တက္ကသိုလ်စိန်ရတုအဆောက်အအုံ နေရာသည် . . .
တနေ့က အွန်လိုင်းပေါ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံရင်းနဲ့ သူနဲ့ကျနော်တို့ နေထိုင်ခဲ့ကြတဲ့ ရပ်ကွက်ထဲက တချို့ သူငယ်ချင်းတွေ အကြောင်း မေးမိတယ်။ ဒါနဲ့ ကျနော် သည်အကြောင်းအရာလေး ခေါင်းထဲမှာ ပေါ်လာတာနဲ့ ချရေး ဖြစ်ခဲ့မိတယ်။ အဲဒီရပ်ကွက်ကလေးက အခုတော့ အဲဒီနေရာမှာ မရှိတော့ပါ။ အခြားတနေရာကို ရွှေ့သွားခဲ့ပြီ။ သူငယ်ချင်းတွေလည်း ဘယ်တွေ ရောက်ကုန်လို့ ဘာတွေ လုပ်ကိုင်စားကြတယ်။ မသိတော့။ အဲသည့်နေရာက နာမည်မကောင်းပါ။ သို့ပေမယ့် လွမ်းမိပါသည်။ သူငယ်ချင်းကတော့ အဲဒါတွေ ချန်ထားခဲ့တော့တဲ့။
ကျနော်အဖေက ကျောင်းဆရာ တစ်ယောက်ပါ။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် (ပင်မ) အ၀င်ပေါက်နှင့် မျက်နှာချင်းဆိုင်မှာ ရှိသည့် တက္ကသိုလ်အမှုထမ်းများရိပ်သာ (လူအများသိသည်က လိုင်းပေါက်) မှာ အဖေက အိမ်ခန်းတစ်ခန်းရသည့် အတွက် ကျနော် (၄) တန်းနှစ်က စတင်၍ နေထိုင်ခဲ့ရသည်။ တက္ကသိုလ်ဝင်း၊ ဘောလုံးကွင်း၊ ယူတီစီ စစ်တပ်၊ ဘီအိုစီ၊ အင်လျားကန်တို့က ကျနော်တို့ ကျင်လည် ကျက်စားခဲ့ကြရသည့် နေရာများ။ တစ်ခါခါ အဲဒီမှာနေခဲ့တဲ့ သူငယ်ချင်းတွေ အချင်းချင်း နောက်ပြောင်တဲ့ အခါမှာ ဟေ့ ငါတို့က ဆယ်တန်း အောင်စရာမလို၊ တက္ကသိုလ်ကို သွားစရာတောင် မလိုဘူး၊ ရောက်နှင့်ပြီးသား စသဖြင့် နောက်ပြောင်လေ့ ရှိသည်။
တက္ကသိုလ်အမှုထမ်းရိပ်သာဆိုလို့ သိပ်အထင် မကြီးလိုက်ပါနဲ့ ကျနော်တို့ ရပ်ကွက်မှာ (ဆေး၊ ဘိန်းဖြူ၊ ဖဲ၊ ဖာ၊ အရက်ပုန်း) အစုံရသည်။ လူမိုက် ပေါသည်။ တက္ကသိုလ်အမှုထမ်းရပ်ကွက် ဆိုပေမယ့် ပညာရေးဝန်ထမ်း ဆိုသည်မှာက ၀န်ထမ်းများထဲတွင် အမွဲတက အမွဲဆုံး၊ ဒီတော့ အခန်း ငှားစားကြသည်။ လူစုံ၊ နယ်စုံ ပါလာသည်။ ၀င်ငွေ မကောင်းတော့ အဆင့်သင့်ရာ လုပ်ကိုင်စားကြသည်။ သည်တော့ လူဆိုး၊ လူမိုက်၊ ပစ္စည်းစုံ ရသည်မှာ မဆန်းပါ။ နောက် တစ်ခုက ကျနော်တို့ ရပ်ကွက် အပြင်ဖက်က အုတ်တံတိုင်း ကာထားပြီး ညနေစောင်းဆို လူပြတ်သည်။ သည်တော့ တချို့ ခါးပိုက်နှိုက်တို့၊ လုယက်မှုတို့ လုပ်ပြီး၊ ကျနော်တို့ ရပ်ကွက်က ဖြတ်ပြေးတက်သည်။ သည်တော့လည်း နာမည်ကြီးသည်မှာ မဆန်းပါ။
ပညာရေးဝန်ထမ်း သားသမီးများဆိုပေမယ့် တက္ကသိုလ် မတက်နိုင်သူများသည်။ နောက်ဆုံး ဆယ်တန်းအောင် ရင်တောင် ရန်ကုန်တက္ကသိုလ်မှာဘဲ ရရာ ရုံးအကူ၊ စာရေး အလုပ်ကလေး ၀င်လုပ်။ တဖက်က လုပ်သားကောလိပ် (သို့မဟုတ်) စာပေးစာယူတက်ကြရသည်။ နေ့ကျောင်းတက်နိုင်သည့်သူ ရှားသည်။ တက္ကသိုလ်ကြီး အနားမှာ ကြီးခဲ့ကြပေမယ့် အဲသည့်တက္ကသိုလ်ကြီးက ကိုယ့်အတွက် မဟုတ်သလိုလို။ အချို့ကတော့ အဲဒီကျောင်းကြီးမှာ အလုပ်တစ်ခုခု ၀င်လုပ်ကာ သားစဉ်မြေးဆက် အမှုထမ်း အရိုးထုတ်ကြသည်။ အိမ်ခန်းက သည်မှာက အစိုးရစားရိတ်ဆို သက်သာသည်။ မိသားစုနည်းလျှင် အခန်းကန့် ငှားစားပါက ၀င်ငွေတမျိုးရပြန်သည်။ သည်တော့ အဖေတုန်းကလည်း သည်အခန်း၊ သားကြတော့လည်း ထပ်ယူကာ လက်ဆင့်ကမ်းနဲ့ နေလာခဲ့ကြသည်။ ၀န်းထမ်းပြီးရင် ၀န်ထမ်းဆိုတော့ လူမွေးလူတောင်တော့ ဘယ်ပြောင်ရောင် ကြမလည်း။
ကျနော့်တို့ နေရသည့်အခန်းတွေက ဆယ်ပေပတ်လည် ထက်အနည်းငယ်သာ ကျယ်သည့် တဖက်ပိတ် အုတ်တိုက် အိပ်ခန်း။ ရှေ့မှာ ပစ္စည်းထားရန်နှင့် ဟင်းချက်ရန် နေရာအဖြစ် အနံ (၈) ပေလောက်သာ ကျယ်သည့် အခန်းပို တစ်ခုပါသည်။ ရှေ့မှာ ပေ (၂၀) လောက် ရှိသည့် မြေကွက်တစ်ခုပါသည်။ အိမ်သာမပါ။ ရေဘုံဘိုင် မရှိ။ အိမ်သာက အများသုံး ဘုံအိမ်သာများကို လိုင်း အလိုက် ဆောက်လုပ် ပေးထားသည်။ ရေချိုးရန် ရေကန်များ လိုင်းအလိုက် သီးခြားဆောက် ပေးထားသည်။ အိမ်သုံးရန် ရေလှောင်ထားရန်နှင့် သောက်ရေအတွက်တော့ အဲဒီရေကန်တွေက သွားခပ်ထားရသည်။ ရေက မနက်တစ်ခါ၊ ညတစ်ခါ ဖွင့်ပေးသည်။ အိမ်တွေက အင်္ဂလိပ် ခေတ်တည်းက ဟုပြောသည်။ နောက်အကျဆုံး ဖဆပလခေတ်က တည်ဆောက်ခဲ့ပုံရသည်။ ထုတည်ကြီး၍ ခိုင်ခန့်သည်။ နေပူခံ အုတ်ပြားများ မိုးထား၍ အပူသက်သာသည်။ တန်းလျားတွေက စဆောက်စဉ်တုန်းက အတော်ကောင်းမည့် ပုံရသည်။ ပြန်ပြင်တာတောင် နဂို စံနှုန်းခိုင်ခန့်မှုကို မမီတော့။ အိမ်များကို ရာထူး အကြီး၊ အငယ်အလိုက် တစ်ခန်း၊ နှစ်ခန်းတွဲ၊ သုံးခန်းတွဲ အထိရှိသည်။ လိုင်းတွေကိုလည်း အပေါ်လိုင်း၊ အလယ်လိုင်း၊ အောက်လိုင်း၊ အရာရှိလိုင်း ဟူ၍ လိုင်းလေးလိုင်း ခွဲခြားထားသည်။ ဟိုအပေါ်ကနေ အောက်ကို သွားလေ ပိုညစ်ပတ်လေ မသတီစရာ ကောင်းလေဖြစ်သည်။
ကျနော့် သူငယ်ချင်းတွေရဲ့ မိဘတွေက ရာထူးမျိုးစုံ။ ကျောင်းဆရာ၊ ရုံးအုပ်၊ စာရေးကနေ အောက်ခြေ တံမြတ်စည်းသိမ်း၊ သန့်ရှင်းရေး အထိရှိသည်။ အချို့ သူငယ်ချင်း မိဘတွေက ကျောင်းဝင်းအတွင်း၌ သန့်ရှင်းရေး၊ မာလီ၊ ထမင်းချက်၊ ညစောင့် လုပ်ကြရတယ်။ သူတို့တွေက မိဘတွေက အလုပ်သွားလုပ်ရင် သူတို့လည်း လိုက်သွားပြီး ဆေးပေါ့လိပ်၊ စီးကရက်၊ ကွမ်းယာ၊ ချိုချဉ် စသည့်တို့ကို လွယ်အိတ်ထဲ ထည့် ဈေးလည် ရောင်းကြသည်။ ကျောင်း စောစောစီးစီး ထွက်ကုန်သည်က များသည်။ သူတို့က အများစုမှာ ကုလားသူငယ်ချင်းများ ဖြစ်သည်။ အနိမ့်ဆုံး ၀န်ထမ်းများ ဖြစ်သည့်အတွက် လစာကနည်း၊ မိသားစုကများ၊ ဆွေမျိုးသားချင်း တပြုံတမနှင့် အသက်အရွယ်စုံ ပုစုခရုကနေ ၆၀ ကျော် အဖိုးအို၊ အဖွားအို အထိ အဲဒီ တခန်းတွဲ အခန်းကျဉ်းကျဉ်းလေးထဲ ထပ်ခိုးထည့်၊ လွတ်နေတဲ့ မြေမှာ အဖီထုတ် နေထိုင်ကြရသည်။
တခါက ကုလားအဖွားကြီး တစ်ယောက် ကြွက်မြီးတန်းကိုက်လို့ ဆုံးသည်တဲ့။ အဲသည်တုန်းကတော့ ယုံခဲ့သည်။ သူတို့က မြေကသန့်နေအောင် လုပ်ပြီး ဖျာကလေး တစ်ချပ်ခင်းကာ အိပ်တက်ကြသည်။ ကျနော် အခုမှ စဉ်းစားကြည့်တာ အအေးပတ်ကာ ဆုံးတာလည်း ဖြစ်နိုင်သည်။
ပုစုခရုများတဲ့ လိုင်းတွေဆိုရင် ညအမှောင်နဲ့ မနက်စောစော လမ်းလျှောက်တဲ့ အခါ မိုင်းရှောင်ရသည်။ မိုင်းဆိုတာက အဲသည် ပတ်ဝန်းကျင်တွေမှာ ကလေးတွေများတဲ့ အခါကြတော့ အိမ်သာမပို့နိုင်ကြ။ နီးစပ်ရာ အိမ်ဘေးမှာ ရှိတဲ့ မြောင်းဘောင် (သို့မဟုတ်) မြေကြီး အပေါ်မှာ သည်အတိုင်း အီးပါချခိုင်း လိုက်သည်။ သည်ဟာကို နင်းမိရင် ဘယ်ပြေးရမှန်း မသိ။ ရေရှိရာနဲ့ ဝေးနေလျှင်တော့ သွားပြီ။ ကျနော်တို့ ရပ်ကွက် စည်ပင်သာယာက ရပ်ကွက်ထဲမှာ ရှိတဲ့ ခွေးအုပ်စုတွေပေါ့။ သူတို့လည်း တခါတခါ သိပ်များတဲ့အခါ မသိမ်းနိုင်တော့ အစအနတွေ ကျန်ရစ်ခဲ့တာပေါ့။ ကျနော့်တို့က အဲသည့်နေရာတွေကို မိုင်းကွင်းတွေလို သတ်မှတ်တယ်။ မှတ်မှတ်ရရ မိုင်းကွင်းတစ်ခုက ကျနော်တို့ ဘောလုံးကန်တဲ့ မြေကွက်ကလေးရဲ့ နဘေးမှာ။ ဘောလုံးကန်ချင်လျင် မိုင်းအရင် ရှင်းရသည်။
အဲဒီရပ်ကွက်ရဲ့ မနက်ခင်းက သိပ်လှပတယ်။ တကယ့် သုခမြို့တော်ပဲ။ မနက်ထလိုက်တာနဲ့ အများသုံး အိမ်သာမှာ တန်းစီနေကြရတာ။ ကလေး ပုစုခရုတွေက မြောင်းပေါင်တွေ ပေါ်မှာ အခန့်သား အစီအရီ ထိုင်ပြီး မိုင်းစွန့်ကြရတယ်။ အပေါ့သွားချင်တဲ့ ယောက်ျားတွေက အိမ်သာဘေး နံရံအလွတ်တွေကို တွယ်ကြတာပေါ့။ အဲဒါက ကြည့်ချင်ကြည့် မကြည့်ချင်နေဘဲ။ တဖက် (၁၀) ကိုက် လောက်မှာ ရေကန်။ ရေတွင်းတာဆို ပြသနာ ရှိတယ်။ အဲသည်မှာက ရေအလုအယက်ငင် သူနဲ့ ရုံးတက်အမီ ရေလုချိုးနေကြတာ မြင်ရပါလိမ့်မယ်။ အချို့ အိမ်သာတွေက ဆာဗစ်ကျင်း (အိမ်သာကျင်း) က နှစ်ကာလကြာမြင့်မှု၊ ပြုပြင်ထိန်းသိမ်းမှုမရှိတာနဲ့၊ လူအင်အားက နဂိုစဆောက်စဉ်က ဦးရေထက် အဆမတန်များတော့ မနိုင်တော့ပါ။ ဒီတော့ အလွယ်တကူဘဲ ဘေးက ကပ်လျက် ရေဆိုးမြောင်းထဲကို မြောင်းသွယ်ထားလိုက်တယ်။ ဌာနက တာဝန်ယူ ပြုပြင်ထိမ်းသိမ်းမှု မရှိတာ၊ အများသုံးဆိုတော့ ငါပြီးသူလုပ်မယ်ဆိုတော့ ဘယ်သူမှ တာဝန် မယူကြတော့ဘူး။ အဖုံးအကာက မရှိ၊ တံခါးတွေက ပျက်ဆိုတော့၊ အောက်က အိမ်သာအပေါက်ထဲ ကျအောင် မပါချတာက တမျိုးဆိုတော့ ဘေးမှာ အဖိတ်အစဉ်နဲ့ ယင်ကောင် တလောင်းလောင်း၊ လောက်တွေက တဖွားဖွားပေါ့။ အချို့အချို့ဆိုတဲ့ အိမ်သာတွေဘဲ အဲဒီပတ်ဝန်းကျင်က နေထိုင်သူများရဲ့ ကမကထလုပ်မှုကြောင့် အီးအီးပါရင် အနံ့အသက် ရှင်းရှင်းနဲ့ ကြည်ကြည်လင်လင် တက်နိုင်တယ်။ အဲဒီမြောင်းပေါင် သည်ဖက်မှာတော့ မနက်စောစော လက်သုပ်သယ်တို့၊ အကြော်သယ်တို့၊ မုန့်ဟင်းခါးဆိုင်တို့ အပြိုင်အဆိုင် ရောင်းချပြီး ၀ယ်သူဝယ်၊ ရောင်းသူရောင်းနဲ့ မနက်ဆို ကျိတ်ကျိတ်တိုးပေါ့။ ယင်ကောင်လည်း ဂရုမစိုက်နိုင်ကြ။
တခါတခါ ၀မ်းလျှော ၀မ်းပြတ်ဖြစ်ပြီး သေတဲ့ ကလေးတွေရှိတယ်။ အဲဒီမှာ ကိုသန်းဆိုတာ ရှိတယ်။ သူက ကျောင်းမှာ မာလီလုပ်တယ်။ သူ့က ချို့သာချို့တဲ့ ကလေးကတော့ တစ်ဒါဇင်ဘဲ။ သူ့မိန်းမက ဟော့တစ်ယောက် သေရင် နောက်တစ်ယောက်က ဗိုက်ထဲမှာ မပြတ်ဘူး။ သူကလေး တစ်ယောက်ဆို အာဟာရချို့တဲ့တာရော၊ ၀မ်းရောဂါကြောင့်ရော့ နောက်ဆုံး သေတာပါဘဲ။ အဲဒီကလေးဆို မသေခင်ဝမ်းဗိုက်ကြီးက ဖောင်းပြီး၊ သူ့ခြေထောက်တွေ လင်တွေက ဖောယောင်နေတယ်။ ကျနော်တို့က လက်နဲ့ထိုးလိုက်ရင် ပိန်ပိန်သွားလို့ သွားထိုးကြည့်ကြ သေးတယ်။
အဲဒီမှာ ကောင်းတဲ့အလေ့ တစ်ခုကတော့ ၀ါတွင်း တနင်္ဂနွေနေ့တိုင်း အာရုံဆွမ်းလောင်းဖို့ စနေနေ့တိုင်း ဆွမ်းခံထွက်ရတာပါ။ အင်္ကျီဖြူ၊ ပုဆိုးဖြူလေးတွေ ၀တ်၊ ငွေရောင် ခမောက်တွေ ဆောင်းပြီး (၉) ရပ်ကွက်နဲ့ (၁၀) ရပ်ကွက်ကြား ဆွမ်းခံထွက်တာ။ နေပူပူမိုးရွာရွာ ထွက်ကြတယ်။ ကျနော်တို့ ရပ်ကွက်မှာ ပိုက်ဆံရှိတဲ့ အပိုင်းနဲ့ ပိုက်ဆံမရှိတဲ့ အပိုင်းနှစ်ပိုင်း ရှိတယ်။ အရာရှိလိုင်းတွေက ပိုက်ဆံရှိကြတယ်။ ပါမောက္ခတွေ၊ ကထိကတွေ နေတဲ့နေရာ။ တက္ကသိုလ်ကျောင်းဝင်း၊ ဆရာများရိပ်သာ၊ အင်လျားကန်စောင်းမှာ ရှိတဲ့ လူငယ်အင်းလျားလေး၊ ခေမရဋ္ဌ်၊ စိမ်းလဲ့ကန်သာ၊ နိုင်ငံတော်ဧည့်ဂေဟာ၊ နောက်သည် ဖက်မှာဆို ယူတီစီစစ်တပ်၊ ဘီအိုစီလိုင်းခန်း၊ သည်ဖက်ထိပ်ဆို တက္ကသိုလ်ကောင်စီဝင်း လမ်းကြောအတော် ရှည်တယ်။ ပိုက်ဆံတွေ အများကြီးထည့်တဲ့ အိမ်နဲ့တိုးရင် အချင်းချင်းကြွားတာပေါ့။ နောက် ပိုက်ဆံသိပ်ရှိတဲ့ အိမ်ဆို ခွေးက ကြောက်ရသေးတယ်။
နေ့လည် (၁၂) နာရီက ထွက်ရင် ညနေ (၇) နာရီလောက်မှ ပြန်ရောက်ကြတယ်။ အဲဒါ ပစ္စည်းတွေစု၊ ပိုက်ဆံတွေအပ် စာရင်းလုပ်ပြီး ပြန်ရင် ည (၈) ကျော် (၉) နာရီမှ အိမ်ပြန်ရောက်တယ်။ ကျနော်တို့ကတော့ ငယ်တော့ တာဝန်သိပ်မရှိဘူး။ အဲဒီမှာ မှတ်မှတ်ရရရှိတဲ့ လူသုံးယောက်ရှိတယ်။ တစ်ယောက်က ဘကြီးဦးဘပေါ်၊ နောက်တစ်ယောက်က အကိုလို ဆရာလို ဖြစ်နေတဲ့ ကိုအောင်ကျော်၊ နောက် ဘကြီး ဦးသောင်း။ ဘကြီးဦးဘပေါ်ဆိုတာ တကသ (ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ စာရေးလုပ်ခဲ့ဖူးတာ နောက်ပိုင်း အဲသည့်ဓါတ်ပုံတွေ ကြည့်ဖြစ်မှ သူပါလားဆိုတာ သိရတယ်။) သူက စကားနည်းတယ်၊ အလုပ်အများကြီးလုပ်တဲ့သူ။ ကျနော်တွေ့ဖူးချိန်တုန်းက ၆၀ နီးနီးရှိမယ် ထင်တယ်။ ဒါပေမယ့် သူကနောက်ပိုင်းမှာ စားဖိုမှူးလုပ်တယ် ထင်တယ်။ သူတို့က အလုပ်ကြမ်းလုပ်တော့ အသက်မခန့်မှန်းတက်ဘူး။ သူကအဲဒီမှာ လူကြီး။
နောက် ကိုအောင်ကျော်က အဲသည် ဆွမ်းလောင်းအသင်းမှာဘဲနေပြီး ကျောင်းတက်တယ်။ ဆယ်တန်းအောင်တယ်။ ဘွဲ့ရတယ်။ ကိုအောင်ကျော်က နောက်ပိုင်းကျနော်တို့ကို အင်္ဂလိပ်စာ သင်ပေးခဲ့ဘူးတယ်။ အရေးခင်းထဲမှာ သူပါတယ်လို့ပြောတယ်။ နောက်ပိုင်း သူပျောက်သွားတယ်။ သေပြီလို့လဲ ပြောကြတယ်။ သူက အရပ်ထဲက လူငယ်တွေကို ဦးဆောင်ပြီး ကောင်းတာလုပ်ဖို့ အမြဲညွှန်ပြပေးပြီး သူ့ဆို အချို့လူမိုက်တွေက အစ တလေးတစားဆက်ဆံတယ်။ ရပ်ကွက် စာကြည့်တိုက် ဖြစ်အောင်လည်း သူဦးဆောင် လုပ်ပေးခဲ့တယ်။ သူတို့နှစ်ယောက်က ဘယ်သူပျက်ပျက် သူတို့မပျက်ဘူး။ နောက် ဦးသောင်း ခေါင်းက ဆံပင်တွေက တခေါင်းလုံးဖွေးနေပြီ၊ ကွမ်းတမြုပ်မြုပ်နဲ့ ဟင်းချက်ရာမှာ အလွန်လက်ရာကောင်းတယ်။ သူကတော့ စကားပြောတာ နည်းနည်းကြမ်းတော့ အနားမကပ်ရဲကြဘူး။ ဒါက မှန်တာကိုဘဲ ဘွင်းဘွင်း ပြောတက်တဲ့ သူ့ပုံစံကြောင့်ပါ။ သူနဲ့ ဦးဘပေါ်ကတော့ အမြဲတမ်း မိုက်ကရိုဖုန်း ကိုင်ပြီး နိဗ္ဗာန်ဆော် လုပ်ကြရတယ်။
မိုးတွင်းရောက်လာပြီဆိုရင်တော့ ကျနော်တို့ သိပ်ပျော်ကြသည်။ ရေတက်ဦး ငါးစဉ်ရိုင်းတွေ လိုပေါ့။ မိုးရွာရင် ဘောလုံး ကောက်ကိုင်တယ်။ မိုးမရှိရင် ဘောလုံးလည်း မရှိတော့ဘူး။ ကျနော်တို့ ရပ်ကွက် အနောက်ဖက်မှာ တက္ကသိုလ်ဘောလုံးကွင်းနှင့် လေ့ကျင့်ရေးကွင်းတွေ ရှိသည်။ ကျနော်တို့ ရပ်ကွက်ထဲမှ လူငယ်များ ဘောလုံးနှင့်တော့ မပတ်သက်ရင် မနေနိုင်ကြ။ အဲသည့် လေ့ကျင့်ရေး ကွင်းတွေက ကျနော်တို့ အတွက် လေ့ကျင့်စရာ နေရာတွေ ဖြစ်ခဲ့သည်။ ကျောင်းပြန်လာတာနဲ့ ပုဆိုးကို ပုံချွတ် ဘောင်းဘီပြောင်းဝတ်၊ တခါတလေ ကျောင်းပုဆိုးနဲ့ သည်အတိုင်းသွား သူငယ်ချင်းတွေ နောက် အပြေးလိုက်ရသည်။ မိုးတွင်းဆို နေ့တာရှည်တော့ တခါတလေ မှောင်လို့ မှောင်မှန်းမသိ၊ နောက်ဆုံး ရေချိုး အိမ်ပေါ်တက်တော့ ည (၈) နာရီထိုးပြီ။
နံမည်ကြီး အသင်းတွေ လာကစားသည့်အတွက် လေ့လာအတုယူနိုင်ကြသည်။ ကမာရွက်မြို့နယ် ပွဲဆိုလျှင်လည်း ကျနော်တို့ ရပ်ကွက်က အမြဲတမ်းဗိုလ်။ သို့သော် ဖြစ်ဖြစ်မြောက်မြောက် လောက်လောက်လားလား ဖြစ်ခဲ့သည့် ဘောလုံးသမား မရှိခဲ့ပါ။ ကျနော် သိသလောက် အမြင့်ဆုံး တိုင်းလက်ရွေးစဉ်၊ ၀န်ကြီးဌာန လက်ရွေးစဉ်တွေ အထိဘဲရှိခဲ့သည်။ အများစုက ပိုက်ဆံနောက် လိုက်ကြရင်း ကြေးစားအဖြစ် လိုက်ကန်ကြသည်။ လောင်းကြေးထပ်ကစားသည့် ပွဲများမှာပင် အဆုံးသတ်ကြသည်။
လောင်းကစား လုပ်ကြတာက အငယ်ကနေ၊ အကြီးအထိ ပုံစံမျိုးစုံ။ ကျနော်တို့က ငယ်တော့ ကျောက်ဒိုးရိုက်၊ ဂေါ်လီပစ်၊ ပိုက်ဆံလှည့်၊ အန်စာခေါက် ကစားကြသည်။ လူကြီးတွေကတော့ ဖဲရိုက်၊ ကြက်တိုက်နှင့် တအိမ်အိမ်၊ တချောင်ချောင်မှာ လုပ်လေ့ရှိသည်။ နောက် အမှတ်ရမိတဲ့ ရပ်ကွက်ကောင်စီ လူကြီးက ဦးကျော်ခင်။ သူက ရပ်ကွက်သားတွေ အပေါ် အလွန်ကျင်နာတက်သည့်သူ။ အဲသည်တုန်းက ရဲက သတင်းရလို့ လိုက်လာပြီး ဖဲဝိုင်း၊ ကြက်ဝိုင်း ဖမ်းတဲ့အခါ သူကိုခေါ်ရင် သူက အဲသည့်လူအုပ် ပြေးနိုင်လောက်တဲ့ နေရာကနေ ဟေ့ကောင်တွေ မပြေးနဲ့ဆို အော်ပြောတယ်။ သည်တော့ အားလုံးပြေးကြပြီ။ သူကိုယ်တိုင်တွေ့ရင်လည်း မင်းတို့နော် မင်းတို့နော်ဆိုတာ လောက်နဲ့ ခေါ်ပြီး ဆုံးမတယ်။ နောက်သူပြောတာက ငါ့ရပ်ကွက်သား မနာစေချင်ဘူး၊ မနာစေချင်အောင်လည်း နေကြလို့ ပြောလေ့ရှိတယ်။ သည်တော့ ရဲက အဲသည်လို ကိစ္စမျိုးအတွက် လာရင် သူ့ကို မခေါ်တော့ဘူး အကြောင်းအမျိုးမျိုးပြ ထားခဲ့တယ်။ သူက ရပ်ကွက်ကောင်စီ ဥက္ကဌအဖြစ် သက်တမ်း အတော်ရှည်သည်။ သူ့လက်ထက်မှာ တခုခု လုပ်လို့ ဒဏ်ပေးရင်ပဲဖြစ်ဖြစ်၊ အမှုရှိရင်ဘဲ ဖြစ်ဖြစ် သာမန်ကိစ္စဆို အရပ်ထဲမှာဘဲ ရအောင်ရှင်းသည်။ ပေါင်းသင် မြတ်နုတ် အလုပ်လောက်သာ ခိုင်းပြီး ပြန်လွှတ်တက်သည်။ လူငယ်တွေက သူ့ကို ချစ်တယ်၊ လူမိုက်တွေက သူ့ကိုတွေ့ရင် ခေါင်းမဖော်ရဲဘူး။ နောက် သူ့လက်ထက်မှာ သန့်ရှင်းရေးက အစ တနိုင်တပိုင် စိတ်ပါလက်ပါ အားလုံးကူညီ လုပ်ကိုင်ကြတယ်။
သူ့နောက်တက်လာတဲ့ လူတွေကတော့ နေရာလည်း ကြာကြာမမြဲသလို၊ ကြီးတဲ့အမှုပိုကြီးအောင်၊ သေးတဲ့အမှု ရုံးရောက်အောင်ဆိုတဲ့ လူစားမျိုးတွေ ဖြစ်တယ်။ အဲသည်ထဲက တစ်ယောက်က နံမည်က ဦးစိန်သောင်း။ သူလူကြီးဖြစ်လာတော့ အရပ်ထဲက လူတွေပါးစပ်မှာ စွဲကျန်ခဲ့တာက အဒီအချိန်က ခေတ်စားတဲ့ ပြတ်လုံးဖြစ်တဲ့ မှားပါတယ် ကိုစိန်သောင်းရယ်တဲ့ ။
အခုတော့ အဲသည့်ရပ်ကွက်ကြီးလည်း မရှိတော့။ အဲသည့်နေရာကနေ အဆင့်မြင့် အိမ်ယာဆိုပြီး လေးထပ်တိုက် အတွဲများ သမိုင်းကျောင်းဝင်းထဲမှာ နေရာ ပြန်ချပေးခဲ့ပါသည်။ အဲဒီရပ်ကွက် နေရာမှာ တက္ကသိုလ် စိန်ရတုအဆောက်အအုံကြီး အစားထိုးခဲ့သည်။ အရေးအခင်း ကာလပြီးကတည်းက ဖယ်ချင်ခဲ့တာ။ ဒါပေမယ့် တခြား အပြင်မှာ ရှိတဲ့ရပ်ကွက်တွေ ဖယ်နေရတော့၊ နောက်ဆုံးကျန်နေတဲ့ အဲသည့် ရပ်ကွက်ကို ၁၉၉၄ လောက်မှ စတင်ဖယ်ဖြစ်ခဲ့သည်။ တခုအကြောင်းပြတာ မြို့တော် အင်္ဂါရပ်နဲ့ မညီညွတ်ဘူး၊ နောက်တခုကတော့ တိုးတက်လာတဲ့ ၀န်ထမ်းအရေအတွက်နဲ့ လုံလောက်အောင် အထပ်မြင့် အဆင့်မြင့် အဆောက်အအုံတွေ ဆောက်ဖို့ လိုအပ်တယ်ဆိုပြီး နေရာရွေ့ခဲ့တာပါ။ စိန်ရတုဆိုတာလည်း ကျောင်းသားတွေကို ပျားရည်နဲ့ ၀မ်းချဖို့ ဖန်တီးတာပါ။ တချက်ခုတ် သုံးလေးချက်ပြတ် သဘောနဲ့ လုပ်တာပေါ့။
ဘယ်သူတွေ ခံရလည်းဆိုတော့ ဆင်းရဲပြီး၊ မိသားစုများတဲ့ သူတွေ ခံရတော့ပေါ့။ အစိုးရ အမှုထမ်းဆိုတော့လည်း သူတို့ရွှေ့ဆိုတော့လည်း ဘာအာခံနိုင်မှာတုန်း။ သမိုင်းကျောင်းဆောင် ၀င်းထဲက ကုန်းခေါင်ခေါင် ချောင်ထဲမှာ အထပ်မြင့်မြင့် တွေတင်ပြီး ဆွဲရွှေ့လိုက်တာပါ။ ရွှေ့တဲ့အချိန်မှာ တိုက်အားလုံးက မပြီးသေးတဲ့ အတွက် နောက်ဆုံးပြောင်းတဲ့ အဆင့်နိမ့် ၀န်ထမ်းတွေ ပိုခံရတာပေါ့။ သူတို့ကို ကုန်းခေါင်ခေါင်မှာ အရိပ်အကာ မရှိဘဲ သွပ်ပြားမိုးတွေနဲ့ ယာယီနေထိုင်စေခဲ့တယ်။ တိုက်မှာ နေသူတွေက ရေမတက်တဲ့ ပြသနာ၊ အခန်းကျဉ်းတဲ့ ပြသနာ၊ အလုပ်ဆင်းတဲ့ နေရာက ပိုဝေးလာတဲ့ ပြသနာတွေ ရင်ဆိုင်ရတာပါပဲ။ နောက် ကျောင်းတွေမှာ သပိတ်မှောက် ဆန္ဒပြလို့ လမ်းတွေပိတ်ရင် သူတို့လည်း ခံရတာပါပဲ။ နောက် သမိုင်းကျောင်းဝင်းကို အရင်က ကျောင်းဖွင့်ရင် ပြေးနေကြ လိုင်းအချို့က ကျောင်းပိတ်ရင် အဲသည့်ထဲ မ၀င်တော့ဘူး။ သည်တော့ သူတို့နေရာကနေ ကားဂိတ်ရောက်ဖို့ အတော်လမ်းလျှောက် ရတာပေါ့။
ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းကြီးကလည်း ၈၈ ကစလို့ တဖြေးဖြေး ကျောင်းသားအုပ်စုတွေ ခွဲထုတ်လာရာမှာ ၉၆ နောက်ပိုင်းမှာ အဆောင်ထားတဲ့ စနစ်လုံးလုံး မရှိတော့ဘူး။ ၉၈ နောက်ပိုင်းမှာ သမိုင်းကျောင်းဆောင်ဝင်းမှာ ရှိတဲ့ အဆောင်တွေမှာ ကျောင်းသား လုံးလုံး လက်မခံတော့ဘူး။ ကျောင်းဆောင်မှာ ထမင်းချက်တဲ့ သူက အနည်းဆုံး ထမင်းကျန်၊ ဟင်းကျန် အိမ်ပြန်သယ်နိုင်တယ် ဆိုရင်ပဲ တဖက်က ကာမိတယ်။ အခုတော့ အဲဒါတွေလည်း မရှိတော့ဘူး။ နောက် အရင်က ကျောင်းသား ရှိတဲ့အတွက် ကျောင်းကင်တင်းန်မှာ ဆိုင်ဖွင့်ဖွင့်၊ သာမန် လွယ်အိတ်ကလေး လွယ်ပြီးရောင်းရင် ဖြစ်ဖြစ် နေတွက်ကတော့ စီတယ်။
ကျနော် စဉ်းစားကြည့်မိတာက တက္ကသိုလ်တွေက ပိုပိုဝေးဝေးသွားတယ်။ အချို့လည်း အဲသည့်နေရာတွေ အထိ ပါသွားမယ် ထင်တာပါဘဲ။ သူတို့လည်း ပိုပိုဝေးဝေး သွားကြမှာ ပေါ့လေ။ ပိုပိုနစ်ကြရမှာပေါ့။ အရင်ကလို အဖေပြီးတော့ သား၊ သားပြီးတော့ မြေး အစဉ်အဆက် အခြေတကျ နေထိုင် လက်ဆင့်ကမ်း လုပ်ဆောင်တာတွေ ပျက်သွားပြီးလို့ ထင်ရတာပါဘဲ။ လူဆိုတာတော့ အသက်ရှင် ရပ်တည်ရေး အတွက် လှုပ်ရှားရုန်းကန် နေကြရမှာ အမှန်ပါ။ ဒါဟာ ဘ၀လို့ အဆုံးသတ်ရမလို ဖြစ်နေတယ်။ သူတို့ထက် ဆိုးတဲ့ အခြေအနေတွေ အများကြီး အများကြီး ရှိပါသေးတယ် ဆိုတဲ့ ဖြေတွေး တွေးမိပါသေးတယ်။ ဒါပေမယ့် တချိန်က ဖြတ်သန်းကြီးပြင်း ခဲ့ရတဲ့နေရာတစ်ခုကိုတော့ အမှတ်ရနေဆဲပါ။ အခုအချိန်မှာ အဲဒီ တက္ကသိုလ်စိန်ရတုဝင်း ဆိုတဲ့ နေရာကို ပြန်ကြည့်ရင် ကျနော် မြင်မိတာ ပန်းခြံတစ်ခုလောက်တောင် အသုံးမ၀င်၊ အနှစ်မရှိ ဘလာသက်သက်နဲ့ နေရာတစ်ခုအဖြစ် လက်ရှိတည်ရှိနေပါတယ်။