ကျနော်တို့ရဲ့ အတွင်းရန်

နိုင်ငံရေး၊ တော်လှန်ရေးသမား အမည်ခံ (သို့မဟုတ်) ခံယူထားသူ အချို့၏ အမြင်များကို ဖေ့စ်ဘွတ်၊ ဘလော့ စတဲ့ အများမြင်သာသည့် အွန်လိုင်း လူမှုဆက်ဆံရေး နေရာများတွင် ရေးကြ၊ ပြောကြ၊ မှတ်ချက်ပေး ဆွေးနွေးကြသည်များမှာ အံ့မခန်းလိလိ မသတီဖွယ်ကောင်းသည်ကို တွေ့မြင်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာပါ။ သူတို့ ဘာဆိုသည်ကို လက်တဆုံး မနှိုက်ကြည့်နိုင်သော်လည်း၊ စိတ်ပျက်ဖွယ် အလွန်ကောင်းသည်။

ထိုသူများတွင် နိုင်ငံရေး လုပ်သည့် အခါ လိုတဲ့အခါ ဆွဲတင်၊ မလိုတဲ့အခါ ရိုက်ချ၊ လိုတဲ့နေရာ ထုတ်သုံး စတဲ့ . စတဲ့ မရင့်ကျက်တဲ့ တွေးခေါ်မျှော်မြင်မှုမျိုးများနှင့် လုပ်ကိုင်နေကြသည်။ ဥာဏ်မကစား တတ်ကြတော့။ ဝှက်ဖဲနှင့်သာ ကစားတတ်ကြတော့သည်။ ထို အကျင့်ဗီဇများနှင့် နှစ်ကာလ ကြာမြင့်စွာ ရပ်တည်နေခဲ့ကြသည်။ ထိုသူတို့ ပတ်ဝန်းကျင်များကလည်း ထိုအကျင့်ကို ရှင်သန်ခွင့်ပေးသည်။ ရှက်ဖွယ်ကောင်းလှသည်။

ရန်ငါစည်းပြတ်ရမယ်။ ငါနဲ့မတူ ငါ့ရန်သူ၊ ရန်သူနဲ့ မိတ်ဖွဲ့သူ ငါ့ရန်သူ၊ ငါ့အပေါင်းအပါနဲ့ မတည့်သူ ငါ့ရန်သူ၊ ငါ့ငါနဲ့ အဆုံးမသတ်နိုင်သော ရန်သူပေါင်း မြောက်မြားစွာနှင့် ရှင်သန်နေထိုင်သည်။ ကိုယ့် ကိုယ်တွင်းမှာတောင် ကိုယ်နှင့်ကိုယ့်ရန်သူ တည်ဆောက်ပြီးသား ဖြစ်နေသည်။ နောက်ဆုံး ငါနှင့်ငါပင် အစေးမကပ်တော့။

နိုင်ငံရေးမှာ ပြည်သူကို အလေးထားရမယ်၊ ပြည်သူလူထုကို မစော်ကားရ။ သို့သော် ထို့သို့သော သူမျိုးများက သာမန်ပြည်သူလူထုကို အရပ်သားတွေပဲ အရပ်အတွေးပဲ တွေးမှာပေါ့ (နလဘိန်းတုံးတွေ)။ ဒါကြောင့် ပညာပေးရမယ်။ ငါတို့ ပြောတာ နားထောင်ရမယ်။ သူတို့ပြောချင်သမျှကို အဟုတ်အမှန် ပုံစံ အတည်ပေါက် ရေးတော့သည်။ ဒါကိုပဲ ပရိုပါဂန်ဒါ (ဝါဒဖြန့်ခြင်း၊ ဝါဒမှိုင်းသွင်းခြင်း) ဆိုတာ လုပ်ကို လုပ်ရမယ်။ ဒါမှငါတို့ လမ်းစဉ် ဆိုပြီး အတည် လုပ်လာသည်။ ကိုယ်လုပ်ချင်တာကို အတုံးလိုက်၊ အတစ်လိုက် ပေးတော့သည်။ နောက်ဆုံး ထိုသူတို့၏ စိတ်တွင်ပင် သူတို့ ညာဝါးခဲ့သည့် မှိုင်းက အမှန်ဖြစ်လာသည်။ ကိုယ့် ဆိုက်ဝါးနဲ့ ကိုယ်မရုန်းနိုင်သည့် အခြေကို စိုက်တော့သည်။ လုပ်သင့်တဲ့ အလုပ်ဟု ယုံယုံကြည်ကြည် လုပ်နေကြတော့သည်။ တကယ့် ပြည်သူက ဘယ်လိုမြင်သည် ဆိုသည့် အရှိတရား၊ ပကတိတရားကို မစဉ်းစားနိုင်ကြတော့။

အချို့ နိုင်ငံရေး၊ တော်လှန်ရေးကို လုပ်ကိုင်ခဲ့ဘူးတယ်၊ ပတ်သက်ခဲ့ဘူးတယ်၊ ပတ်သက် သလို မပတ်သက်သလို ရှိနေတယ် စတဲ့ စတဲ့ သူများကလည်း ငါတို့ လုပ်ခဲ့တာ၊ ငါတို့ စွန့်လွှတ်ခဲ့တာ၊ ငါတို့ ဘယ်လို ဖြတ်သန်းခဲ့တာ စတာတွေကို အမြဲ ဂုဏ်တင်ကာ ဘယ်သူ့ကိုမှ ထီမထင်တော့။ နင်တို့ နိုင်ငံရေးကို ဘယ်လောက် နားလည်လို့လဲ ဆိုသည့် အလုံးနှင့် ကိုင်ပေါက်တော့သည်။ နင်ထောင်ကျဘူးသလား၊ လက်နက်ကိုင်ဘူးသလား၊ တောခိုဘူးသလား၊ သပိတ်မှောက်ဘူးသလား စသည့် မဆုံးနိုင်သည့် ပေတံကြီးဖြင့် တိုင်းတော့သည်။ ထောင်မကျခဲ့ရတာကိုက အပြစ်၊ သပိတ်မမှောက်ဘူးတာကိုက အပြစ် ဖြစ်လာသည်။ ထိုသူများ နိုင်ငံရေး လုပ်ခဲ့တာ၊ ပတ်သက်ခဲ့တာ သည်လို လုပ်ဖို့ သက်သက် အတွက်များ လားလို့ သံသယ ၀င်မိသည်။

ကိုယ့်လုပ်ခဲ့တဲ့ အလုပ်ဟာ ယုံကြည်ချက်နဲ့ လုပ်ခဲ့ကြသလားလို့ ပြန်မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ ဘယ်သူကမှ စွန့်လွှတ် အနစ်နာမခံခိုင်းခဲ့ပါ။ နိုင်ငံရေး၊ တော်လှန်ရေး သမားများမှ စွန့်လွှတ်အနစ်နာခံရကြ ရသည် မဟုတ်ပါ။ လူတိုင်း ကိုယ်ယုံကြည်ရာ အပေါ် တနည်းနည်းဖြင့် စွန့်လွှတ် အနစ်နာခံကြရသည်။

ထိုသို့ ပြောဆို၊ လုပ်ကိုင်နေသူများကို တွေ့မြင်ရတိုင်း ကျနော့်တို့ ရန်သူလို့ ပြောသော သူများကဲ့သို့ပင် မြင်မိသည်။ ကျနော်တို့၏ ရန်သူများ တိုင်းပြည်နှင့်ချီပြီး ငါတကောကောခဲ့ကြသည် မဟုတ်ပါလော။ ငါတကောကောပြီး တိုင်းပြည်ကို ကျင့်ကြံခဲ့ကြသည် မဟုတ်ပါလော။ ထိုနည်း လည်းကောင်း ကျနော်တို့သည်လည်း အာဏာမရ၊ အာဏာမရှိသည်မှ လွဲ၍ ငါတကောကော ကောခဲ့ကြသည်။

ပြန်မေးခွန်း ထုတ်သင့်သည်။ ရိုးရိုးသားသားနဲ့ အခု ငါဘာလုပ်နေသလဲ၊ ငါဘာလုပ်နိုင်သလဲ၊ ငါဘာလုပ်ဖို့ လိုသလဲ၊ ငါ့ဘယ်နေရာမှာ ရှိနေသလဲ စဉ်းစားကြည့်ပါ။ ဘယ်သူအတွက်ပဲ လုပ်လုပ် အကျိုးရှိ ပါရဲ့လား။ ကျနော်တို့ကိုယ်ကို ကျနော်တို့ ဆန်းစစ် မဝေဖန်နိုင်သမျှ နှစ်ပေါင်း ၂၀ မကလို့ ၂၀၀၀ လည်း ဘာမှ မဖြစ်နိုင်ပါ။

ထိုသူများသည် ကျနော်တို့၏ အတွင်းရန်ဖြစ်သည်။ ရန်ငါစည်းလို့ ပြောရင် အတွင်းစည်း မိမိ ကိုယ်တွင်းကပင် ဖြစ်နေသည်။ ပြည်သူနှင့် ကမ္ဘာခြားစေတာ၊ နိုင်ငံရေးကို အမုန်းကြီး မုန်းစေခဲ့တာ ရန်သူ တဦးတည်း ဖျက်လိုဖျက်ဆီး လုပ်ခဲ့ခြင်း တခုတည်းကြောင့် မဟုတ်ပါ။ ကျနော်တို့ ကိုယ်တိုင် ဖျက်ဆီး၊ ပျက်စီး နေကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအတွင်းစည်းကို ရှင်းရန်လိုသည်။ လူထုဆန့်ကျင်ရေး လူထုကြားထဲ သွားပြောနေမှ မဟုတ် အွန်လိုင်းပေါ်က ပြောနိုင်သည်။ လူထု အကြည်ညိုပျက်မှုက အရင်လို အတွင်းအချင်းချင်း ကြိတ်ရှင်းနည်း ရှင်းမရနိုင်။

လူထုစည်းရုံးရေး စည်းရုံးရေး လို့ တွင်တွင်ပြောနေသော်လည်း ပြောသမျှ ဆွေးနွေးသမျှ၊ မှတ်ချက်ပေးသမျှ ထိုနိုင်ငံရေးနှင့် မကင်းသူများ ပြောကြ၊ ရေးကြသည်များက စည်းရုံးမှု မရှိယုံမက၊ အောက်တန်း တော်တော်ကျကြသည်ကို တွေ့ရသည်။ လက်ရှိ ရေးနေ၊ ပြောနေကြသော နေရာသည် သည်ကနေ့ မသိ နောက်တနေ့ သိနိုင်သည်။ ဘာဆိုတာ ညာဝါးလို့မရ၊ ဟိတ်ဟန် ထုတ်လို့မရ။ နိုင်ငံရေး၊ တော်လှန်ရေး မလုပ်ကြသူများသည် နလပိန်းတုံးများ မဟုတ်ကြပါ။ မိမိမိတ်ဆွေ အချင်းချင်းကြား ပြောသည့် စကားပင် တခြားသူများ အချိန်မရွေး သိနိုင်သည်။ ထို့ကြောင့် နင်ပဲငါစ မပြောသင့်တော့၊ ကိုယ်သိက္ခာကိုယ် ထိန်းရန် လိုအပ်သည်။ လူတစ်ယောက်က ဘာဆိုတာ ပြောနိုင်ဖို့ ဖေ့စ်ဘွတ်လို နေရာမျိုးမှာ ကောင်းကောင်း လေ့လာနိုင်သည်။ ဒီလူ ဘယ်လမ်း သွားနေတယ်၊ ဘယ်ကိုယိုင်နေတယ်ဆိုတာက အစ စောင့်ကြည့်နိုင်သည်။

ထိုသို့သော သူများနှင့် ကြုံကြိုက်ရခြင်း၊ ထိုသို့သော စာများကို ဖတ်မိရချင်းကပင် ဒေါသအမြတ် ကျန်ခဲ့စေသည်။ ကိုယ်ဆီကိုပါ အဆိပ်သင့် စေသည်။ လျှစ်လျူရှုထားခြင်းက ထိုသူများကို ရှင်သန်ခွင့်ပေးခြင်း၊ ကိုယ်ကိုယ်တိုင်က အလိုတူ အလိုပါပင်ဖြစ်သည်။

မြန်မာပြည်သူများကို စည်းရုံးချင်လျှင် အင်တာနက်ကို ကောင်းကောင်း အသုံးချနိုင်သည်။ နိုင်ငံရေးတွင် စိတ်ပါဝင်စားလာအောင်လည်း လုပ်ပေးနိုင်သလို၊ ရွံ့မုန်းသွားအောင်လည်း လုပ်ဆောင်နိုင်သည်။ ကဲ ကျနော်တို့ ဘယ်လမ်း ရွေးကြမှာတုန်း။ ကျနော်တို့ တော်လှန်ရေး ခရီးမဝေးသေးပါ သို့သော် နိုင်ငံရေး အသုံးချပြီး ငါတကောကော နေသူများအား ရှောင်ကွင်း ဖယ်ရှားရန် လိုအပ်သည်။

ယခု ကျနော်က ရည်ရွယ်ချက်ရှိ ခလုတ်တည့်တည့် တိုက်ခြင်းသာ ဖြစ်သည်။

ကျော်ဝင်း

No comments: