိမ် တရားဟောကြသည်။ လမ်းတလျှောက် ထွက်၍ အားပေးသူများကိုလည်း ပြောသည်။ လမ်းတလျှောက် အားပေးသူများ မနေ့ကထက် ပိုများလာသည်ဟု ကျနော်ထင်သည်။

တောင်ဥက္ကလာပကို ရောက်တော့ ညနေ () နာရီ မမှောင့် တမှောင်ဖြစ်နေပြီ။ ထိုအချိန် လူအုပ်ထဲမှာ ဗိုလ်ချုပ်၏သား အောင်ဆန်းဦး လာမည်ဖြစ်ကြောင်း ပြောနေကြသည်။ ဗိုလ်ချုပ်သားဆိုတော့ သူ တစ်ခုခုတော့ လုပ်ပေးနိုင်လိမ့်မည်ဟု ထိုအချိန်က ထင်ခဲ့သည်။ မိုးပေါ်ကလာ မလား၊ ရဟတ်ယာဉ်ဖြင့်ပင် အခုရောက်မှာလား၊ ဘယ်ကနေ ထွက်လာမလဲလို့ ထိုအချိန်က ကျနော် တွေးခဲ့သည်။

ညကမှောင်လာပြီဆိုတော့ ကျနော်နဲ့ ကျနော့်သူငယ်ချင်း နှစ်ဦးသား ပြန်ရင်ကောင်းမယ်လို့ ဆုံးဖြတ်ပြီး လူအုပ်ကြီးနှင့် ခွာလာခဲ့သည်။ ကျနော်တို့ ဘယ်လိုပြန်ရမှန်း မသိတော့ လမ်းလျှောက်ရင်း ဟိုမေးသည်မေးဖြင့် ကျောက်ကုန်း၊ ရန်ကင်းကို ဖြတ်ပြီး တက္ကသိုလ်ရိပ်သာလမ်း အတိုင်းလျှောက်ကာ အိမ်ကို ပြန်ရောက်သည်။

ရန်ကင်းအိမ်ယာကို ဖြတ်တော့ တိုက်တန်းအားလုံးနီးနီး ဘီဘီစီကို အသံအကျယ်ဆုံးတင်၍ အပြိုင်ဖွင့် နေကြသည်။ အားလုံးကြားနေရသည်။ လူသွားလူလာ အားလုံးရှင်းနေသည်။ ကားအသွားအလာ လုံးလုံးမရှိသလောက်ဖြစ်သည်။ ကျနော်တို့ လမ်းနီလေးကိုဖြတ် တက္ကသိုလ်ရိပ်သာ လမ်းတလျှောက် ဖြတ်တော့ လမ်းဘေးက မလျှောက်ရဲ (အဲဒီတုန်းက ဘေးကလျှောက်ရင် သရဲတွေဘာတွေ တွေ့မှာ စိုးရိမ်သောကြောင့်) လမ်းလယ်ခေါင် အဖြူမျဉ်းကြောင်းမှ တက်လျှောက် ကြသည်။ ကျနော်တို့လျှောက်လာရင်း ကန်ဖျားကျောင်းတိုက်နား အရောက် ကားတစ်စီး မီးထိုးမောင်းလာသည်။ ဒါနဲ့ ဒီကားတားစီးရင်း ကောင်းမယ်ဆိုပြီး လုပ်တုန်း စစ်ကားမှန်းသိရ၍ လမ်းဘေးရေမြောင်းထဲမှာ ဆင်းဝပ်နေကြရသည်။

အိမ်ရောက်ချိန်မှာ ကျနော်နာရီကြည့်တော့ ည () နာရီခွဲခန့် ရှိပြီ။ ထိုအချိန် လမ်းမကြီးပေါ်မှ ကြွေးကြော်သံများ ပြန်ကြားလာရသည်။ ချီတက်လာသော လူအုပ်ကြီး ကျနော်တို့ရပ်ကွက်ရှေ့ကို ဖြတ်နေသည်။ သူတို့က ရပ်ကွက်၊ မြို့နယ်တွေ တခုပြီး တခုပြီး ဖြတ်ပြီးမှ ရောက်လာကြရတာတောင် ဖြတ်လမ်းကပြန်လာသော ကျနော်တို့နှင့် အတူရောက်တယ်ဟု အံ့သြမိသည်။

အဲဒီနေ့က ကျနော်တို့နှင့် လူအုပ်ကြီး တပြိုင်နက်ရောက်လာမှုကို စပ်ဆက်စဉ်းစားမိသည်မှာ ချီတက်လာသော လူအုပ်ကြီး လူထုကြီး၏ ဇွဲ၊ စိတ်ဓါတ်များ ပြင်းထန် ထက်သန်နေမှု အရှိန်အဟုန်ကြောင့်သာ ထိုသို့မြန်ဆန်ရခြင်းဖြစ်မည်။ ထိုကြောက်ခမန်းလိလိ အဟုန်သည် ထိုအချိန်က အဆုံးအဖြတ်တခု၊ လွတ်လပ်မှုတခုကို ရရန်အတွက် အချိန်များလည်း ပျောက်ကွယ်သွားစေသည်။ ခရီးတာများကိုလည်း တိုတောင်းသွားစေခဲ့သည်။ သူတို့အသက်များစွာကို စတေးခဲ့ပြီး အာဏာရှင်ကို ပြုတ်ကျစေခဲ့သည်။

ထိုညက လူတွေ ထပ်မံသေခဲ့သည်။ နောက်ရက်များ ဆက်တိုက်လည်း လူတွေစတေးခဲ့ရသည်။

လူအုပ်စုကလေးကနေ၊ လူတန်းကြီး၊ နောက် လူပင်လယ်ကြီးဖြစ်သွားသည်။ ဘယ်ကနေ ဘယ်လိုထွက်လာကြသည်ကိုတော့ ကျနော် မစဉ်းစားတတ်ခဲ့။ ကျနော် အခုဒီစာကို ရေးနေတဲ့အချိန် (၁၉) နှစ်ကာလ အဲဒီထိုနေ့များက အဖြစ်အပျက်တွေ ချရေးတော့လည်း ခေါင်းထဲ ကွင်းကွင်းကွက်ကွက် ပေါ်လာသည်များရှိသည်။ နှစ်ရက်အတွင်း အဖြစ်အပျက်များမှာ မြန်ဆန်ပြီး ဖြစ်စဉ်များပြားသည့်အတွက် ကွင်းဆက်မမိတော့၊ ကြွေးကြော်သံက အစ ရောနှောနေသည်။

ထိုအချိန်က ကျနော်နားမလည်ခဲ့သည်မှာ သူတို့ဘာကြောင့် ကိုယ့်အချင်းချင်း ရက်ရက်စက်စက် သတ်ရတာလဲ။ အစိုးရတွေက ဒီလိုဘဲ သူ့ပြည်သူများအပေါ် ပြုကျင့်ကြပါသလား။ မတရားမှုများ ပြုလုပ်လို့ရပါသလား။ မဆလ၊ တစ်ပါတီစနစ်၊ လမ်းစဉ်ပါတီဆိုတာ၊ ဦးနေ၀င်း၊ ဦးစိန်လွင်ဆိုတာတွေကို ဘာတွေလည်း မသိခဲ့ပါ။ သူတို့တွေ ကျောင်းသားများကို သတ်သည်။ ပြည်သူများကို သတ်သည်။ ထို့ကြောင့် မကောင်းသူများ ဖြစ်သည်။ ထို့ကြောင့် ဆန့်ကျင်ရမည်။ ထိုမျှလောက်သာ ထိုစဉ်က သိခဲ့သည်။

လူအုပ်စုကလေးကနေ၊ လူတန်းကြီး၊ ထို့နောက် လူပင်လယ်ကြီးဖြစ်သွားသည်ကို ကျနော်အခု မစဉ်းစားတော့။ ထိုလူတွေ ဘယ်ရောက်သွားသလဲ စဉ်းစားနေသည်။ ကျနော်နားထဲမှာ ထိုနေ့များက အသံများ ပြန်ကြားနေရသည်။ ကြောက်ခမန်းလိလိ အရှိန်အဟုန်က ဟိုး ဆယ့်ကိုးနှစ်တာကတည်းက အရှိန်ယူထားပြီး ဖြစ်သည်။