Mr Balance ရဲ့ ရာဇ၀င်

ဘလော့ စလုပ်ဖြစ်ဖို့ ကျနော့် သူငယ်ချင်း ကိုအောင်က စတိုက်တွန်းတာ။ ဒါနဲ့ နံမယ်ကို ကိုယ်လုပ်မဲ့ အလုပ်အတွက်လည်း သုံးနိုင်အောင် နံမယ် တခုစဉ်းစားရာက ကျနော့် ပရိုဖိုင်မှာ ရေးထားသလို ကျနော်သားရဲ့ နံမယ်ပြောင်၊ သူ့အမေ ပေးထားတဲ့ နံမယ်အရင်းနဲ့ လိုက်တဲ့ Balance (ညီညွတ်မျှတခြင်း၊ ဟန်ချက်ညီခြင်း) ကိုရွေးလိုက်တာပါ။ (ကိုယ်ကိုတိုင်တော့ စားမှု၊ နေမှု၊ ထိုင်မှု၊ ပေါင်းသင်းဆက်ဆံမှုမှာ ညီညွတ်မျှတမှု မရှိပါ။) ဒါကြောင့် ဒီဘလော့ကို ဒီနံမယ်နဲ့ လုပ်ခဲ့တာပါ။ နေရာယူပြီး ပို့စ် သုံးခုတင်ပြီး ရပ်နေတာ () လလောက် ကြာသွားတယ်။ အရင်ကတည်းက ရင်းနှီးပညာယူခဲ့ရတဲ့ ကိုမောင်လှ၊ ကိုညီလင်းဆက်တို့ စာမျက်နှာတွေ၊ နောက် ကျနော့် သူငယ်ချင်းရဲ့ အဉ္ဇလီ၊ နောက် Fat Pank ရဲ့ စာမျက်နှာတွေကို ပုံမှန်ရောက် ဖြစ်ပါတယ်။ သူတို့တွေက ကိုယ့်ရဲ့ မြင်ဆရာ၊ သင်ဆရာတွေပါ။

ကိုယ့်ကိုကိုယ် မိတ်ဆက်ခြင်း

ပန်းချီနည်းနည်းပါးပါး ကိုယ့်အဖေဆီက သင်ခဲ့ဘူးပါတယ်။ ပန်းချီဆရာ ဖြစ်ချင်ခဲ့တယ်။ (အခုထိ မဖြစ်သေးပါ။) ကာတွန်းတချို့ ယခင်ထုတ်ဝေခဲ့တဲ့ သတင်းစာတစ်စောင်မှာ ပုံမှန်ရေးသားဖြစ်ခဲ့သည်။ (အခု မရေးဖြစ်ပါ။) အဲဒီ ပန်းချီကြောင့် ကွန်ပျူတာမှာ ဒီဇိုင်းလုပ်ဖို့ အများကြီး အထောက်အကူ ပေးခဲ့ပါတယ်။ ကွန်ပျူတာ အခြေခံနဲ့ ဒီဇိုင်းကို သူများတွေ ပြန်သင်ပေးဖူးပါတယ်။ (သိပ်အထင်မကြီးပါနဲ့ လိုလို့ဝင်လုပ်ရတာတွေပါ။) ဒါတွေကလည်း ကျတဲ့နေရာမှာ ကိုယ်လုပ်နိုင်တာနဲ့ အံဝင်သွားလို့ လုပ်ဖြစ်ခဲ့လို့ပါ။ လိုဂိုဒီဇိုင်းကနေ၊ စာအုပ်အပြင်အဆင်၊ အခမ်းအနားအပြင်အဆင် စတဲ့ တောက်တိုမယ်ရ အစုံလုပ်ခဲ့ပါတယ်။ ဘယ်နေရာမှ နံမယ်မကျန်ခဲ့ပါ။ ပိုက်ဆံလည်း များသောအားဖြင့် မရပါ။ ကျေးဇူးတင်တဲ့ စာရင်းမှာတောင် ကျုပ်နံမယ်မပါ။ ဒါကြောင့် တောက်တိုမယ်ရ ပြည်ပရောက် ဒီဇိုင်းဆရာလို့ ကိုယ့်ဖာသာ ဝေဖန်ပါရစေ။ (ပြည်တွင်းမှာဆို စနစ်တကျနှင့် တကယ့်တော်သူ၊ တက်သူများ များလို့ နေရာအဆင့်တစ်ခုရရန် မလွယ်ကူပါ။)

အခုတော့ ကိုယ့်မိသားစုရပ်တည်ရေးအတွက် ရနိုင်သမျှအလုပ်များကို အခကြေးငွေယူပြီး လက်ခံလုပ်ပါတယ်။

Mr Balance မှာ ကျနော်သိသမျှ ကွန်ပျူတာနဲ့ ပတ်သက်တာတွေ၊ ကျနော့်ရဲ့ လက်ရှိပင်မအလုပ် ဖြစ်တဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းနှင့် ပတ်သက်တာတွေ၊ အချို့ ကျနော်ကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံများ၊ အလုပ်များကို မျှဝေချင်ပါတယ်။ အခြားသူများထံမှလည်း သင်ယူလိုပါတယ်။

သို့သော် ကိုယ်ကိုယ်တိုင်က ကျောင်းတစ်ခုခုက စနစ်တကျ မသင်ယူခဲ့ရတာကြောင့် စာတွေဖက်၊ သူများလုပ်တာတွေ အတုခိုး လိုက်လုပ်၊ သိနိုင်တဲ့လူတွေဆီ မေး၊ အလုပ်က သင်ခဲ့ရတဲ့အတွက် လိုအပ်ချက်များ ရှိနိုင်ပါတယ်။ ကျနော့်ပို့စ်မှာ မှားယွင်းတာများရှိခဲ့ရင် ထောက်ပြဝေဖန်နိုင်ပါတယ်။

ဒီနေရာမှာ ကိုယ့်ဖာသာကိုယ် သင်ယူရခြင်း (Self Taught) ကို အချို့သူများ ဂုဏ်ယူကောင်း ယူနိုင်ပါတယ်။ သို့သော် ကျနော့်အနေနဲ့ကတော့ ပိုအချိန်ကြာစေတယ်၊ စနစ်ကျနမှုမရှိတဲ့အတွက် မကြိုက်ပါ။ သို့သော် ကျနော်များနိုင်ငံ အခြေအနေ၊ ဘက်ပေါင်းစုံ အခြေအနေများအရ မကြုံဆုံချင်ပေမဲ့ ကြုံနေရတယ်။

နောက် ကိုယ်ပြောချင်တဲ့ အကြောင်းအရာစုံကိုလည်း ချရေးချင်၊ မျှဝေချင်တာပါ။ မြန်မာအိုင်တီလောကကြီး ဒီထက်မက တိုးတက်အောင်မြင်ပါစေ။ မြန်မာပြည်သား အားလုံး လျှပ်စစ်မီးပြည့်ပြည့်စုံစုံနဲ့ ကမ္ဘာ့ရွာကြီးဘာများ ဖြစ်နေလည်း ရှုစားနိုင်ကြပါစေ။ (ဆုတောင်းဆိုတာကို မယုံကြည်ပါ။ သို့သော် ကိုယ့်အခြေအနေက ဆုတောင်းသာတက်နိုင်ပါသည်။)

Volunteer, Revolution & Money (ဘော်လန်တီယာ၊ တော်လှန်ရေးနဲ့ ငွေကြေး)

အခုဆွေးနွေးချင်တဲ့ အကြောင်းတခုက Volunteer အခမဲ့လုပ်ကိုင်ကူညီပေးခြင်း၊ တော်လှန်ရေး၊ အလုပ်အကိုင်နဲ့ ငွေကြေးဆိုတဲ့ကိစ္စပါ။ ဒီသုံးခုက ကျနော်ကို ၀ိရောဓိဖြစ်စေပါတယ်။ ကျုပ်က အခု ပြည်ပမှာ (အစိုးရအဆို ပြည်ပြေး၊ ကျုပ်တို့အဆို တော်လှန်ရေးသမား) သူများနိုင်ငံမှာ ပုံစံမကျနဲ့ ခိုကပ်နေရတဲ့ကောင်ပါ။ ဒါကြောင့် ဒါကိုတဆက်တည်း ရေးလိုက်တာပါ။

ကျုပ်တိုင်းပြည်မှာ မနေနိုင်လို့၊ အဖမ်းခံရမှာ ကြောက်၍ ထွက်ပြေးခဲ့သူပါ။ တောခိုသော်လည်း တောထဲမှာမနေခဲ့ဖူးပါ (တောတောင်အတွင်း နေထိုင်လှုပ်ရှားသူများကို မစော်ကားပါ။)။ ဒါကြောင့် ကျုပ်ကိုကျုပ် တော်လှန်ရေးသမား အဖြစ်သတ်မှတ်ရန် ဇဝေဇ၀ါဖြစ်နေသည်။ နောက်တော်လှန်ရေးအတွက် တနေ့ ဘယ်နှစ်နာရီလုပ်သလဲလို့ ပြန်မေးတဲ့အခါ အနည်းငယ်သော အချိန်ကာလမျှသာ လုပ်ပါသည်။ ဒါကြောင့် တော်လှန်ရေးသမား လုံးလုံးမဟုတ်ပါ။

နောက်ကျနော်တို့ သည်ဖက်ကမ်းမှာ ဘော်လန်တီယာ ဆိုတာ သိပ်ခေတ်စားပါတယ်။ နိုင်ငံခြားသားများကလည်း ဘော်လန်တီယာ၊ ကျုပ်တို့ကလည်း အလကားခိုင်းလိုတဲ့အခါ ဘော်လန်တီယာ။ တော်လှန်ရေးဆိုတာလည်း ဘော်လန်တီရာလို့ အဓိပ္ပါယ်ဖွင့်သူများလည်းရှိပါသည်။ လမ်းကြုံဝင်လုပ်သည့် အလုပ်ပုံစံမျိုး (သို့မဟုတ်) လုပ်အားအခမဲ့ပေးခြင်း (သို့မဟုတ်) ခိုင်းချင်သမျှ အခမဲ့ခိုင်းခြင်းမျိုးကို ဘော်လန်တီရာလို့ လွယ်လွယ်သတ်မှတ်လျှင် ကောင်းကောင်းမွန်မွန် ဘော်လန်တီရာ လုပ်သူများကို စော်ကားရာကြပါမည်။ သို့သော် လူအများနားလည်သည့် ဖတ်စာက ထိုသို့ထိုသို့ဖြစ်နေသည်။ တော်လှန်ရေးဆိုသည့် စကားကိုလည်း ဘော်လန်တီရာပါကွာလို့ ညှပ်သုံးကြသည့်အခါ သာ၍ပင်ဆိုးဝါးသွားတော့သည်။

နောက် ကျုပ်က တော်လှန်ရေးသမား၊ ဘော်လန်တီယာ ငွေစကားမပြောနဲ့ ဒီနေရာမှာ အကျိုးအမြတ်လာ မရှာနဲ့ဆိုသော စကားများ နားခါးလှပါသည်။ သို့သော် တွင်တွင်ကြီးသာ သုံးစွဲနေကြသည်။ တော်လှန်ရေးမှာ ပိုက်ဆံမရှိရင်၊ ဘော်လန်တီယာ အိမ်မှာ ဆန်မရှိရင် ဘယ့်နှယ့်များ လုပ်ကြမတုန်းလို့ တွေးမိပါသည်။ ထို့ကြောင့်လည်း ကျုပ်တို့ နှစ်တွေသာကြာလာ ပြောင်းလဲမှုဆိုတာကို ကိုယ့်ကိုတိုင်တောင် မလုပ်နိုင်တဲ့ တော်လှန်ရေးသမားများ ဖြစ်လာရပါတယ်။

The Title (နာမည်တစ်လုံး)

အမေပေးခဲ့တဲ့ နာမည်တော့ရှိသည်။ ကျနော်ဒါကို ဆိုလိုရင်းမဟုတ်ပါ။ လူမလေးခွေးမခန့် ဆိုသလို နာမည်မရှိသူများ ဘယ်လောက်တော်တော် နေရာမပေးကြတဲ့ အကြောင်းပါ။ ကိုယ်ကိုတိုင် နဂိုစရိုက်က နေရာယူရန် စိတ်မကူးခဲ့၊ ရှေ့တန်းမတင်ခဲ့။ ဘယ်အလုပ်ကို ဘယ်လိုပုံစံပဲ လုပ်ရလုပ်ရ လုပ်ရန် ၀င်မလေးခဲ့ပါ။

နောက် ဟုတ်ကဲ့ရပါတယ်ဆိုတဲ့ တစ်လုံးနှင့် လုပ်လိုက်ရသည့် အလုပ်များ လက်ချိုးမရေနိုင်ခဲ့ပါ။ ဒီတော့ ခိုင်းချင်သူများက ဒီအကောင် ကွမ်းယာကျွေး၊ အရက်တိုက်ရင် ဖြစ်ပါတယ်၊ (အရက်တော့ ကျန်းမာရေးအရ မသောက်တော့ပါ။) ဘယ်အချိန် နှိုးခိုင်းခိုင်းရပါတယ် စသဖြင့် စသဖြင့် ဆက်ဆံမှုများ ကြုံခဲ့ရသည်။ ဆက်ဆံခံရသူများ ရှိနေပါလိမ့်မည်။ ဒါသည်လည်း ချစ်စရာ မြန်မာစရိုက်တော့ မဟုတ်ဟု ယူဆရပါသည်။ ဟုတ်ခဲ့ရင်လည်း ပြန်လည်ပြင်ဆင်သင့်ပါသည်။ ရပါတယ်ဆိုသော စကား ကျနော် သေသေချာချာ စဉ်းစားကြည့်သည်။ တော်တော် ခနော်နီခနော်နဲ့နိုင်သော စကားလုံးဖြစ်သည်။ ရေရာသေချာခြင်း သုညရာခိုင်နှုန်းဖြင့် စကားလုံးဖြစ်သည်။ သို့သော် ထိုစကားလုံးမှာ ကိုယ့်ကိုပိုင်လိုဖြစ်နေသေးသည်။

ယခုလို စကားမျိုးဖြင့် နိုင်ငံခြားသားများနှင့် ဆက်ဆံက ပိုမိုဆိုးရွားစွာ ခံစားရပါမည်။ သူတို့ဆီမှာ မည်သည့် အလုပ်ကိုလုပ်လုပ် တင်ကြိုစည်းမျဉ်း ကန့်သတ်ချက်၊ ကနဦးဆွေးနွေးချက်ဖြင့် လုပ်ငန်းလုပ်လေ့ရှိသည်။ ကျုပ်တို့ မြန်မာစရိုက်နဲ့တော့ သူတို့ကြိုက်ပေ့ဖြစ်စေသည်။ ရပါတယ်၊ ဒါလေးများလုပ်လိုက်မယ် ဆိုပြီး လုပ်ကြသည်။ ပြီးတော့ သူသိတက်မှာပါလေ ဆိုတာက ရှိသေး။ မဟုတ်ပါ။ ခိုင်းလို့ရလျင် မည်သည့်လူ မဆိုခိုင်းပါလိမ့်မည်။ ပေးခြင်း မပေးခြင်းက ကြိုတင်သဘောတူမှုအရသာ အလုပ်ဖြစ်သည်။ အတော်များများကြုံဖူးကြပါမည်။ နားလည်မှုဆိုတာကို ဒီနေရာမှာ မေးခွန်းအဖြစ် ပြန်မေးနေစရာကို မလိုတော့ပေ။

ဆိုးသောနေရာမှာ ဖြစ်ဖြစ်၊ ကောင်းသောနေရာမှာ ဖြစ်ဖြစ် နာမည်တစ်ခုကျန်ရစ်ဖို့ နာမည်တစ်ခုရှိဖို့ လိုအပ်ပါသည်။ ဒါမှလည်း လူရိုသေ၊ ရှင်ရိုသေဖြစ်မည်။ ကျနော့် ဆရာတစ်ယောက် အဆုံးအမအရ လူတစ်ယောက်က လုပ်လည်း လုပ်ရမယ်၊ နေရာလည်း ၀င်ယူတက်ရမယ်လို့ ဆိုခဲ့တယ်။ ဒီအဆိုကို မှန်သည်ဖြစ်၊ မှားသည်ဖြစ်စေ၊ အစွန်းကျသည့်ယူဆမှုဖြစ်စေ ကိုယ့်အတွေ့အကြုံများအရ တဖြေးဖြေး လက်ခံလာမိသည်။ သို့သော် ခွေးပလ္လင်ပေါ်တက်သည့် အထိတော့ မယူဆပါ။ တန်ရာတန်ကြေး အတွက်ဖြစ်ပါသည်။

နောက် မိမိနေရာအတွက် ကြော်ငြာသင့်ရင် ကြော်ငြာရမည်၊ ကိုယ်ဒီလောက် လုပ်နိုင်သည်ကို ရဲရဲအာမခံနိုင်ရမည်။ ယနေ့ကြော်ငြာခေတ်ကြီးမှာ ကိုယ့်ကိုကိုယ်လည်း ကြော်ငြာဖို့လိုအပ်သည်။ သို့မဟုတ် ခိုင်းချင်ရာ အလကားခိုင်းဖို့၊ အောက်ဈေးနှင့် ခိုင်းဖို့ရောက်လာကြပါသည်။ ကိုယ်က အလကားမူးတင်း ရသည့်အတွက်ပါ။ တကယ့် သိက္ခာနဲ့ အခကြေးငွေနဲ့ ခိုင်းစရာများနှင့် ပတ်သက်လာလျှင်တော့ နာမည်ရှိသူက ဘယ်လောက်ဖြစ်ကတတ်ဆန်း လုပ်လုပ် သွားအပ်ကြပါသည်။ ဒါသည်လည်း နာမည်ကြောင့် ဖြစ်သည်။

ကျနော်ရဲ့ အခုပို့စ်ကို ဖတ်သူတွေ ကျနော်ကို မုဒိတာမပွားနိုင်သူ၊ အဆိုးမြင်ဝါဒီ၊ မကောင်းမြင်သမားလို့ ထင်မြင်ယူဆနိုင်ပါသည်။ သို့သော် ထိုသို့ဖြစ်လာရန် ထိုထိုလူများက ထိုထိုအကြောင်းအရာများနှင့် ဆက်ဆံခဲ့၍သာ ယခုကဲ့သို့ ဘက်ကန်သော အတွေးများ၊ ပြုမူချက်များဖြစ်လာရသည်။ သို့သော် အရင်းစစ်က အမြစ်မြေဆိုသလို ကိုယ်ကိုတိုင်က ညံ့ခဲ့၍သာဟု နောက်ဆုံးကောက်ချက်ချမိပါသည်။

ကျွန်ုပ်အတွက် နာမည်တစ်လုံးကို ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဤကမ္ဘာမြေပေါ်၌ ကျန်ရန် ကျွန်ုပ်ယနေ့မှစ၍ ကြိုးစားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ ကျွန်ုပ်၏ အတ္တများ အခြားလူများ မကူးစက်ကြဖို့ ပြောကြားလိုပါတယ်။