ကျမတို့ အဖေ ဒီအလုပ်ကို မလုပ်ခင်က မိသားစုအတွက် အကောင်းဆုံး လုပ်ခဲ့တယ်၊ လူတန်းစေ့ နေနိုင်ခဲ့တယ်။
ဒီတုန်းက အဖေက ကားပြင်ဆရာ၊ ၀ပ်ရှော့လုပ်ငန်း ထောင်ထားတယ်။ အဲဒါ ကျမတို့ အိမ်ရဲ့ အဓိက စီးပွားရေးပေါ့။ သူက အလုပ်တစ်ခုကို အကောင်းဆုံးနဲ့ စူးစူးစိုက်စိုက် လုပ်တတ်တယ်။ ဒါကြောင့်လည်း အဖေ့ဝပ်ရှော့က ဖောက်သည်တိုင်း စိတ်တိုင်းကျတဲ့အတွက် အမြဲကို လူတွေ၊ ကားတွေ တပည့်တပန်းတွေနဲ့ စည်စည်ကားကား ဖြစ်ခဲ့တယ်။ ကိုယ်ပိုင် အလုပ်ဆိုတော့ ဆိုရှယ်လစ်ခေတ် ဖြစ်ပေမယ့် အဖေ့ လုပ်ငန်း တစ်ခုနဲ့တင် သူများတွေထက် ချောင်ချောင်လည်လည် နေနိုင်ခဲ့တယ်။
အမေက ကျမတို့ ညီအကို မောင်နှမ လေးယောက် တာဝန်နဲ့ အိမ်အလုပ်တွေ များပေမယ့်၊ သူဝါသနာပါရာ အပ်ချုပ်ဆိုင် အသေးလေး ဖွင့်ထားတယ်။ အဖေ့မှာ ဟိုခေတ်က ဘီအက်စ်အေ ဆိုင်ကယ် တစ်စီး ရှိပြီး ကျမတို့ မိသားစု ဘုစုခရုအားလုံး ဘယ်သွားသွား ဒီဆိုင်ကယ်ကြီး တဘုတ်ဘုတ်နဲ့ သွားကြတာပဲ။ အဲဒီအချိန်တွေက ကျမတို့ မိသားစုတွေ အတွက် တကယ့်ပျော်စရာ အချိန်တွေလေ။ ကျမက မောင်နှမတွေထဲမှာ အကြီးဆုံးပါ၊ အကောင်းဆုံး အချိန်တွေကော၊ အဆိုးဆုံး အချိန်တွေကို ကျမအားလုံး သိခဲ့ရတယ်၊ ရင်ဆိုင်ခဲ့ရတယ်။
၈၈၈၈ အရေးအခင်း ဖြစ်တော့ အဖေက အရပ်ထဲမှာ လူမှန်တစ်ယောက် ဆိုတော့ သူက ရပ်ကွက် ဦးဆောင်နေရာမှာ ပါခဲ့တယ်။ အရေးအခင်းပြီး ပါတီတွေ ဖွဲ့တော့လည်း သူကိုယ်တိုင် အန်အယ်ဒီ ပါတီဝင်ပြီး၊ ရပ်ကွက်ပါတီရုံးကို အိမ်မှာ ဖွင့်ပြီး၊ စည်းရုံးရေးမှူး လုပ်ခဲ့တယ်။ ၈၈၈၈ အရေးအခင်းက ကျမတို့ မိသားစုနဲ့ အဖေ့ကို အပြောင်းအလဲကြီး ပြောင်းလဲပေးခဲ့တယ်။ ကျမက အဲဒီတုန်းက ၁၄ နှစ်၊ ၇ တန်း ရောက်နေပြီ။
အိမ်ရှေ့က အမေ့ အပ်ချုပ်ဆိုင်နေရာလေး သာချန်ပြီး၊ အဖေ့ဝပ်ရှော့ရုံကတော့ ပါတီရုံးခန်း ဖြစ်သွားတယ်။ ဒီမိုကရေစီ မရမချင်း အိမ်စီးပွားရေးနဲ့ အိမ်ကိစ္စ အ၀၀ကို နင်ပဲ ဦးဆောင်တော့ ဆိုပြီး အမေ့လက်ထဲ အားလုံးလွှဲခဲ့တယ်။ မဲပေးပွဲ မတိုင်ခင် မဲဆွယ်ကာလ၊ မဲပေးပွဲကာလ၊ လွှတ်တော်ခေါ်ယူရေး စတဲ့စတဲ့ ကာလတွေကနေ နောက်ဆုံး ကျမတို့ ရပ်ကွက် အဖျက်ခံရတဲ့ အချိန်ထိအောင် အိမ်မှာ ပါတီရုံးဖွင့် လုပ်ဆောင်ခဲ့တယ်။ အရေးအခင်းကာလ၊ မဲပေးပွဲကာလ တက်ကြွခဲ့ကြတဲ့ အရပ်သူ၊ အရပ်သားတွေ တဖြေးဖြေး အရှိန်ကျလာသလို၊ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုက ကျမတို့ မိသားစု အပေါ် အတော့်ကို ဖိစီးခဲ့ပါတယ်။ ဒါပေမယ့် အဖေကတော့ ဘယ်တော့မှ သူ့ရပ်တည်ချက် အတွက် ဘာကိုမှ အလျှော့ မပေးခဲ့သလို ရပ်ကွက်ပါတီရုံး အတွက် ကြံ့ကြံ့ခံခဲ့တာ ၁၉၉၂ ခု မြို့တော်အင်္ဂါရပ်နဲ့ မညီတဲ့ ရပ်ကွက်တွေ ဖယ်ရှားဆိုတဲ့ ဆွမ်းကြီးလောင်းပွဲ အထိပါ။ (ကျမတို့ ရပ်ကွက်က မြို့တော်အင်္ဂါရပ်နဲ့ ညီယုံမက ကိုယ်ထူကိုယ်ထ လမ်းခင်းခဲ့တာ အရေးအခင်း မဖြစ်ခင်ကတည်းကပါ။ အရေးအခင်းမှာ တက်တက်ကြွကြွပါခဲ့တဲ့ အတွက် အစိုးရက အငြိုးထားခဲ့တာပါ။)
အမေက အဖေ ဘာလုပ်လုပ် ပြုံးပြုံးလေး ထောက်ခံနေခဲ့တယ်။ ဘယ်လို အခက်အခဲတွေ ရှိရှိ အပြုံးမပျက်၊ ထောက်ခံမှု မပျက်ပဲ၊ သူလုပ်စရာ ရှိတာကိုသာ လုပ်ခဲ့တယ်။ နောက်ပိုင်း အဖေ့ ၀င်ငွေမရှိ တော့တဲ့ ကာလမှာ အမေအပ်ချုပ်ဆိုင်ကနေပဲ မိသားစုအတွက် တာဝန်ယူခဲ့တာ မြို့သစ် မပြောင်းခင် အထိပါပဲ။
သူ့ဖောက်သည်ဟောင်းတွေ၊ မိတ်ဆွေဟောင်းတွေ လာရင် အဖေက ကျနော် ကားမပြင်တော့ဘူးဗျ၊ နိုင်ငံပြင်ဖို့ အလုပ် ကျနော် အခု လုပ်နေတယ်။ ခင်ဗျားတို့လည်း လုပ်ကြပါဗျာလို့ အမြဲ ပြောခဲ့တယ်။ နောက်ပိုင်း သူ့မိတ်ဆွေတွေ၊ တပည့်တပန်းတွေတောင် သူ့ကိုမြင်ရင် ဝေးဝေးက ရှောင်ကွင်း ကုန်ကြ တာပါ။
ကျမတို့တွေက မြို့သစ်တွေ တည်တော့ ပထမဆုံး ရွှေ့ခံရတဲ့ အသုတ်မှာ ပါခဲ့ပြီး၊ လယ်ကွက်ထဲ အိမ်ကွက် ဖော်ထားတော့ နွေဆို ဖုန်းတလုံးလုံး၊ အရိပ်အကာ မရှိ၊ မိုးဆို ဗွက်တောနဲ့ အိမ်ကွက်တွေမှာ ရေပြည့်နေခဲ့တယ်။ အိမ်ဖျက်ခံရတာ၊ နေရာသစ်က ဒုက္ခမျိုးစုံနဲ့ နဂို စက်ချုပ် အလုပ်တောင် အဲဒီမြို့သစ်မှာ ပြန်မစနိုင်တော့တဲ့ ဘ၀မှာ ဘယ်တော့မှ အပြုံးမပျက်ခဲ့တဲ့ အမေ စိတ်ဓာတ် ကျသွားခဲ့တာ နေရာသစ်မှာ ၃ လပဲ ကြာတယ်၊ အမေဆုံးခဲ့တယ်။ အဖေကတော့ သူ့ဝပ်ရှော့မှာ သုံးခဲ့တဲ့ ပစ္စည်းတွေ ထုခွဲပြီး၊ ရတဲ့ပိုက်ဆံနဲ့ အဲဒီမှာ အိမ်သစ်ဆောက်တယ်။ ၃ ထပ်အိမ်။ ဒီအိမ်က အပေါ်မှာ သွပ်မိုး၊ အောက်ဆုံး တစ်ထပ် အုတ်ထရံသာ တက်နိုင်ခဲ့ပြီး၊ အဲဒီကြားမှာ အမေဆုံးတဲ့ အတွက် ကျမတို့ အိမ်အသစ်က ဘယ်တော့မှ မပြီးခဲ့ပါဘူး။ ရပ်ကွက်ပြောင်းတယ်၊ အမေသေတယ် … ။
အခု ရပ်ကွက်အသစ်မှာ အဖေ ပါတီရုံးခန်း ဖွင့်ဖို့ လုပ်ပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။ ဒါနဲ့ ဆိုင်းဘုတ်ဟောင်းကို သူဖာသူ အိမ်သစ်မှာ ဇွတ်တင်ပေမယ့်၊ နေ့တောင် မဆိုင်းဘူး ရပ်ကွက်လူကြီးနဲ့ ရဲတွေ ရောက်လာပြီး အတင်းဖြုတ်ချခိုင်းတဲ့ အတွက် ကျမတို့တတွေ မျက်နှာလေးတွေ ငယ်နေတာကြည့်ပြီး အဖေ နောက်ဆုံး အလျှော့ပေးခဲ့တယ်။ ဒါပေမယ့် သူ့အလုပ်ခန်း အဖြစ် သုံးနေတဲ့ အလယ်ထပ်မှာတော့ အန်အယ်ဒီအလံ ခွပ်ဒေါင်းနဲ့ ကြယ်တပွင့်ကို နံရံမှာ ကပ်ထားပြီး ဒါတော့ ငါ့အိမ်၊ ငါ့နေရာ ဘယ်သူမှ အဖြုတ်ချမခံဘူးဟေ့ ဆိုပြီး ချိတ်ထားခဲ့တာ ကနေ့ အထိပါပဲ။
အဖေ့ကို နောက်ဆုံး ဖမ်းတာက ထမင်းရည် အမှုနဲ့ ဖမ်းတာပါ။ ကျမတို့ ရပ်ကွက်တွေမှာ ထမင်းရည် သောက်နေရပြီ၊ ဒါကို ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တရားပွဲမှာ သူသွားပြောပါတယ်။ သတင်းဌာနတွေမှာ ပါလာတယ်။ အဲဒီနေ့ လာဖမ်းတော့ အဖေမရှိပါဘူး၊ ကျမနဲ့ ကျမ အောက် မောင်လေး အကြီးပဲ ရှိပါတယ်။ အဖေ မရှိလို့ ဆိုပြီး သူ့ကို ခေါ်သွားပါတယ်။ နင့်အဖေကို ပြောလိုက် နင့်မောင် လွှတ်ပေးစေချင်ရင် သူလိုက်လာခဲ့လို့ ပြောပါတယ်။
နောက်နေ့ အဖေ ပြန်လာတော့ အဖေက ငါ့ကို ဖမ်းချင် ငါ့ကိုဖမ်းပေါ့၊ ငါ့သားကို ဘာလို့ ခေါ်တာလည်း ဆိုပြီး လိုက်သွားပါတယ်။ ဒါပေမယ့် မောင်လေး အကြီးကို သူတို့ ပြန်မလွှတ်ခဲ့ပါ။ သူ့ကို အန်အယ်ဒီရုံး လိုက်သွားခဲ့မှုနဲ့ စွဲချက်တင်တယ် ထောင် ၅ နှစ်ချတယ်။ အဖေ့ကိုတော့ ၅ည နဲ့ ထောင် ၅ နှစ်ချတယ်။ ပြီးတော့ သားအဖ နှစ်ယောက် တထောင်စီ ခွဲပစ်လိုက်တယ်။ မောင်လေးက အဲဒီတုန်းက ၁၆ နှစ် မပြည့်သေးပါဘူး။
မိုးမလုံ လေမလုံ အိမ်ကြီးနဲ့ ကျမရယ် မောင်လေးကြီး အောက်က၊ ညီမရယ်၊ အငယ်ဆုံး ညီထွေးလေးရယ် အိမ်မှာ ကျန်ခဲ့ပါတယ်။ ညီထွေးက အဲဒီတုန်းက ၁၂ နှစ်နဲ့ ၆ တန်း ကျောင်းသားပါ။ ကျမတို့ အဲဒီလို ကလေးတွေပဲ ကျန်ခဲ့တာတောင် ပတ်ဝန်းကျင်က ဘာမှမကူကြဘူး၊ လျစ်လျူ ရှုကြတယ်။ မောင်လေးနဲ့ ညီမလေးဆို ပတ်ဝန်းကျင်က လူတွေနဲ့ စကားမပြောရဲတော့ဘူး။ တစ်ယောက်ယောက် အိမ်ရှေ့က ဖြတ်ရင်ကိုပဲ ကြောက်နေကြတယ်။
အဖေ့ ညီမက စီးပွားကောင်းတယ်။ အဖေရှိစဉ်က ဘယ်တော့မှ အကူအညီ မတောင်းခဲ့ပေမယ့်၊ အဖေတို့ ထောင်ကျတဲ့နောက် ကျမ တစ်ယောက်တည်း ကျန်တဲ့သူတွေ ကြည့်ဖို့ မဖြစ်နိုင်တာနဲ့ အဒေါ်ကို အကူအညီတောင်းပြီး သူဆီမှာ ကျမ အလုပ်လုပ်တယ်၊ မောင်ထွေးကို ကျောင်းဆက် ထားတယ်။ ညီမလေးကိုတော့ တခြား ကျောင်းထားနိုင်တဲ့ အဖေ့မိတ်ဆွေ အိမ်မှာထားပြီး ကျောင်း ဆက်ထားပါတယ်။ (ကျမက အဲဒီအချိန်မှာ ဒုတိယနှစ် တက်နေရာကနေ ထွက်လိုက်ရတယ်။)
အဖေနဲ့ မောင်လေး ထောင်ကျ ၅ နှစ်မှာ ထောင်ဝင်စာ ၁ ကြိမ်စီပဲ သွားနိုင်ပါတယ်။ ဒါတောင် ဒေါ်လေး စီစဉ်ပေးလို့ပါ။ ဒါပေမယ့် အဖေ့နဲ့ တွေ့တော့ ကျမ စိတ်ဓာတ် အကြီးအကျယ်ကျပါတယ်။ ငါပြန်ထွက်လည်း ဒီနိုင်ငံရေးပဲ ဆက်လုပ်မယ်၊ နင်တို့လည်း နင်တို့ဟာ နင်တို့ ရှာစားကြ၊ ငါဆီ နောက်မလာနဲ့လို့ မှာပါတယ်။ အဖေ ထောင်ကျရင်တော့ သူစိတ်ပြောင်းပါရဲ့၊ ဒီနိုင်ငံရေး ဆိုတာကို စွန့်လွှတ်ကောင်းရဲ့လို့ ကျမ တွက်ခဲ့တာ တက်တက်စင် လွဲခဲ့လို့ပါ။ အဖေက သူပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူပါ။ ကျမလည်း ပြောခဲ့ပါတယ် ကျမ ထပ်မလာဘူးလို့၊ အားလုံး အဆင်ပြေတယ်လို့ ပြောပြီး ပြန်ခဲ့တယ်။
အဖေ့ မတိုင်ခင် မောင်လေး လွတ်လာတယ်။ သူလည်း အများကြီး ပြောင်းသွားတယ်။ အရင်က အဖေ့လက်စွဲက သူထောင်ကျတာ အဖေ့ကြောင့်လို့ ဆိုပြီး၊ အဖေနဲ့ နိုင်ငံရေး ဆိုတာကို စကားထဲ ထည့်ပြောလို့ မရလောက်အောင် ဖြစ်သွားတယ်။
အဖေ့လွတ်တာနဲ့ အိမ်ပြန်လာတယ်၊ နဂိုအတိုင်း အလယ်ထပ်ရဲ့ သူ့အလံတော်အောက်မှာ တိတ်ခွေတွေ၊ စာရွက်တွေနဲ့ တကုတ်ကုတ်ပါပဲ။ နဂိုနဲ့ မတူတာ ထောင်ထဲက ဒဏ်ကြောင့် ခြေတဖက် ဆွဲနေတယ်၊ ဒါပေမယ့် သူသွားစရာ ကိုးကျောင်းကိုးကျင် ကားခမရှိရင် ခြေကျင် သွားတာပါပဲ။ မိသားစုနဲ့ ပိုစိမ်းလာတယ်။ ဘယ်သူ့ အကြောင်းမှ သူမမေးတော့ဘူး။ မိတ်ဆွေ တစ်ယောက် အကူအညီကြောင့် စက်ဘီးလေး တစ်စီး ရလာတော့ လမ်းလျှောက်ရတာတော့ သက်သာသွားပေမယ့်၊ အပြင်မှာ သူ့လုပ်စရာတွေ ပိုတိုးလုပ်လာပြီး၊ အိမ်ဆို ညအတော်မှောင်မှ ပြန်လာပြီး၊ ဓါတ်ခဲ ရေဒီယို ကက်ဆက်ကလေး ဖွင့်လိုက်၊ ဖယောင်းတိုင်နဲ့ စာတကုပ်ကုပ် ချရေးလိုက် လုပ်တော့တာပဲ။ မနက်ဆို ပြန်ထွက်သွားတာပဲ။ သူအဲဒီစာတွေ လိုက်ဖြန့်တယ်လို့ သိရတယ်။
အမေဆုံးပြီးကတည်းက ကျမက အိမ်ထောင်ဦးစီးလို ဖြစ်ခဲ့တယ်။ အစစအရာရာ အားလုံး လုပ်ခဲ့တယ်။ အဖေ ပြန်လွတ်လာတော့ ကျမ စကားပြောဖို့ ကြိုးစားကြည့်ခဲ့တယ်။ သူနဲ့ကျမ ဘယ်လိုမှ ပြောလို့မရတဲ့ အခြေအနေ ဖြစ်လာခဲ့တယ်။ ပိုပိုဝေးလာတယ်လို့ ခံစားရတယ်။ သူဘယ်လို စားနေလဲ၊ သူဘယ်ကို ဘယ်လို သွားနေလဲ ဆိုတာကို ကျမ စိုးရိမ်ခဲ့တယ်၊ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ တခါတခါတော့လည်း အဖေ့ကို နာကျည်းမိတယ်။
ကျမ သူ့ကို စာတစ်စောင်ရေးခဲ့ပါတယ်။ အဲဒီလို စာမျိုး ဘယ်တော့မှ ထပ်မရေးတော့ပါ။
ဦးရေအေး ရှင့်-
ရှင့်
အလုပ်များ အရေးကြီးသည် ဆိုသော်လည်း၊ ရှင့် သားသမီးများ ဖြစ်သည့် ကျမ၊
မောင်လေးကြီး၊ ညီမလေး၊ ညီထွေးတို့ အကြောင်းကို ဘယ်နှစ်ခါလောက်
စဉ်းစားမိခဲ့သလဲ။ ကျမတို့ မောင်နှမတွေ ဒုက္ခအမျိုးမျိုး ရောက်ခဲ့တယ်၊
နေရာမျိုးစုံမှာ နေခဲ့ လုပ်ခဲ့ကြရတယ်။ ဒါတွေကို သိကော သိရဲ့လား။
သိသင့်တယ်လို့ ထင်ပါတယ်။ ရှင်ရှိနေသည့် အတွက် ပတ်ဝန်းကျင်က ကျမတို့ကို
စော်ကားသလို၊ အနှောက်အယှက် မျိုးစုံ ပေးကြတယ်။ ကျမတို့လည်း ကျမတို့
ခြေထောက်ပေါ် ကျမတို့ ရပ်နိုင်ပါပြီ။ ရှင် ကျမတို့ဆီမှာ မနေတာ ကျမတို့ကို
ကူညီရာ ရောက်ပါလိမ့်မယ်။
ခင်ဦး
ကျမ သိပါတယ် အဖေ့ အဲဒီစာကို ဖတ်ခဲ့သည်။ အဖေ ကျမကို ဘာမှ မပြောပါ။ သူနေမြဲ အတိုင်းသာ နေသွားတယ်။ သူ့အလုပ်ကိုသာ လုပ်သွားခဲ့တယ်။ သူနောက်ထပ် ထောင်ဒဏ် နှစ်ရှည်နှင့် ခရီးထပ် ထွက်သွားတယ်။
ကျမ အကြိမ်ကြိမ် စဉ်းစားတယ် အဖေဟာ လူကောင်း တစ်ယောက်ပါ။ ဖခင်ကောင်း တစ်ယောက် ဖြစ်ခဲ့တယ်။ သို့သော် သူလုပ်ချင်တာ လုပ်လို့ ကျမတို့ မိသားစု တစစီ ဖြစ်သွားခဲ့တာလား၊ ကျမတို့ နေထိုင်ရာ ပတ်ဝန်းကျင်ကပဲ ကျမတို့ကို တစစီ ဖြစ်အောင် လုပ်ခဲ့တာလား၊ နိုင်ငံရေးဆိုတာကြီးကပဲ မကောင်းခဲ့တာလား၊ အစိုးရဆိုသော လူပုဂ္ဂိုလ်များက လုပ်ခဲ့တာလား ဆုံးဖြတ်ပေးကြပါ။ ဘယ်သူ့ကို အပစ်တင်ရမှာပါလည်း။ ကနေ့ထိ ကျမ မဖြည့်နိုင်သေးတဲ့ အမေ့ဆန္ဒက အဖေ့ကို ဂရုစိုက်လိုက်ပါ ဆိုတာကိုပါ။ အဖေ ကျန်းမာပါစေ။
(နိုင်ငံရေးသမား တစ်ယောက်၏ မိသားစု ဖြစ်ရပ်ကို နိုင်ငံတကာ ဖခင်များနေ့ အတွက် ခံစားရေးသားပါသည်။)
ကျော်ဝင်း
ဇွန် ၁၈ ရက်၊ ၂၀၁၁ ခုနှစ်
သို့…….. ဦးရေအေး ရှင့်
Posted by MrB at 12:08 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment