ကျနော့်ဆီကို မိတ်ဆွေဆီက တဆင့် ကျနော့်ဆရာဆီက အခု စာမူကို ရရှိခဲ့ပါတယ်။ ဆရာက သာမန်အညတရ အလယ်တန်းပြ ဆရာတစ်ဦးပါ။ ဆရာနဲ့ ကျနော် မဆုံဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခု ရှိခဲ့ပြီ။ ဒါပေမယ့် ဆရာနဲ့ ကျနော်ကို ကျနော့် မိတ်ဆွေတစ်ဦးက တဆင့် လွန်ခဲ့တဲ့ ၃ နှစ်က အဆက်အသွယ် ပြန်ရခဲ့သည်။ ဆရာက အီးမေးမသုံးတက်၊ သည်တော့ သူရေးတဲ့စာကို ကျနော် အတော့်ကို စောင့်ဖတ်ရတယ်။ သူလည်း ကျနော့်စာကို ကျနော့်လိုဘဲ စောင့်ဖတ်ရတယ်။ နောက်ဆုံး ကျနော့်လက်ထဲကို သူပို့လိုက်တဲ့ စာက ခပ်ထူထူမို့ ငါ့ဆရာ ငါ့ကို မှာတမ်းတွေ အရှည်ကြီး ချွေတော့မလားလို့ စိတ်ကထင်မှတ်ပြီး ဖွင့်လိုက်တော့၊ ကျနော့်အတွက် စာတိုနှစ်ကြောင်း သုံးကြောင်းက လွဲပြီး အောက်ဆုံးမှာ သူရေးထားတာက ….
တပည့် ဆရာအခုစာကို တအားရေးချင်လွန်းလို့၊ မခံချင်လွန်းလို့ ရေးလိုက်တာပါ။ မင်းတက်နိုင်ရင် ပြည်ပအသံလွှင့်သတင်းဌာန တစ်ခုခုကို ကြိုးစားပို့ပေးပါ။ မင်းအစဉ်ပြေသလို စီစဉ်ပေးပါ။
…. လို့ ပါပါတယ်။
ဆရာ့စာမူကို ကွန်ပျူတာမှာ စာပြန်ရိုက် သတင်းဌာနတွေက ဆက်သွယ်ရန်ဆိုတဲ့ လိပ်စာတွေဆီကို အီးမေးလ်က တဆင့် ပို့ကြည့်ပါတယ်။ သို့သော် ဆရာစာရတာ ၄ လကျော်သွားပေမယ့် ဘယ်ကမှ ပြန်စာမလာ၊ အကြောင်းပြန်ကြားခြင်း မရှိ။ ကျနော့်ဆရာရဲ့ နောက်ဆုံးအမှာ အရ ကျနော့်အစဉ်ပြေသလို စီစဉ်ဆိုတော့ ကျနော့်ဘလော့မှာပဲ တင်လိုက်ရပါတော့သည်။ သို့မှသာ နောက်တစ်ခေါက် ဆရာထံစာရေးလျှင် လူမသိသူမသိ ကျနော့်ဘလော့တွင် တင်ပြီးကြောင်း အကြောင်းပြန်နိုင်မည် ဖြစ်ပေသည်။
+++++++++++++++++++++++++++++++++++++++++++
ပင်စင်စားတစ်ဦး၏ ရင်ဖွင့်ခံစားချက်
တရားဥပဒေမဲ့ လူမိုက်အုပ်စုတွေဖွဲ့ထားပြီး တဆိတ်ရှိ အုပ်စုနဲ့ ပြုမူကျင့်ကြံနေတာဟာ ကြာနေပြီ ဖြစ်သလို ကြောက်ရွံ့အောင် ခြောက်လှန့် လုပ်နေခဲ့တာလည်း ကြာခဲ့သလို လူတွေဟာလည်း ကြောက် ကြောက် ရွံ့ရွံ့ ဘာမှ ပြန်လှန်မပြုကြဘဲ ပြေးလွှားနေရတာတွေ ကြားထဲမှာ အတင်းဝင်ရောက် ၀ါးရင်းတုတ် နဲ့ရိုက် ဖမ်းဆီး သွားတာတွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်(၇၀) လောက်က လမ်းမတော်ဖိုးတုတ်တို့ လူစုတွေကို လူတွေကြောက်ရွံ့ ခဲ့ကြရသလို ဖြစ်နေတာကို တွေ့ရမှာ။ ဒီလိုကြောက်ရွံ့အောင် စွမ်းအားရှင် လို့ အမည်တပ် ပြီး ဥပဒေအရ တာဝန်ယူရတဲ့ ရဲတွေအစား လူအချင်းချင်း ရန်ပွဲသဖွယ် ဖန်တီးပြီး လက်လွှတ်စပယ် ရမ်းကား ရက်စက်တဲ့ အပြုအမူတွေနဲ့ လုပ်တာဟာ ကြာရှည် လာခဲ့သလို ဒီအတိုင်းလွှတ်ထားခဲ့ရင် အပြစ်မဲ့ ပြည်သူ တွေဟာ တစ တစနဲ့ ပိုပြီး ကြောက်ရွံ့လာကြတော့မှာဖြစ်သလို ဒီလို ရိုင်းစိုင်းပြီး လူရမ်းကား အုပ်စုကို ၀ါးရင်း တုတ်တွေ နဲ့ အသားလွတ် မဆင်မချင်ဝင်ရိုက်ခိုင်းတာတွေဟာ တိုင်းပြည်နောင်ရေးအတွက် မကောင်းတော့ပါ။
တဖန် သည်လိုမဆင်မခြင် ရမ်းကားပြီး ရက်စက်ရိုက်နှက်ဖမ်းဆီးစေခဲ့တာကိုလည်း ဥပဒေ ဘက်တော်သား (အရပ်ဝတ်ရဲ) ရဲ လူဝတ်တွေရော တာဝန်ကျ ရဲတွေ SB တွေရှေ့မှာ သို့မဟုတ် စောင့်ကြည့်နေတဲ့ ကြားက ပေါ်တင် ၀င်ရောက်ရိုက်နှက် ဖမ်းဆီးသွားကြတာတွေဟာ လူစုကို ကြောက်လန့်အောင် ၀ပ်သွားအောင် ဥပဒေ ပြင်ပ ဆောင်ရွက်နေတာသာ ဖြစ်ပါတယ်။ သည်အုပ်စုဟာ ဘယ်အချိန်ကစပြီး ပိုပြီး အတင့်ရဲ လာသလဲ (သို့) တာဝန်ရှိ သူတွေက အသုံးချလာကြသလဲဆိုရင် ရွှေဝါရောင်တော်လှန်ရေးတုန်းက စသုံးခဲ့ပြီး သည်မတိုင်ခင် ကတော့ ကြိုကြား ကြိုကြား စီတန်း လမ်းလျှောက်တာတွေကို အတင်းဝင်ဖမ်းခိုင်း တုတ်တိုတွေနဲ့ ရိုက်၊ ကားပေါ် အတင်း ဆွဲတင်တာတွေကို လုံထိန်းရဲတွေအစား ကျင့်သုံးလာခဲ့သလို ပြည်သူအချင်းချင်း မကျေနပ်တဲ့ အဖွဲ့က နောက်တဖွဲ့ကို ပြန်လှန် တန်ပြန်တဲ့ပုံများ ဖော်ခိုင်းပြီး သူတို့ သတင်းစာတွေက ရေးသား ဖေါ်ပြခဲ့ကြတယ်။
ဥပမာ- စားဝတ်နေရေး ကြပ်တည်းတဲ့ကြား ရေနံ ဓါတ်ဆီဈေးမြှင့်တုန်းက လူတွေမကျေနပ်လို့ ဟို တဖွဲ့ သည်တဖွဲ့ စီတန်း လှည့်လည် ငြိမ်သက်စွာ ဆန္ဒပြခဲ့ကြတယ်။ ဒါကို စွမ်းအားရှင်တွေ ထုတ်သုံးပြီး တန်ပြန် ခိုင်းခဲ့ တယ်။ ဒါကို ပြည်သူအချင်းချင်းလို့ သုံးနှုန်း ဖော်ပြခဲ့တာ။ (နိုင်ငံတကာစံနှုန်းနဲ့ ကြည့်ရင် မကျေနပ်လို့ မိမိဆန္ဒကို လူစုပြီး ဖော်ထုတ် ကြွေးကြော်ကြတာတွေဟာ ရှိနေကြတာပါပဲ။)
ဒီမိုကရေစီနိုင်ငံတွေလည်းဖြစ်တဲ့ ထိုင်း ဖိလစ်ပိုင် စသည့်တို့မှာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂင်္လားဒေ့ရှ် တို့မှာ အလုံးအရင်းနဲ့ ဆန္ဒပြနေခဲ့ကြတာပါပဲ။ နောက်ပြီး ညှိနှိုင်းခဲ့ကြရတာပါပဲ။ သည်နေရာမှာ ရဲကိုပဲ သုံးပါတယ်။ မဆီမဆိုင် ကြံခိုင်ဖွံ့ဖြိုးရေး၊ စွမ်းအားရှင်၊ မီးသတ်၊ ကြက်ခြေနီ စတဲ့ ရပ်ကွက်တွေထဲကမှ ရတဲ့သိမ်းသွင်းလို့ရတဲ့ လူတွေကို ဘာဖြစ်လို့ လူမိုက်လုပ်ခိုင်းရတာလဲ။ ဒီရပ်ကွက်ထဲက ရလာတဲ့ သည်လူ လက်တဆုပ်စာကလည်း သူတို့ ကိုယ်တိုင် ရရက၊ မရက တွေက ခြိမ်းခြောက်အတင်းဝင်ခိုင်း၊ သူတို့ အာဏာတွေကို တဆင့် ပြန်ပြခိုင်း ဒါတွေပဲ။ လူမိုက်ကို အကြောက်တရားတွေ ဖြစ်လာအောင် ဖန်တီးခဲ့ကြတယ်။ ဥပဒေက ခိုင်းထားတဲ့ လခစား ရဲတွေကို ပထမအဆင့် ထုတ်မသုံးခိုင်းပါဘူး။
စကားမစပ် ၁၉၈၈ ခုနှစ်အရေးတော်ပုံတုန်းက လုံထိန်းလို့ခေါ်တဲ့ ရဲတွေကို ရှေ့တန်းတင် တက်ခိုင်းပြီး ကျောင်းသား လူမမယ်တွေကို မကျန်၊ အမျိုးသမီးငယ်များကို ပါးရိုက်ပြီး ထရပ်ကားကြီးတွေပေါ်ကို အတင်း ရိုက်နှက် ဆွဲတင်သွားခဲ့ကြတာတွေဟာ အဲဒီအခါက လုံထိန်းလို့ဆိုတာနဲ့ လူတွေက ရွံ့ရှာ အော့နှလုံးနာ ခဲ့ကြ တယ်။ ကြောက်လည်း ကြောက်တယ်။ ဒါဟာ အပြစ်မဲ့ပြည်သူတွေကို ရုန်းရင်းဆန်ခတ် ဖြစ်လာအောင် စစ်တပ် ကပဲ ဖန်တီးပေးခဲ့ပြီး လူမဆန်စွာ ရက်စက်ခဲ့ကြတာတွေပါ။ (နိုင်ငံခြားတိုင်းတပါးသား ဂျပန်တွေ ၀င်ခဲ့တုန်းက ပါးနား ဆွဲရိုက်တာတွေ၊ လက်သည်းခွံခွာတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါကလည်း လမ်းပေါ် သွားနေတဲ့ သာမန် လောက်ဆိုရင် မနှိပ်စက်ကြပါဘူး။) ခုတော့ ကိုယ့်မိဘက သားသမီးကို လိုရင်လိုသလို ဆိုဆုံးမပိုင်ခွင့် ရှိပါတယ်။ ကိုယ်က မဆုံးမဘူးဆိုရင် သားသမီးဆက်မိုက်မှာပေါ့။ ကိုယ်က ကျွေးထားရတဲ့ သားသမီးတွေလေ `တပ်မတော်သာ အမိ တပ်မတော်သာအဖ´ ဆိုတဲ့စကားကို ဗြောင်ချိတ်ပြီး ပြည်သူက ကျွေးထားတဲ့ လခတွေ ကို မေ့ထားပြီး ပြောင်းပြန်လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။ `ပြည်သူသာလျှင်အမိ၊ ပြည်သူ သာလျှင်အဖ´ ဆိုတာဟာ ပြည်သူ့အာဏာကို ရမှဖြစ်မှာ ဖြစ်ပါတယ်။ သည်အတိုင်း ဆက်သွားနေရင် ကိုယ့် ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင် ဝေသာလီပုဏ္ဏ္ဏားတွေ ဖြေထိုးခံရတဲ့ ဝေသာလီပြည်ကြီး ပျက်တဲ့ကိန်း ဆိုက်မှာ အမှန်ပါပဲ။ သူခိုးက လူလူဟစ်တဲ့ ပက်စက်တဲ့ အကြံတွေ အမျိုးမျိုးထုတ် မီဒီယာကို အသုံးချ လူမိုက်အုပ်စုတွေ (သူတို့ အသင်းအဖွဲ့တွေ) အမျိုးမျိုးဖန်တီးတဲ့ အုပ်စုကို အရင်းတည်ပြီး ပြည်သူကို မှောက်လိုမှောက်၊ ခြောက်လိုခြောက်၊ ပြည်သူတွေ ချောက်ထဲကျနေခဲ့တာ ၆၂ ခုနှစ်ထဲကပါပဲ။ နေ၀င်းက စခဲ့တဲ့ အမွေဆိုးတွေ။ ဒါတောင် နေ၀င်းတုံးကတော့ သည်လောက် အစော်ကားမခံရဖူးဘူးလို့ ပြောစမှတ်တွေ ရှိလာပြန်တယ်။ ဒါကလည်း အဆိုး ထဲကနေ ယုတ်မာကောက်ကျစ်တဲ့ အဆိုးက နေရာယူသွားတာပဲ ဖြစ်တယ်။ (အကောင်းကနေ အဆိုးက နေရာယူသွားတာ မဟုတ်ဘူး) ကောက်ကျစ်တယ်၊ စဉ်းလဲတယ်၊ ယုတ်မာတယ်၊ ရက်စက်တယ်၊ အောက်တန်း ကျတယ်၊ စသည်တွေဟာ ယခုခေတ်အမှောင်ကျတဲ့ ခေတ်လို့ပဲ ဆိုရမလား။ ပြည်သူတွေဟာ အဲသည် လောက်ထိ ဆိုးညစ်တဲ့ အစိုးရအောက်မှာ နေနေကြရတယ်။ အပြောအဆို လွတ်လပ်ခွင့် နေထိုင်လွတ်လပ်ခွင့် ဖွဲ့စည်းရေး လွတ်လပ်ခွင့်… စတာတွေ ဆိတ်သုဉ်း ကုန်တယ်။ လူတွေအိမ်ပြင်မယ်ဆိုရင် တံစက်မြိတ်ကလေး အဖီလေးကအစ မြို့တော်စည်ပင်က ခွင့်ကျမှပြင်ဆင် ခွင့်ရတာမျိုး- အဖွဲ့အစည်းဆိုတာက ရပ်ကွက်ထဲမှာ စာဖတ်ခန်းလေး ကာယဗလ အခန်းကလေး၊ ကစားခန်း၊ ဘာခန်းညာခန်းဖွင့်လှစ်ပြီး စုပေါင်းစာဖတ်တာတို့ အားကစားလုပ်တာတို့ အထိ ရယကက စောင့်ကြည့် နေတယ်။ ကြံခိုင်ရေး၊ စွမ်းအားရှင်တွေက စောင့်ကြည့် နေတယ်။ ခပ်တန်တန်အလှူ လုပ်မယ်ဆိုရင်လည်း သူတို့ကို အသိပေးရတယ်။ သူတို့ကတဆင့် လှူရတန်းရ တယ်။ အလှူရှင် ဂုဏ်ရသွားမှာကို မလိုလားဘူး။ ရယက၊ မယက သူတို့ ဖွဲ့ထားတဲ့အဖွဲ့တွေ နာမည်တပ်ပြီး အလှူခံစားပြိး နာမည်ကောင်းယူကြတယ်။ သိပ်ကြီးကြီးကျယ်ကျယ်လှူတဲ့ အလှူဆိုရင် ဗိုလ်ချုပ်တွေက လက်ခံ တဆင့်ပြန်လှူရတယ်။ သေရင်တောင် ဗုဒ္ဓ္ဓဘာသာမှာ တ၀က်လှူပြီး ကျန်တ၀က် လက်ခံပြီး ထပ်လှူတဲ့လူ ကလည်း ကောင်းကင်တက်ရမယ် ဆိုရင် ဗိုလ်ချုပ်တွေနဲ့ သူဌေးတွေပဲ နတ်ပြည်မှာ ပြည့်နေကြမှာပါပဲ။ လူတွေရဲ့ ကောင်းကျိုး ဖက်တာကို မလိုလားဘူး။ ဆိုးတာကို လုပ်ခိုင်းပြီး ပြန်ဖမ်းတာတွေလုပ်ပြီး အုပ်ချုပ်နေတဲ့ စစ်တပ်အစိုးရဟာ ကောင်းတာ ဆိုလို့ တခုမှ မရှိခဲ့တာကတော့ စေ့စေ့တွေးလေ ရေးရေးပေါ်လေပါပဲ။ ကနေ အထိ စဉ်ဆက် တွေးကြည့် ကြပါ။ တခါတရံ အချိန်ကုန်ခံပြီး တွေးမှ ကြံမှကောင်းတယ်။ `အို ဘယ်မင်းပဲ တက်တက် ငါတို့နဲ့ မဆိုင်ဘူး´လို့ ပြောဆိုတတ်ကြတဲ့ ကောင်းစားနေတဲ့ လူလက်တဆုပ်စာရဲ့ စကားတွေကို နားမယောင် မိပါစေနဲ့။ ` ဒါငါတို့နဲ့ မဆိုင်ပါဘူး သူတို့လည်း သူတို့အလုပ် လုပ်နေကြတာ´ စတာတွေဟာ ကြီးပွားနေတဲ့ လူတွေရဲ့ လက်သုံးစကားတွေပါ။ နားမယောင်မိပါစေနဲ့ တခါတရံ ဒေးကာနက်ဂျီပြောသလို ကျွန်တော် ကိုးကား ပြောဆိုတာတွေဟာ အထူးအဆန်းတွေ မဟုတ်ပါဘူး။ ယခင်ရှိပြီးသားတွေကိုသာ ကိုးကား ပြတာပါ ဆိုတဲ့အတိုင်း အခုလည်း ဒေးကာနက်ဂျီအတိုင်း `ထင်းစည်းကိုချိုးကြည့်ပါ- မရဘူးနော်။ ဒါဖြင့်ရင် ထင်းစည်းကို ဖြေပြီးတချောင်းစီချိုးပါ။ အဲ့ဒါဆိုရင် တစစီ ကျိုးကုန်ပြီ´ ဒါပါပဲ။ ဒီအစိုးရ ကျင့်သုံးနေတဲ့ နည်းက ရိုးရိုးကြီးပါ။ သိသိကြီးနဲ့ ခံနေရတဲ့ လူတွေက စောစောက ပြောတဲ့ လူတစုရဲ့ လေသံကိုနားယောင်ပြီး မသိလိုက် မသိဖာသာ နေခဲ့ကြလို့ဖြစ်ပါတယ်။ ကျုပ်တို့တွေဟာ တစစီ တဖဲ့စီ အချိုးခံနေကြရတာတွေပါ။ တခါ ဒေးကာ နက်ဂျီ အတိုင်းဆိုရင် ၀ံပုလွေနဲ့ သိုးငယ်ပုံပြင် အတိုင်းပါဘဲ။ (ဒါမှမဟုတ်) သံလျှက်တောင်ယူတဲ့ သူခိုးဟာဖြင့်´ စသည့်ပုံပြင်တွေ ဇာတ်တွေမှာလို လူကောင်းတွေကို ရိုးစွပ်ပြီး ကောက်ကျစ်ယုတ်မာတဲ့ အကြံတွေထုတ်၊ မတရားဖမ်း၊ ထောင်ချ၊ တစိမ့်စိမ့် သတ်ပစ် နေတာတွေဟာ သိကြပါရဲ့လား။ သူတို့ အကြံတွေက ညစ်ပတ်ပေမဲ့ ခပ်တိမ်တိမ်ကြံတဲ့ အတွေးတွေပါ။ ပြည်သူက စဉ်းစားလိုက်တိုင်း ကောက်ကျစ်တာတွေ ဘွားကနဲ ဘွားကနဲ ပေါ်လာတာပါဘဲ။ သူတို့သဘောမကျသူတွေရယ် အသင်းအဖွဲ့ တွေရယ် သည်လူ တွေက လှူမယ်တန်းမယ်၊ ကူညီမယ်… ရှိတာတွေကို မလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုယင် ဒီလူကောင်းတွေကို ထောင်ထဲထည့်ချင် တာကိုး။ နောက်ဆုံး အပြစ်ရှာမရဘူးဆိုရင် ချဲထီ လက်မှတ်ဖြတ်ပိုင်းလေးတွေ၊ ဧည့်စာရင်းမတိုင်လို့ အရေးယူ တာတွေ၊ သူတို့ဆင်ထားတဲ့ အကွက်ထဲဝင်လို့၊ ယဉ်မတော်တဆ မှုတွေ…. စသည်တွေကို အသုံးချပြီး ဖမ်းတယ်။ အနည်းဆုံး (၇)နှစ် ၊ တသက်တကျွန်း၊ သည်လို ထောင်ချ ပစ်ခဲ့တယ်။ တခါလုပ်ဇတ်တွေခင်းပြီး ဓါတ်ပုံအတုတွေ ဖန်တီးတယ်။ ဗုံးတွေကို ထောင်ပြီး ဖောက်ခွဲတယ်။ ပြီးရင် …. မီဒီယာတွေပေါ် တင်လိုက် တယ်။ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ပေါ့။ ယုံထင်ကြောင်ထင် ဇဝေဇ၀ါ ဖြစ်တတ်တဲ့ မြန်မာတွေကို ဇာတ်တိုက် ထားသလို သတင်းတွေဖြန့်လိုက်တယ်။ ပထမဆုံး `ခေတ်ရေး´ လို့ခေါ်တဲ့ တပ်တွင်းက စာစောင်တွေမှာ ရိုက်တယ်။ ပြင်ပကမာ နဲ့ အဆက်ဖြတ်ထားတဲ့ တပ်မတော်သား အတော်များများကို အဖတ်ခိုင်းတယ်။ သိမ်းသွင်း ခဲ့တယ်။ ဘယ်လောက်အသိမ်းအသွင်းတော်သလဲဆိုရင် စစ်ဗိုလ်ကစ တပ်သားအထိ ဒေါ်အောင် ဆန်းစုကြည်ကို ခွေးလောက်မှ မတန်တဲ့ အပြောအဆိုတွေနဲ့ နင်းခြေ ပြောဆို လာကြတယ်။ စုတ်စုတ်နုတ်နုတ် ဖြစ်အောင် ရေးသားဖော်ပြကြသလို တပ်က လူတော်တော် များများက ဒေါ်စုကို ကြေးစားဖာအထိ အပြစ်တွေ ပုံအော ပြောဆိုခဲ့ကြတယ်။
No comments:
Post a Comment