The Beautiful Evening of T4T

သီးလေးသီးရဲ့ ဆေးရောင်စုံည

ပထမတော့ ကျနော် အဲဒီညနေ အလုပ်တစ်ခုကြောင့် မကြည့်နိုင်တော့ဘူးလို့ ဖြစ်နေတာ နောက် အလုပ်ချိန်ကို နည်းနည်းနောက် ရွေ့နိုင်လို့ ကြည့်ဖြစ်သွားတယ်။ သွားမယ်ဆိုတော့ မြေပုံကို ကြည့်လိုက်တာ အင်းဒီမြေပုံအတိုင်း ရောက်ပါ့မလားလို့ စိတ်ကထင်မိတယ်။ ကဲဒါနဲ့ အိမ်ကနေထွက်တော့ ၄း၃၀။ မြေပုံထဲက အ၀ိုင်းကို ရောက်တော့ ၄း၄၅ ဖြစ်နေပြီ။ အဲဒီမှာလည်း ပွဲသွားကြမယ့် လူတွေ စုရုံးစုရုံးနဲ့ လမ်းရှာမတွေ့ ဖြစ်နေတယ်။ ဟာငါတို့ နောက်ကျနေပြီ။ ဒါနဲ့ လမ်းပြမယ့်လူနဲ့တွေ့လို့ ခမ်းမကို ရောက်တော့ ၅း၀၀ စွန်းစွန်းဖြစ်သွားတယ်။ အင်း မြေပုံဆိုတာလည်း ပညာပါတာဘဲ။ မြေပုံအညွန်းက ထိုင်းလို ရေးထားတာဖြစ်ပြီး လာသူအများစုက ဗမာ၊ နေရာက အသစ်၊ အရပ်မျက်နှာ အညွန်းမပါ။ ၀င်ပေါက်ကြီး နှစ်ပေါက်ရှိတာ တစ်ပေါက်ဘဲ ဖော်ပြ။ နောက်ထင်ရှားတဲ့ အဆောက်အအုံ အမှတ်အသားဆိုလို့ နာရီစင် တစ်ခုသာပါ။ အဲဒီနာရီစင် ကယ်ပေလို့သာ။ နောက် လမ်းမှာ သွားဖို့ ညွန်းထားတဲ့ စာရွက်က ခပ်သေးသေး။ အော် ဒါကြောင့် နောက်ကျ ကျတာကိုး။

အထဲရောက်တော့ ပွဲက မစဖြစ်သေး။ လူစောင့်နေရလို့ ထင်ပါ့။ ဒါပေမယ့် အထဲမှာလည်း လူတော့ အတော်စုံနေပါပြီ။ ၅း၅၀ လောက်မှာ ပွဲစဖြစ်ပါတယ်။ ကျနော်တို့ ထုံးစံ မြန်မာစံတော်ချိန်အတိုင်း နောက်ကျမှ စဖြစ်ပါတယ်။ ပွဲဦးထွက် ဆိုသလို အခြေအနေအရပ်ရပ်ကြောင့် နောက်ကျရတဲ့ အကြောင်း တောင်းပန်စကားဆိုပါတယ်။ ဒါလည်း ကျနော်တို့ လုပ်နေကျ အလုပ်တစ်ခုလို ဖြစ်နေတယ်။ ကျနော်ကိုယ်တိုင်လည်း အမြဲနောက်ကျတဲ့ အတွက် စာရေးရင်းဘဲ ဖြစ်ဖြစ်၊ စကားပြောရင်ဘဲ ဖြစ်ဖြစ် အမြဲလိုလို ပြောရတာက "I am really sorry for my late." "I am sorry for my late response." စသဖြင့် စသဖြင့် အမြဲတောင်းပန် ရတယ်။ အင်း အဲဒီနေ့ကတော့ ငါပြင်ရမယ်၊ ငါပြင်ရမယ်၊ ငါတို့ ပြင်ရမယ်။

အဖွင့်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို ဂုဏ်ပြုသီချင်း ဆိုတော့ ကြက်သီးမွေးညင်းတွေပါ ထောင်ထလာတယ်။ ကိုယ်ကိုယ်တိုင်ပါ ပါးစပ်က လိုက်ရွက်နေမိတယ်။ နောက်ထပ် ခွန်အားတွေ ထပ်ပြည့်၊ ဇာတိမာန်ကို တက်စေတာက ကိုဂေါ်ဇီလာ အားနဲ့မာန်နဲ့ သီဆိုသွားတဲ့ "တို့နဂါးနီ"ပါ။ ငှားထားတဲ့ ခမ်းမက သာမန်အစည်းအဝေး ခမ်းမမျိုးဖြစ်လေတော့ ဇာတ်စင်က ကျဉ်း၊ အသံထိမ်းချုပ်မှု မကောင်းမွန်တာကြောင့် အတော့်ကို ဆူပါတယ်။ စိန်ကက်ဆက် (ကွန်ပျူတာကို လူရွှင်တော်တွေက အမည်ပေးထားတာပါ။) ကလည်း အခွေကြောင့် ခဏခဏကြောင်ဆိုတော့ ခဏခဏရပ်ကာ ပရိသတ်ကို ခဏခဏ ပွဲဆက်မပျက်အောင် ထိန်းကြပါတယ်။ ဒါပေမဲ့ ပရိသတ်ကတော့ မငြီးငြူကြပါဘူး၊ လက်ခုပ်လက်ဝါး တစ်ဖြောင်းဖြောင်းတီး အားပေးကြပါတယ်။

နောက်ထပ် မှတ်မှတ်ရရ ဖြစ်ရတာက ဦးရွှေရိုးနဲ့ ဒေါ်မိုးအကပါ။ အမြဲတမ်း မရိုးတဲ့၊ ဟာသနှောပြီး ကိုယ့်ယဉ်ကျေးမှုကို ပြောပြနိုင်တဲ့ ကကွက်တစ်ခုပါ။ မြန်မာ ချာလီချက်ပလင် အကလို့ဘဲ ဆိုရမလား မပြောတက်ပါ။ ကိုကြယ်သီးနဲ့ မချောစုမျိုးတို့ ကျကျနန ကပြသွားတာပါ။

သင်္ကြန်ဆို မပါမဖြစ်တဲ့ သံချပ်အလှည့်ကို ရောက်တော့ စိတ်ထဲ ဘ၀င်မကျမိတာ တစ်ခုရှိပါတယ်။ သံချပ်တွေမှာ အမြဲဆိုသလို အမျိုးကိုထိမ်းဖို့ စောင့်ရှောက်ဖို့ ဆိုတာကိုပါ။ ဒါပေမယ့် အမျိုးသမီးတွေကိုဘဲ အဓိကထားပြောဆိုတာ တွေ့ရပြီး၊ အမျိုးသားကို ဝေဖန်ချက်မပါတာကိုပါ။ အတွေးပွါးမိတာက ငါတို့ အမျိုးသားတွေကြတော့ကော။ နောက် ငွေတစ်ခုတည်းကို မကြည့်ဖို့၊ စာရိတ္တကောင်းဖို့၊ အမျိုးကို သိဖို့ ဆိုတာ သိပ်မှန်ပါတယ်။ သို့သော် ယခုလို အစဉ်မပြေသည့် ကာလမျိုးမှာ အစစအရာရာ စုတ်ပြတ်နေသည့် ကာလမျိုးမှာ ဒါတွေကို ထိန်းသိမ်းဖို့ဆိုတာ အတော့်ကို ပြောရခတ်ပါသည်။ ငါ့ဝမ်းပူဆာ မနေသာသည့် ကိစ္စမျိုးဖြစ်နေသည့်အတွက် ၄င်းအချက်ကို ဝေဖန်ရာတွင် ဘယ်လို ဝေဖန်ထောက်ပြမလည်း ဆိုတာကိုသာ အကြံပြုလိုပါသည်။

ပွဲကို အဆုံးအထိ ကြည့်ချင်သော်လည်း မကြည့်နိုင်ပါ။ အလုပ်ကို ပြန်ပြေးရသည်။

သူတို့ရဲ့ ရဲရဲဝင့်ဝင့် ပြတ်လုံးများ၊ ပြည်သူ့များအတွက် ကိုယ်တက်သည့် ပညာဖြင့် အပြည့်အ၀ ထမ်းရွက်မှုများကိုတော့ မလေးစား မချီးကျူး မဂုဏ်ပြုဘဲ မနေနိုင်ပါ။ သူ့တို့ တက်နိုင်သည့် အခန်းကဏ္ဍမှ တိုင်းပြည်ကောင်းစားဖို့ စေတနာ အထင်းအရှား တွေ့မြင်ရသည်က အလွန်ပင် အဖိုးမဖျက်နိုင်သော စေတနာတစ်ခု ပင်ဖြစ်ပါသည်။

တိုင်းတပါး ရေခြားမြေခြားမှာ ဖုံးတချို့ ကွယ်တ၀ှက်နှင့် လုပ်ရသည့်ပွဲ(ထိုင်းနိုင်ငံတွင် မြန်မာပြည်နှင့် ပတ်သက်၍ ပွဲများလုပ်ရာတွင် အခက်အခဲ အမျိုးမျိုးရှိသောကြောင့် ၄င်းသည် လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်ပါသည်။) ၊ ရှိစုမဲ့စု လူနှင့် လုပ်ရခြင်း၊ ကိုယ့်ကိုယ်ပိုင် အလုပ်များတစ်ဖက်နှင့် အားစိုက်ရခြင်း၊ အချိန်လုကာ လုပ်ကြရခြင်း၊ လူစိုက်ငွေစိုက် အားလုံးစိုက် လုပ်ကြရခြင်း စသည့် စသည့် အခက်အခဲမျိုးစုံကို ကျော်လွှားကာ ပွဲတစ်ခု ဖြစ်အောင်လုပ်ခဲ့ကြသည်။ သာမန် အလုပ်သမားများ အတွက်တော့ ဈေးအနည်းငယ်ကြီးသည်။ ဒါပေမဲ့ လူဦးရေ ၄၆၀ ဆန့်သည့် ခမ်းမမှာ ၃၀၀ ကျော် ၄၀၀ နီးနီးရှိမည်ကို ခန့်မှန်းမိသည်။ ဘယ်လို အခက်အခဲနှင့် အစဉ်မပြေမှုတွေ ရှိခဲ့ပေမယ့် ကျနော်တို့ မကြည့်ရတာ ကြာခဲ့သည့် ကြည့်ချင်ပွဲတစ်ခု လာရောက် ကပြကြသည့် သီးလေးသီးအဖွဲ့နှင့် ပွဲဖြစ်မြောက်အောင် လုပ်ခဲ့ကြသူများကို အသိအမှတ်ပြုရပါမည်။ ထိုနေ့ သီးလေးသီးရဲ့ ညနေခင်းက လှပခဲ့ပါသည်။ ထိုနေ့ ဇင်းမယ်ရဲ့ သီးလေးသီးပွဲ အောင်မြင်ပါသည်။ မျှော်စင်ကျွန်းမှာ သီးလေးသီးရဲ့ အားပါးတရ ဖျော်ဖြေမှု ကိုယ်တိုင်ကိုယ်ကျ ထပ်မံကြည့်ချင်ပါသေးသည်။

Thee Lay Thee, Opening Song for Bogyoke Thee Lay Thee, Opening Song for Bogyoke Ko Gawzilar, Doe Nagani Ko Kyae Thee, U Shwe Yoe & Daw Moe Ko Kyae Thee, U Shwe Yoe & Daw Moe Ko Kyae Thee & Ma Chaw Suu Myo, U Shwe Yoe & Daw Moe Thee Lay Thee Ko Kyae Thee, Than Gyat Ko Kyae Thee, Anyanit

My Memories of Saya Jyan

အခုဒီနေ့ဆို ဆရာဆုံးတာ ၁ နှစ်ပြည့်ပြီ။ ဒါကြောင့် ကိုယ်ရေးတဲ့စာ ကိုယ့်ဘလော့မှာတင်ပြီး ဆရာ့ကို ဂါရ၀ပြုလိုက်ပါတယ်။ ဆရာ့မိသားစုက ထုတ်ဝေတဲ့ ဆရာ့အမှတ်တရမှာ ဒီစာစုလေးပါပြီးသားပါ။

xxxx xxxx xxxx xxxx xxxx xxxx
ဧည့်သည်ကြီးရဲ့ အိမ်အပြန်

၂၃ ရက်နေ အိပ်ယာကထ ကွန်ပျူတာ စားပွဲထိုင်လိုက်တော့ အီးမေးလ် စာတိုက်ပုံးမှာ ဆရာတင်မိုး ကွယ်လွန်ကြောင်း တွေ့လိုက်ရတယ်။ ကျနော် ခေါင်းထဲချက်ချင်း ၀င်လာတာက ဆရာ့ရဲ့စကား "ချစ်သောသူတို့ သက်တမ်း တိုရ၏။" နောက် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ရေကိုယ့်မြေကို သံယောဇဉ်ကြီးသူ တစ်ယောက် အိမ်တောင် ပန်မရောက်နိုင်တော့ ဆိုတာကို သိတော့ ကျနော်အတော် ၀မ်းနည်းမိပါတယ်။

ဆရာအကြောင်း ရေးချင်လာတယ်။ သို့သော် ကျနော်က စာရေးဆရာ တစ်ယောက်မဟုတ်။ ကဗျာကော ဆိုတော့ ကဗျာ တစ်ပုဒ်၊ စာတစ်ပုဒ် ဆုံးအောင် အလွတ်ရသူ မဟုတ်။ ကဗျာတွေတော့ တွေ့ကရာ အကုန်ဖတ်သည်။ ခံစားကြည့်သည်။ အလွတ်တော့ ဘယ်တော့မ မရ။ ဒါကြောင့် ဆရာက ကဗျာသမား၊ စာသမား ဆိုတော့ ငါရေးရင် ဖစ်ပါ့မလား။ သို့သော် ဘာပဲဖြစ်ဖြစ် ဆရာနဲ အမှတ်ရစရာ တိုက်ဆိုင်မှုမျာျးရေးမယ်ဆိုပြီး သည်စာကို ချရေးဖြစ်ခဲ့ပါတယ်။

ဆရာနဲ လေးငါးကြိမ် ဆုံတာထက် ကြုံဖူးတယ်ဆိုရင် ပိုမှန်ပါတယ်။ ဆရာနဲ တဆင့်ခံသာ ကြုံခဲ့ရတာပါ။ အဖေနဲ ပတ်သက်လို့၊ အစ်မနဲ့ပတ်သက်လို့၊ခြားအကြောင်းအရာနဲ့ တိုက်ဆိုင်လို ကုံခဲ့ရာတာတွေကြီးပါ။ သို့သော် ကျနော့်ဆီမှာ အမှတ်ရစရာများ ကျန်ရစ်ခဲ့ပါသည်။

ပထမဆုံး ဆရာ့တို့အိမ်ကို ၁၉၉၆ ခုနှစ်လောက်က အဖေနဲ ရောက်ခဲ့ဖူးခဲ့တယ်။ သွားခဲ့တဲ့အကြောင်းအရာ မမှတ်မိတော့ပါ။ါပေမဲ့ ကျနော့် ရင်ထဲ ကျန်ခဲ့တာ ဆရာတို့ရဲ့ အိမ်ပါ။ အင်းစိန် မင်းကြီးလမ်းကမာင်းဘောင်ပေ မေးတင်ဆောက် ထားတဲ့ တထပ်အိပ်ကလေးပါ။ အိမ်အ၀င် မောင်းဘောင်ပေ ကျော်ပြီး သပ်သပ်ရပ်ရပ် ဆောက်ထားတဲ့ သစ်သားတံတားလေးနဲ အိမ်ကလေး။ တွေ့သူတိုင်ျးစ်ချင်တဲ့ ကဗျာဆရာရဲ့အိမ်။ ၉၈ အစောပိုင်းကာလ ဆရာမြ (ဆရာမြသန်းတင့်) ဆုံးပြီးတော့ တညနေ (နောက်တစ်နေ ညနေလို့ထင်ပါတယ်) ကျနော်တို့ အုပ်စုတွေ လှည်းတန်းကွန်သစ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတော့ ဆရာဂျမ်းတို့တတွေ ရောက်နေနှင့်ပါတယ်။ အဲ့ဒီဝိုင်းက သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို ဆရာဂျမ်းလို့ သိရတော့ ကျနော်တို့ အုပ်စုတွေ အဲဒီဝိုင်းနဲ အနီးဆုံးမှာ ထိုင်လိုက်ကြပါတယ်။ သူတို့ဝိုင်းမှာ မော်ဒန် လူငယ် ကဗျာဆရာအချို့နဲ့ ဆရာဂျမ်း တစ်ယောက် လေပေးဖြောင့်နေတာပါ။ ကိုမြသန်း တစ်ယောက်ကွာ ဓါတ်ဗူးလေး တစ်လုံးရဲ့အသက်ကို ကယ်ရင်း သူ့အသက်ကို ပေးသွားရတယ်လို့ ဆရာက အရွန်းဖောက် ပြောပေးမယ့် သူမျက်နှာကတော့ အုံ့အုံ့မှိုင်းမှိုင်း။ ဆရာမြက ဘာမှမဟုတ်တဲ့ မတော်တဆမှုကလေးကနေ ဆရာမြအသက်ကို နုတ်ယူသွားတယ်။ သူရှိရင်ကွာ အများကြီး ဆက်ရေးနိုင် အလုပ်လုပ်နိုင်သေးတယ်၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုပါကွာလို့ ဆရာက ဆိုခဲ့တယ်။ ဆရာလည်း ဆရာမြလို အများကြီး ဆက်လုပ်နိုင်ပါသေးတယ်လို့သာ အခုဆိုရပါတော့မယ်။ (ဆရာမြသန်းတင့် ဆုံးတာ ဓါတ်ဗူးရေနွေးထည့်ဖို့ အိမ်အောက် ထပ်ကိုအဆင်း လှေကားပေါ်ကခချော်ကျပြီး ဦးခေါင်းမှာရတဲ့ ဒဏ်ရာကြောင့်ပါ။)

နောက် ၂၀၀၃ မှာ ဘန်ကောက်မှာ ဆုံဖြစ်ကြပါတယ်။ သည်တကြိမ်လည်း ဆရာမိတ်ဆွေ တစ်ယောက်က တွေ့ချင်တယ်ဆိုလို့ ဆရာနဲ့တွေ့ရန် ကြားကချိန်းပေးလို့ ကြုံဖြစ်ပါတယ်။ မာဘွန်ခရောင်းက အမ်ကေမှာ ဆူကီယာကီနဲ့၊ ဘဲကင်စားကြတယ်။ အဲဒီမှာ တစ်ယောက်က ဆရာ ဘာသားမစားဘူးလဲလို့ မေးတော့ "အားလုံးစားတယ်။ မစားတာနှစ်မျိုးဘဲရှိတယ်။" အားလုံးက ဆရာဘာဆက်ပြောမလည်းဆိုတာ အာရုံစိုက်နားထောင်နေကြတယ်။ "ငါစစ်သားနဲ့ သစ်သားနှစ်မျိုးဘဲ မစားဘူး။ စစ်သားက ရွံလို့၊ သစ်သားကတော့ မာလို့" ဆိုပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ခပ်လေးလေးကြီး ပြောပါတယ်။ အားလုံး ၀ါးလုံးကွဲ ရယ်ကျတာ ဘေးက၀ိုင်းတွေကတောင် ကြည့်ကြတဲ့အထိ။

နောက် ၂၀၀၄ နှစ်ဦးမှာ ဆရာ့ဓါတ်ပုံနှစ်ပုံ (တယောထိုးနေတဲ့ပုံ နှစ်ပုံ) ကျနော်လက်ထဲ ရောက်လာပါသည်။ ပိုင်ရှင်ထံခွင့်တောင်းပြီး ဓါတ်ပုံအကြာင်းနှင့် ကူးယူလိုကြောင်း အခွင့်တောင်းပါသည်။ သည်ဓါတ်ပုံကို ဆရာမိတ်ဆွေ ကိုအေးဝင်း (လမင်းတရာ) ဆီက တဆင့်ရတာပါ။ (ကိုအေးဝင်းရိုက်တာ ဖြစ်ချင်ဖြစ်မှာပါ။ မသေချာပါ။) အဲ့ဒီမှာ မှတ်မှတ်ရရ သူ့မြန်မာပြည်ကို လွမ်းကြောင်း၊ ပြန်ချင်ကြောင်း ပြောတယ်။ ထိုသို့ ပြောပြီး ဆရာမျက်ရည်ကျကြောင်း၊ ပြောပြောဆိုဆို တယောထိုးပြီး သီချင်းဆိုကြောင်းပါ။

အခု နောက်ဆုံး ၂၀၀၆ မှာတော့ ဆရာရဲ့ ဧရာဝတီအင်တာနက် စာမျက်နှာက ဘ၀ရုပ်ပုံလွှာကဏ္ဍအတွက် ကိုဘကောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေပေးခဲ့ပါတယ်။ သည်တုန်းကလည် ဧရာဝတီ မြန်မာပိုင်းအယ်ဒီတာက တောင်းခံလာတာပါ။ နောက်ထပ်လည်း ကျနော် ပြင်ဆင်ပေးနေရသော ကိုအောင်ထွန်း ကျောင်းသားသမိုင်း စာအုပ်အတွက် အချို့အချက်အလက်များ ဆရာကို ပြန်မေးခဲ့ပါသေးတယ်။ သည်တကြိမ်လည်း ဆရာ့သမီး မမိုးချိုကတဆင့် အီးမေးလ်မှ ဆက်သွယ်ခဲ့ပါတယ်။ ဆရာဆီက "တို့ဗမာ" နဲ့ "ဒို့ဗမာ" မူကွဲမှာ "တို့ဗမာ" သာ အနက်စွဲဖြစ်ကြောင်းနဲ့ ရေးထုံးအမှန်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ ဆရာရေ ဆရာဆီက မေးစရာတွေ ကျန်နေပါသေးတယ်။ ဆရာ့ရဲ့ ဘ၀ရုပ်ပုံလွှာကဏ္ဍက ကိုဘကောင်းအကြောင်းတောင် မမီလိုက်တော့ပါ။

ကျနော်မှာ မေးစရာတွေ ကျန်နေသေးတယ်။ ဆရာရောက်ရင် ဆရာက ကျောင်းသားသီချင်းတွေ အတော်များများအလွတ်ရကြောင်း ထောင်ထဲအတူနေဖူး သူတွေပြောလို့ သိထားရတော့ ဆရာ သည်တစ်ခေါက်လာရင် အသေအချာမေးမယ်၊ ပြင်ဆင်စရာတွေ ပြင်ဆင်ထားမယ်လို့ ရည်စူးထားတာပါ။ ဒါပေမဲ့ဆရာ့ကို ကျနော်တို့ မတွေ့နိုင်တော့ပါ။ ဆရာအလာကို မကြိုနိုင်တော့ပါ။

ဆရာလွမ်းသလို ကျနော်တို့လည်း အိမ်ကိုလွမ်းပါသည်၊ ကိုယ့်မြေကိုယ့်ရေမှာပဲ ပျော်ချင်ပါသည်။ ဧည့်သည်ကြီး တစ်ယောက် အိမ်ပြန် မရောက်နိုင်တော့ပါ။ ဧည့်သည်လေးများလည်း အိမ်မပြန်နိုင်သေးပါဘူး ဆရာ။ ကလေးများကို ချစ်တဲ့၊ ကိုယ့်မြေကိုယ်ရေကို ချစ်တဲ့ ဆရာကို အိမ်ရဲ အဝေးကနေပဲ ဂါရ၀ပြုပါရစေ။

(ဆရာရဲ့အိမ်က နှစ်ထပ်အိမ်ပါ။ တထပ်က အောက်မှာ နိမ့်ပြီး တံတားက အပေါ်ထပ်ကို ထိုးထားတော့ မသိသာပါဘူး။)

ကျော်ဝင်း

(ဇန်န၀ါရီလ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်)