A Scene

ပြကွက် တစ်ခု ၈၈ မတ်လ ကိုဖုန်းမော် သေပြီးနောက်ပိုင်းမှာ သတင်းတွေထွက်လာတာက ကျောင်းသားနဲ့ အရပ်သား ရန်ဖြစ်ကြလို့ လုံထိန်းတွေက ကျောင်းသားတွေကို သေနတ်နဲ့ ပစ်လို့ သေကုန်ကြပြီ စသဖြင့် ပြောဆို နေကြတယ်။ အဲဒီတုန်းက လုံထိမ်းဆိုတာ ဘာလည်းဆိုတာ သိပ်နားမရှင်းခဲ့။ နောက် ရန်ဖြစ်တာနဲ့ ပစ်တယ်။ နောက် သိပ်မကြာပါ။ ကျနော်တို့ ရပ်ကွက် တဖက်ကားလမ်းမှာ ရှိတဲ့ မိန်းထဲမှာ (ရန်ကုန်တက္ကသိုလ် - ပင်မ) ထဲမှာ ဆန္ဒပြကြပါပြီ။ ကျောင်းသားတွေ ကျောင်းဝင်းထဲမှာ တရားဟော၊ ဆန္ဒပြကြတယ်။ အဲသည့်ထဲမှာ စီးကရက် သွားရောင်းတဲ့ သူငယ်ချင်းတွေ ပထမပိုင်းရက်တွေဆို အတော်ကို မြိုးမြိုးမြတ်မြတ်ရကြတယ်။ သူတို့ သွားရောင်းရမှာကို ပျော်နေတယ်။ ၁၆ ရက်နေ့ကျတော့ ကျောင်းသားတွေ အပြင်ကို ချီတက်ကြတာ အင်းလျားကန်ပေါင်မှာ အရိုက်ခံကြရတယ်။ အဲဒီအထဲ သူတို့ပါ ပါသွားတယ်။ သူတို့ အဲသည့်နေ့က အိမ်ကို ပြန်ရောက်တာတောင်း ကံကောင်းလို့ ဆိုရမယ်။ တယောက်၊ နှစ်ယောက်တော့ လုံထိန်းကားပေါ် ပစ်တင်တာခံရပြီး နောက် တရက်နှစ်ရက်ကြာမှ ပြန်လွှတ်တယ်။ အသက် ၁၂ နှစ် ၁၃ နှစ် သာသာရှိပေမယ့် အားလုံး အထုအထောင်း အကန်အကျောက် ခံရတယ်၊ ရောင်းလို့ရသမျှငွေနဲ့ ပစ္စည်းတွေလည်း အသိမ်းခံရတယ်။ အဲဒီမှာ ကျောင်းသား တော်တော်များများ သေတယ်လို့ သူတို့ ပြန်ပြောပြတယ်။

ကျနော် ထင်တာ ၁၆ ရက်နေ့ တံတားနီအရေးအခင်း ဖြစ်ပြီး နောက်တရက်လို့ ထင်တယ်။ အဲဒီနေ့က ကျောင်းသားတွေက ပင်မ၀င်းတံခါးကြီးကို ပိတ်၊ ခုံတွေ ချထားပြီး အဲသည့် တံခါးနားမှာ စုနေတယ်။ နောက် ပိတ်စအဖြူပေါ်မှာ ကျောင်းသားများ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည် လို့ ရေးပြီး အဲဒီအ၀င်ဝရဲ့ ဟိုဖက် ဒီဖက်မှာ ချီပြီးချိတ်ဆွဲထားတယ်။ ကျနော်တို့ ညနေ (၂) နာရီလောက်ကနေ စပြီး ကျနော်တို့ စာတိုက်ရှေ့မှာ ရှိတဲ့ ကားဂိတ်ကနေ သွားကြည့်နေခဲ့တယ်။

တဖြေးဖြေးနဲ့ လုံထိမ်းကား တီအီးကားတွေ အပြည့်နဲ့ တက္ကသိုလ် ဓမ္မာရုံထဲ ထိုးထားပြီး၊ တဖြေးဖြေးနေရာ ယူတယ်။ နောက်ထပ် ဒိုင်နာလို ကားအဖြူ အသစ်စက်စက် အမိုးပွင့်တွေမှာ အနီရောင် ဆေးခြယ်ထားတဲ့ ကြိမ်ဒိုင်းတွေကာပြီး လုံထိမ်းတွေက တက္ကသိုလ်စာတိုက် ရှေ့က ကားဂိတ်ရှေ့မှာ လာထိုးပြီး၊ အားလုံးဆင်းလာတယ်။ နေရာယူတယ်။ နောက် ကျနော်တို့ လူအုပ်စုကို လာမောင်းထုတ်တယ်။ အဲသည်လို နေရာယူတဲ့ အချိန်မှာ ကျောင်းထဲက ကျောင်းသားတွေက လူသတ်ကောင်တွေ၊ ခွေးတွေလို့ လှမ်းအော်တယ်။

အဲသည်အချိန် နိုင်းတူးနိုင်း စလွန်းကာ အနက်တစ်စီးကို ရှေ့နောက် လုံခြုံရေးယူထားတဲ့ ကားနှစ်စီး ညှပ်ပြီးရောက်လာတယ်။ အဲဒီကားတွေက စာတိုက်ရှေ့က နဂိုအ၀ိုင်းနေရာဟောင်းမှာ ရပ်လိုက်တယ်။ ပြီးတော့ အဲဒီကားထဲက လူကြီးတစ်ယောက် ဆင်းလာတယ်။ ကျနော်ဘေးက လူကြီးတစ်ယောက်က အဲဒါ ပြည်ထဲရေးဝန်ကြီး မင်းခေါင်ဆိုတာပေါ့လို့ ပြောပြတယ်။ သူရောက်ပြီး သိပ်မကြာလိုက်ဘူး ကျောင်းသားနှစ်ယောက်က လှည်းတန်းဖက်ကနေ အထုတ်တွေဆွဲပြီး လာနေတာ တွေ့တော့ သူက အဲဒီနှစ်ယောက်ကို သွားခေါ်ခိုင်းတယ်။ အဲသည့်နှစ်ယောက်ကို လုံထိမ်းအုပ်စုက ၀ိုင်းပြီး ဂုတ်က ဆွဲပြီး သူ့အနားကို ခေါ်လာတယ်။

သူက အဲသည်လို ဂုတ်ကမဆွဲနဲ့လို့ လှမ်းပြောပြီး၊ သူတို့ အိတ်တွေထဲက ပစ္စည်းတွေ အထုတ်ခိုင်းတယ်။ သူတို့ဆွဲထုတ်လိုက်တော့ ဆေးလိပ် အစည်းကြီးတွေရယ်၊ ငွေအချို့နဲ့ စာအုပ်တွေ ထွက်လာတယ်။ အဲဒါတွေ အားလုံးသိမ်းခိုင်းလိုက်ပြီး ခုနက ကျောင်းသားနှစ်ယောက်ကို ဓမ္မာရုံဝင်းဖက်ကို ဆွဲခေါ်သွားတယ်။

အဲဒီအချိန်မှာ အထဲကနေ ကျောင်းသားတွေ ဟေ့ငါတို့ လူတွေပါသွားပြီး၊ မင်းတို့ မတရားမလုပ်နဲ့လို့ လှမ်းအော်တယ်။ သူတို့ ဒေါသတွေ အတော့်ကို ထွက်နေတယ်။ သိပ်မကြာပါဘူး ကျနော်တို့ ရပ်ကြည့်နေတဲ့ လူအုပ်ကို လုံထိမ်းတပ်ဖွဲ့တွေက ထပ်ပြီး ခြောက်ထုတ်တော့ ကျနော်တို့ ရပ်ကွက်နဲ့ ကပ်နေတဲ့ မူလတန်းကျောင်းလေးနားကို ထပ်ဆုတ်ရတယ်။ အဲဒါကို တစ်ခါ လိုက်မောင်းထုတ်တော့ ရပ်ကွက်ထဲအထိ ၀င်ပြေးရတယ်။ သိပ်မကြာပါဘူး လူစုခွဲဖို့၊ ကျောင်းတံခါးကို ဖွင့်ဖို့ လောစပီကာကနေ လှမ်းပြောတယ်။ နောက် မျက်ရည်ယိုဗုံး ပစ်သံတွေကြားရတယ်။ ကျနော်တို့ ဖက်ကိုပါ လှမ်းပစ်တော့ ကျနော်တို့ပါ ထပ်ပြေးရတယ်။ အဲဒီမှာတင် သူတို့ ကျောင်းထဲကို လေးဖက်လေးတန်ကနေ ၀င်စီးတော့တာပါဘဲ။

တချို့ ကျနော့်တို့ ရပ်ကွက်ဖက်ကို ဖောက်ပြီးပြေးလာနိုင်တဲ့ ကျောင်းသားတွေရှိတယ်။ မျက်ရည်ယိုဗုံး ဒဏ်ကြောင့် မျက်လုံးတွေယောင်နေပြီး မျက်ရည်တွေကြနေတယ်။ သူတို့ ဒေါသတွေ ထွက်နေကြတယ်။ ကျနော်တို့ ကျောင်းသားတွေကို ဖမ်းကုန်ပြီ၊ ရိုက်ကုန်ပြီ၊ သတ်ကုန်ပြီလို့ သူတို့ ငိုယိုပြီး ပြောကြတယ်။ ကျနော်တို့ အရပ်ထဲက လူတွေကတော့ လက်ကိုင်ပုဝါတွေ၊ ရေစွတ်ပေး၊ တချို့ပြေးလို့ ဒဏ်ရာရသူတွေကို ဆေးထည့်ပေးနဲ့ လုပ်ပေးနေကြပါတယ်။ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရဲ့ မျက်လုံးတွေမှာ ဒေါသအငွေ့တွေ တွေ့ရပေမယ်၊ သူတို့လည်း ဘာမှမတက်နိုင်ကြောင်း မျက်နှာပေးတွေနဲ့ စကားမပြန်ဘဲ ပြန်ကြည့်နေကြတယ်။ အချို့မိန်းမကြီးတွေဆို ငိုပြီး အေး သူတို့က ဒီလိုဘဲ မိုက်ရိုင်းတယ် သားတို့၊ အမေတို့ ငယ်ငယ်ကလည်း သည်လိုအကြိမ်ကြိမ် ကြုံခဲ့ရဘူးတယ်လို့ ပြောကြပါတယ်။

ညနေစောင်း အခြေအနေအေးလောက်မှ အချို့သူတွေလည်း ထွက်ကြည့်ကြတော့ ကျနော်ပါ ထပ်လိုက်သွားခဲ့တယ်။ အဲသည့်နားမှာ ကပ်ပြီးခိုးကြည့်နေသူတွေက ဒေါသကထထွက်၊ မျက်ရည်တွေက ကျပြီး အချုပ်ကားတွေပေါ် တင်သွားတာ အတော်များတယ်။ သူတို့ ကားတွေပေါ်က အော်သွားကြတယ်တဲ့။

ကျနော်တို့ကို ခုနကျောင်းလေးနားကနေ လုံထိမ်းတွေက ဆက်မသွားခိုင်းပါဘူး။ လူအုပ်နဲ့ သူတို့နဲ့ မျက်နှာချင်းဆိုင်ထားတယ်။ တယောက်နဲ့ တယောက် အပြန်အလှန် ဒေါသတွေနဲ့ ကြည့်နေကြတယ်။ အဲဒီမှာ ကျနော်တို့ ရပ်ကွက်သားတွေက အများစုနဲ့ ကျောင်းသားအချို့ ပါပါတယ်။ အဲဒီအချိန်မှာ ခုနက ကျောင်းသားတွေ ပိတ်ထားတဲ့ တံခါးကြီးလည်း ပွင့်နေပါတယ်။ ချထားတဲ့ ခုံတွေလည်း ကျိုးကြေ ပျက်စီးနေပြီး၊ ဖိနပ်တွေ ပြန့်ကျဲနေတာကိုဘဲ တွေ့ရတော့တယ်။ လုံထိမ်းတွေ၊ စစ်သားတွေ ကျောင်းထဲကနေ တယောက်ချင်း တန်းစီပြန်ထွက်လာတာ တွေ့ရပါတယ်။ သူတို့လက်ထဲမှာ ၀ါးရင်းတုတ်တွေ၊ ဒိုင်းတွေကိုင်ထားပါတယ်။ သူတို့ ပြန်ထွက်လာတဲ့ အရေအတွက်က အဲဒီအပေါက်ဝကနေ ထွက်လာတာ ရာဂဏန်းမက ရှိပါတယ်။ ကျောင်းသားတွေ အထဲမှာ ဘယ်လောက် အဖမ်းခံရလို့ သူတို့လူ ဘယ်နှစ်ရာ ၀င်စီးဖို့သုံးခဲ့သလည်း မခန့်မှန်းနိုင်ပါဘူး။

နောက်ဆုံး သူတို့ လမ်းတွေ ပိတ်လိုက်ပါတယ်။ အဲဒီညက နေ၀င်မီးငြိမ်းအမိန့် ထုတ်တယ် ထင်တာပါဘဲ။

ကျနော် အဲဒီတုန်းက (၇) တန်းကျောင်းသား အရွယ်ဘဲ ရှိပါသေးတယ်။ ကျနော်ရဲ့ နိုင်ငံရေးအသိအမြင်တွေ၊ နိုင်ငံအတွက် တခုခုလုပ်ဖို့ လိုအပ်တယ်ဆိုတာကို အစပျိုးစေခဲ့တာ အဲဒီအချိန်တုန်းက အဖြစ်အပျက်တွေပါလို့ ပြောရမှာပါ။ အဲဒီနေ့က မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်ပါ။ ကျနော် မျက်လုံးထဲမှာ ရုပ်ရှင်ကား တစ်ကားလို ပြန်မြင်ယောင် နေနိုင်တုန်းပါပဲ။ ဘာဖြစ်လို့ သူတို့တွေ ဆန္ဒပြကြတာလည်း၊ ဘာဖြစ်လို့ သူတို့ကို ရက်ရက်စက်စက် လုပ်ကြတာလည်း၊ သူတိုတွေက ရန်သူတွေလား စသဖြင့် အဲဒီတုန်းက ကျနော် စဉ်းစားခဲ့မိတယ်၊ မေးခွန်းတွေ မေးကြည့်ခဲ့ဘူးတယ်။ ဘာကြောင့်ဆိုတာ အခု ကျနော် သည်နေ့ သိပါသည်။ ဘယ်သူ့ကြောင့်ဆိုတာ သိပါသည်။

No comments: