သီးလေးသီးရဲ့ ဆေးရောင်စုံည
ပထမတော့ ကျနော် အဲဒီညနေ အလုပ်တစ်ခုကြောင့် မကြည့်နိုင်တော့ဘူးလို့ ဖြစ်နေတာ နောက် အလုပ်ချိန်ကို နည်းနည်းနောက် ရွေ့နိုင်လို့ ကြည့်ဖြစ်သွားတယ်။ သွားမယ်ဆိုတော့ မြေပုံကို ကြည့်လိုက်တာ အင်းဒီမြေပုံအတိုင်း ရောက်ပါ့မလားလို့ စိတ်ကထင်မိတယ်။ ကဲဒါနဲ့ အိမ်ကနေထွက်တော့ ၄း၃၀။ မြေပုံထဲက အ၀ိုင်းကို ရောက်တော့ ၄း၄၅ ဖြစ်နေပြီ။ အဲဒီမှာလည်း ပွဲသွားကြမယ့် လူတွေ စုရုံးစုရုံးနဲ့ လမ်းရှာမတွေ့ ဖြစ်နေတယ်။ ဟာငါတို့ နောက်ကျနေပြီ။ ဒါနဲ့ လမ်းပြမယ့်လူနဲ့တွေ့လို့ ခမ်းမကို ရောက်တော့ ၅း၀၀ စွန်းစွန်းဖြစ်သွားတယ်။ အင်း မြေပုံဆိုတာလည်း ပညာပါတာဘဲ။ မြေပုံအညွန်းက ထိုင်းလို ရေးထားတာဖြစ်ပြီး လာသူအများစုက ဗမာ၊ နေရာက အသစ်၊ အရပ်မျက်နှာ အညွန်းမပါ။ ၀င်ပေါက်ကြီး နှစ်ပေါက်ရှိတာ တစ်ပေါက်ဘဲ ဖော်ပြ။ နောက်ထင်ရှားတဲ့ အဆောက်အအုံ အမှတ်အသားဆိုလို့ နာရီစင် တစ်ခုသာပါ။ အဲဒီနာရီစင် ကယ်ပေလို့သာ။ နောက် လမ်းမှာ သွားဖို့ ညွန်းထားတဲ့ စာရွက်က ခပ်သေးသေး။ အော် ဒါကြောင့် နောက်ကျ ကျတာကိုး။
အထဲရောက်တော့ ပွဲက မစဖြစ်သေး။ လူစောင့်နေရလို့ ထင်ပါ့။ ဒါပေမယ့် အထဲမှာလည်း လူတော့ အတော်စုံနေပါပြီ။ ၅း၅၀ လောက်မှာ ပွဲစဖြစ်ပါတယ်။ ကျနော်တို့ ထုံးစံ မြန်မာစံတော်ချိန်အတိုင်း နောက်ကျမှ စဖြစ်ပါတယ်။ ပွဲဦးထွက် ဆိုသလို အခြေအနေအရပ်ရပ်ကြောင့် နောက်ကျရတဲ့ အကြောင်း တောင်းပန်စကားဆိုပါတယ်။ ဒါလည်း ကျနော်တို့ လုပ်နေကျ အလုပ်တစ်ခုလို ဖြစ်နေတယ်။ ကျနော်ကိုယ်တိုင်လည်း အမြဲနောက်ကျတဲ့ အတွက် စာရေးရင်းဘဲ ဖြစ်ဖြစ်၊ စကားပြောရင်ဘဲ ဖြစ်ဖြစ် အမြဲလိုလို ပြောရတာက "I am really sorry for my late." "I am sorry for my late response." စသဖြင့် စသဖြင့် အမြဲတောင်းပန် ရတယ်။ အင်း အဲဒီနေ့ကတော့ ငါပြင်ရမယ်၊ ငါပြင်ရမယ်၊ ငါတို့ ပြင်ရမယ်။
အဖွင့်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို ဂုဏ်ပြုသီချင်း ဆိုတော့ ကြက်သီးမွေးညင်းတွေပါ ထောင်ထလာတယ်။ ကိုယ်ကိုယ်တိုင်ပါ ပါးစပ်က လိုက်ရွက်နေမိတယ်။ နောက်ထပ် ခွန်အားတွေ ထပ်ပြည့်၊ ဇာတိမာန်ကို တက်စေတာက ကိုဂေါ်ဇီလာ အားနဲ့မာန်နဲ့ သီဆိုသွားတဲ့ "တို့နဂါးနီ"ပါ။ ငှားထားတဲ့ ခမ်းမက သာမန်အစည်းအဝေး ခမ်းမမျိုးဖြစ်လေတော့ ဇာတ်စင်က ကျဉ်း၊ အသံထိမ်းချုပ်မှု မကောင်းမွန်တာကြောင့် အတော့်ကို ဆူပါတယ်။ စိန်ကက်ဆက် (ကွန်ပျူတာကို လူရွှင်တော်တွေက အမည်ပေးထားတာပါ။) ကလည်း အခွေကြောင့် ခဏခဏကြောင်ဆိုတော့ ခဏခဏရပ်ကာ ပရိသတ်ကို ခဏခဏ ပွဲဆက်မပျက်အောင် ထိန်းကြပါတယ်။ ဒါပေမဲ့ ပရိသတ်ကတော့ မငြီးငြူကြပါဘူး၊ လက်ခုပ်လက်ဝါး တစ်ဖြောင်းဖြောင်းတီး အားပေးကြပါတယ်။
နောက်ထပ် မှတ်မှတ်ရရ ဖြစ်ရတာက ဦးရွှေရိုးနဲ့ ဒေါ်မိုးအကပါ။ အမြဲတမ်း မရိုးတဲ့၊ ဟာသနှောပြီး ကိုယ့်ယဉ်ကျေးမှုကို ပြောပြနိုင်တဲ့ ကကွက်တစ်ခုပါ။ မြန်မာ ချာလီချက်ပလင် အကလို့ဘဲ ဆိုရမလား မပြောတက်ပါ။ ကိုကြယ်သီးနဲ့ မချောစုမျိုးတို့ ကျကျနန ကပြသွားတာပါ။
သင်္ကြန်ဆို မပါမဖြစ်တဲ့ သံချပ်အလှည့်ကို ရောက်တော့ စိတ်ထဲ ဘ၀င်မကျမိတာ တစ်ခုရှိပါတယ်။ သံချပ်တွေမှာ အမြဲဆိုသလို အမျိုးကိုထိမ်းဖို့ စောင့်ရှောက်ဖို့ ဆိုတာကိုပါ။ ဒါပေမယ့် အမျိုးသမီးတွေကိုဘဲ အဓိကထားပြောဆိုတာ တွေ့ရပြီး၊ အမျိုးသားကို ဝေဖန်ချက်မပါတာကိုပါ။ အတွေးပွါးမိတာက ငါတို့ အမျိုးသားတွေကြတော့ကော။ နောက် ငွေတစ်ခုတည်းကို မကြည့်ဖို့၊ စာရိတ္တကောင်းဖို့၊ အမျိုးကို သိဖို့ ဆိုတာ သိပ်မှန်ပါတယ်။ သို့သော် ယခုလို အစဉ်မပြေသည့် ကာလမျိုးမှာ အစစအရာရာ စုတ်ပြတ်နေသည့် ကာလမျိုးမှာ ဒါတွေကို ထိန်းသိမ်းဖို့ဆိုတာ အတော့်ကို ပြောရခတ်ပါသည်။ ငါ့ဝမ်းပူဆာ မနေသာသည့် ကိစ္စမျိုးဖြစ်နေသည့်အတွက် ၄င်းအချက်ကို ဝေဖန်ရာတွင် ဘယ်လို ဝေဖန်ထောက်ပြမလည်း ဆိုတာကိုသာ အကြံပြုလိုပါသည်။
ပွဲကို အဆုံးအထိ ကြည့်ချင်သော်လည်း မကြည့်နိုင်ပါ။ အလုပ်ကို ပြန်ပြေးရသည်။
သူတို့ရဲ့ ရဲရဲဝင့်ဝင့် ပြတ်လုံးများ၊ ပြည်သူ့များအတွက် ကိုယ်တက်သည့် ပညာဖြင့် အပြည့်အ၀ ထမ်းရွက်မှုများကိုတော့ မလေးစား မချီးကျူး မဂုဏ်ပြုဘဲ မနေနိုင်ပါ။ သူ့တို့ တက်နိုင်သည့် အခန်းကဏ္ဍမှ တိုင်းပြည်ကောင်းစားဖို့ စေတနာ အထင်းအရှား တွေ့မြင်ရသည်က အလွန်ပင် အဖိုးမဖျက်နိုင်သော စေတနာတစ်ခု ပင်ဖြစ်ပါသည်။
တိုင်းတပါး ရေခြားမြေခြားမှာ ဖုံးတချို့ ကွယ်တ၀ှက်နှင့် လုပ်ရသည့်ပွဲ(ထိုင်းနိုင်ငံတွင် မြန်မာပြည်နှင့် ပတ်သက်၍ ပွဲများလုပ်ရာတွင် အခက်အခဲ အမျိုးမျိုးရှိသောကြောင့် ၄င်းသည် လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်ပါသည်။) ၊ ရှိစုမဲ့စု လူနှင့် လုပ်ရခြင်း၊ ကိုယ့်ကိုယ်ပိုင် အလုပ်များတစ်ဖက်နှင့် အားစိုက်ရခြင်း၊ အချိန်လုကာ လုပ်ကြရခြင်း၊ လူစိုက်ငွေစိုက် အားလုံးစိုက် လုပ်ကြရခြင်း စသည့် စသည့် အခက်အခဲမျိုးစုံကို ကျော်လွှားကာ ပွဲတစ်ခု ဖြစ်အောင်လုပ်ခဲ့ကြသည်။ သာမန် အလုပ်သမားများ အတွက်တော့ ဈေးအနည်းငယ်ကြီးသည်။ ဒါပေမဲ့ လူဦးရေ ၄၆၀ ဆန့်သည့် ခမ်းမမှာ ၃၀၀ ကျော် ၄၀၀ နီးနီးရှိမည်ကို ခန့်မှန်းမိသည်။ ဘယ်လို အခက်အခဲနှင့် အစဉ်မပြေမှုတွေ ရှိခဲ့ပေမယ့် ကျနော်တို့ မကြည့်ရတာ ကြာခဲ့သည့် ကြည့်ချင်ပွဲတစ်ခု လာရောက် ကပြကြသည့် သီးလေးသီးအဖွဲ့နှင့် ပွဲဖြစ်မြောက်အောင် လုပ်ခဲ့ကြသူများကို အသိအမှတ်ပြုရပါမည်။ ထိုနေ့ သီးလေးသီးရဲ့ ညနေခင်းက လှပခဲ့ပါသည်။ ထိုနေ့ ဇင်းမယ်ရဲ့ သီးလေးသီးပွဲ အောင်မြင်ပါသည်။ မျှော်စင်ကျွန်းမှာ သီးလေးသီးရဲ့ အားပါးတရ ဖျော်ဖြေမှု ကိုယ်တိုင်ကိုယ်ကျ ထပ်မံကြည့်ချင်ပါသေးသည်။
No comments:
Post a Comment