ဒီစာကို Select ပေးပြီးရေးပါ။
သို့…….. ဦးရေအေး ရှင့်
ကျမတို့ အဖေ ဒီအလုပ်ကို မလုပ်ခင်က မိသားစုအတွက် အကောင်းဆုံး လုပ်ခဲ့တယ်၊ လူတန်းစေ့ နေနိုင်ခဲ့တယ်။
ဒီတုန်းက အဖေက ကားပြင်ဆရာ၊ ၀ပ်ရှော့လုပ်ငန်း ထောင်ထားတယ်။ အဲဒါ ကျမတို့ အိမ်ရဲ့ အဓိက စီးပွားရေးပေါ့။ သူက အလုပ်တစ်ခုကို အကောင်းဆုံးနဲ့ စူးစူးစိုက်စိုက် လုပ်တတ်တယ်။ ဒါကြောင့်လည်း အဖေ့ဝပ်ရှော့က ဖောက်သည်တိုင်း စိတ်တိုင်းကျတဲ့အတွက် အမြဲကို လူတွေ၊ ကားတွေ တပည့်တပန်းတွေနဲ့ စည်စည်ကားကား ဖြစ်ခဲ့တယ်။ ကိုယ်ပိုင် အလုပ်ဆိုတော့ ဆိုရှယ်လစ်ခေတ် ဖြစ်ပေမယ့် အဖေ့ လုပ်ငန်း တစ်ခုနဲ့တင် သူများတွေထက် ချောင်ချောင်လည်လည် နေနိုင်ခဲ့တယ်။
အမေက ကျမတို့ ညီအကို မောင်နှမ လေးယောက် တာဝန်နဲ့ အိမ်အလုပ်တွေ များပေမယ့်၊ သူဝါသနာပါရာ အပ်ချုပ်ဆိုင် အသေးလေး ဖွင့်ထားတယ်။ အဖေ့မှာ ဟိုခေတ်က ဘီအက်စ်အေ ဆိုင်ကယ် တစ်စီး ရှိပြီး ကျမတို့ မိသားစု ဘုစုခရုအားလုံး ဘယ်သွားသွား ဒီဆိုင်ကယ်ကြီး တဘုတ်ဘုတ်နဲ့ သွားကြတာပဲ။ အဲဒီအချိန်တွေက ကျမတို့ မိသားစုတွေ အတွက် တကယ့်ပျော်စရာ အချိန်တွေလေ။ ကျမက မောင်နှမတွေထဲမှာ အကြီးဆုံးပါ၊ အကောင်းဆုံး အချိန်တွေကော၊ အဆိုးဆုံး အချိန်တွေကို ကျမအားလုံး သိခဲ့ရတယ်၊ ရင်ဆိုင်ခဲ့ရတယ်။
၈၈၈၈ အရေးအခင်း ဖြစ်တော့ အဖေက အရပ်ထဲမှာ လူမှန်တစ်ယောက် ဆိုတော့ သူက ရပ်ကွက် ဦးဆောင်နေရာမှာ ပါခဲ့တယ်။ အရေးအခင်းပြီး ပါတီတွေ ဖွဲ့တော့လည်း သူကိုယ်တိုင် အန်အယ်ဒီ ပါတီဝင်ပြီး၊ ရပ်ကွက်ပါတီရုံးကို အိမ်မှာ ဖွင့်ပြီး၊ စည်းရုံးရေးမှူး လုပ်ခဲ့တယ်။ ၈၈၈၈ အရေးအခင်းက ကျမတို့ မိသားစုနဲ့ အဖေ့ကို အပြောင်းအလဲကြီး ပြောင်းလဲပေးခဲ့တယ်။ ကျမက အဲဒီတုန်းက ၁၄ နှစ်၊ ၇ တန်း ရောက်နေပြီ။
အိမ်ရှေ့က အမေ့ အပ်ချုပ်ဆိုင်နေရာလေး သာချန်ပြီး၊ အဖေ့ဝပ်ရှော့ရုံကတော့ ပါတီရုံးခန်း ဖြစ်သွားတယ်။ ဒီမိုကရေစီ မရမချင်း အိမ်စီးပွားရေးနဲ့ အိမ်ကိစ္စ အ၀၀ကို နင်ပဲ ဦးဆောင်တော့ ဆိုပြီး အမေ့လက်ထဲ အားလုံးလွှဲခဲ့တယ်။ မဲပေးပွဲ မတိုင်ခင် မဲဆွယ်ကာလ၊ မဲပေးပွဲကာလ၊ လွှတ်တော်ခေါ်ယူရေး စတဲ့စတဲ့ ကာလတွေကနေ နောက်ဆုံး ကျမတို့ ရပ်ကွက် အဖျက်ခံရတဲ့ အချိန်ထိအောင် အိမ်မှာ ပါတီရုံးဖွင့် လုပ်ဆောင်ခဲ့တယ်။ အရေးအခင်းကာလ၊ မဲပေးပွဲကာလ တက်ကြွခဲ့ကြတဲ့ အရပ်သူ၊ အရပ်သားတွေ တဖြေးဖြေး အရှိန်ကျလာသလို၊ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုက ကျမတို့ မိသားစု အပေါ် အတော့်ကို ဖိစီးခဲ့ပါတယ်။ ဒါပေမယ့် အဖေကတော့ ဘယ်တော့မှ သူ့ရပ်တည်ချက် အတွက် ဘာကိုမှ အလျှော့ မပေးခဲ့သလို ရပ်ကွက်ပါတီရုံး အတွက် ကြံ့ကြံ့ခံခဲ့တာ ၁၉၉၂ ခု မြို့တော်အင်္ဂါရပ်နဲ့ မညီတဲ့ ရပ်ကွက်တွေ ဖယ်ရှားဆိုတဲ့ ဆွမ်းကြီးလောင်းပွဲ အထိပါ။ (ကျမတို့ ရပ်ကွက်က မြို့တော်အင်္ဂါရပ်နဲ့ ညီယုံမက ကိုယ်ထူကိုယ်ထ လမ်းခင်းခဲ့တာ အရေးအခင်း မဖြစ်ခင်ကတည်းကပါ။ အရေးအခင်းမှာ တက်တက်ကြွကြွပါခဲ့တဲ့ အတွက် အစိုးရက အငြိုးထားခဲ့တာပါ။)
အမေက အဖေ ဘာလုပ်လုပ် ပြုံးပြုံးလေး ထောက်ခံနေခဲ့တယ်။ ဘယ်လို အခက်အခဲတွေ ရှိရှိ အပြုံးမပျက်၊ ထောက်ခံမှု မပျက်ပဲ၊ သူလုပ်စရာ ရှိတာကိုသာ လုပ်ခဲ့တယ်။ နောက်ပိုင်း အဖေ့ ၀င်ငွေမရှိ တော့တဲ့ ကာလမှာ အမေအပ်ချုပ်ဆိုင်ကနေပဲ မိသားစုအတွက် တာဝန်ယူခဲ့တာ မြို့သစ် မပြောင်းခင် အထိပါပဲ။
သူ့ဖောက်သည်ဟောင်းတွေ၊ မိတ်ဆွေဟောင်းတွေ လာရင် အဖေက ကျနော် ကားမပြင်တော့ဘူးဗျ၊ နိုင်ငံပြင်ဖို့ အလုပ် ကျနော် အခု လုပ်နေတယ်။ ခင်ဗျားတို့လည်း လုပ်ကြပါဗျာလို့ အမြဲ ပြောခဲ့တယ်။ နောက်ပိုင်း သူ့မိတ်ဆွေတွေ၊ တပည့်တပန်းတွေတောင် သူ့ကိုမြင်ရင် ဝေးဝေးက ရှောင်ကွင်း ကုန်ကြ တာပါ။
ကျမတို့တွေက မြို့သစ်တွေ တည်တော့ ပထမဆုံး ရွှေ့ခံရတဲ့ အသုတ်မှာ ပါခဲ့ပြီး၊ လယ်ကွက်ထဲ အိမ်ကွက် ဖော်ထားတော့ နွေဆို ဖုန်းတလုံးလုံး၊ အရိပ်အကာ မရှိ၊ မိုးဆို ဗွက်တောနဲ့ အိမ်ကွက်တွေမှာ ရေပြည့်နေခဲ့တယ်။ အိမ်ဖျက်ခံရတာ၊ နေရာသစ်က ဒုက္ခမျိုးစုံနဲ့ နဂို စက်ချုပ် အလုပ်တောင် အဲဒီမြို့သစ်မှာ ပြန်မစနိုင်တော့တဲ့ ဘ၀မှာ ဘယ်တော့မှ အပြုံးမပျက်ခဲ့တဲ့ အမေ စိတ်ဓာတ် ကျသွားခဲ့တာ နေရာသစ်မှာ ၃ လပဲ ကြာတယ်၊ အမေဆုံးခဲ့တယ်။ အဖေကတော့ သူ့ဝပ်ရှော့မှာ သုံးခဲ့တဲ့ ပစ္စည်းတွေ ထုခွဲပြီး၊ ရတဲ့ပိုက်ဆံနဲ့ အဲဒီမှာ အိမ်သစ်ဆောက်တယ်။ ၃ ထပ်အိမ်။ ဒီအိမ်က အပေါ်မှာ သွပ်မိုး၊ အောက်ဆုံး တစ်ထပ် အုတ်ထရံသာ တက်နိုင်ခဲ့ပြီး၊ အဲဒီကြားမှာ အမေဆုံးတဲ့ အတွက် ကျမတို့ အိမ်အသစ်က ဘယ်တော့မှ မပြီးခဲ့ပါဘူး။ ရပ်ကွက်ပြောင်းတယ်၊ အမေသေတယ် … ။
အခု ရပ်ကွက်အသစ်မှာ အဖေ ပါတီရုံးခန်း ဖွင့်ဖို့ လုပ်ပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။ ဒါနဲ့ ဆိုင်းဘုတ်ဟောင်းကို သူဖာသူ အိမ်သစ်မှာ ဇွတ်တင်ပေမယ့်၊ နေ့တောင် မဆိုင်းဘူး ရပ်ကွက်လူကြီးနဲ့ ရဲတွေ ရောက်လာပြီး အတင်းဖြုတ်ချခိုင်းတဲ့ အတွက် ကျမတို့တတွေ မျက်နှာလေးတွေ ငယ်နေတာကြည့်ပြီး အဖေ နောက်ဆုံး အလျှော့ပေးခဲ့တယ်။ ဒါပေမယ့် သူ့အလုပ်ခန်း အဖြစ် သုံးနေတဲ့ အလယ်ထပ်မှာတော့ အန်အယ်ဒီအလံ ခွပ်ဒေါင်းနဲ့ ကြယ်တပွင့်ကို နံရံမှာ ကပ်ထားပြီး ဒါတော့ ငါ့အိမ်၊ ငါ့နေရာ ဘယ်သူမှ အဖြုတ်ချမခံဘူးဟေ့ ဆိုပြီး ချိတ်ထားခဲ့တာ ကနေ့ အထိပါပဲ။
အဖေ့ကို နောက်ဆုံး ဖမ်းတာက ထမင်းရည် အမှုနဲ့ ဖမ်းတာပါ။ ကျမတို့ ရပ်ကွက်တွေမှာ ထမင်းရည် သောက်နေရပြီ၊ ဒါကို ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တရားပွဲမှာ သူသွားပြောပါတယ်။ သတင်းဌာနတွေမှာ ပါလာတယ်။ အဲဒီနေ့ လာဖမ်းတော့ အဖေမရှိပါဘူး၊ ကျမနဲ့ ကျမ အောက် မောင်လေး အကြီးပဲ ရှိပါတယ်။ အဖေ မရှိလို့ ဆိုပြီး သူ့ကို ခေါ်သွားပါတယ်။ နင့်အဖေကို ပြောလိုက် နင့်မောင် လွှတ်ပေးစေချင်ရင် သူလိုက်လာခဲ့လို့ ပြောပါတယ်။
နောက်နေ့ အဖေ ပြန်လာတော့ အဖေက ငါ့ကို ဖမ်းချင် ငါ့ကိုဖမ်းပေါ့၊ ငါ့သားကို ဘာလို့ ခေါ်တာလည်း ဆိုပြီး လိုက်သွားပါတယ်။ ဒါပေမယ့် မောင်လေး အကြီးကို သူတို့ ပြန်မလွှတ်ခဲ့ပါ။ သူ့ကို အန်အယ်ဒီရုံး လိုက်သွားခဲ့မှုနဲ့ စွဲချက်တင်တယ် ထောင် ၅ နှစ်ချတယ်။ အဖေ့ကိုတော့ ၅ည နဲ့ ထောင် ၅ နှစ်ချတယ်။ ပြီးတော့ သားအဖ နှစ်ယောက် တထောင်စီ ခွဲပစ်လိုက်တယ်။ မောင်လေးက အဲဒီတုန်းက ၁၆ နှစ် မပြည့်သေးပါဘူး။
မိုးမလုံ လေမလုံ အိမ်ကြီးနဲ့ ကျမရယ် မောင်လေးကြီး အောက်က၊ ညီမရယ်၊ အငယ်ဆုံး ညီထွေးလေးရယ် အိမ်မှာ ကျန်ခဲ့ပါတယ်။ ညီထွေးက အဲဒီတုန်းက ၁၂ နှစ်နဲ့ ၆ တန်း ကျောင်းသားပါ။ ကျမတို့ အဲဒီလို ကလေးတွေပဲ ကျန်ခဲ့တာတောင် ပတ်ဝန်းကျင်က ဘာမှမကူကြဘူး၊ လျစ်လျူ ရှုကြတယ်။ မောင်လေးနဲ့ ညီမလေးဆို ပတ်ဝန်းကျင်က လူတွေနဲ့ စကားမပြောရဲတော့ဘူး။ တစ်ယောက်ယောက် အိမ်ရှေ့က ဖြတ်ရင်ကိုပဲ ကြောက်နေကြတယ်။
အဖေ့ ညီမက စီးပွားကောင်းတယ်။ အဖေရှိစဉ်က ဘယ်တော့မှ အကူအညီ မတောင်းခဲ့ပေမယ့်၊ အဖေတို့ ထောင်ကျတဲ့နောက် ကျမ တစ်ယောက်တည်း ကျန်တဲ့သူတွေ ကြည့်ဖို့ မဖြစ်နိုင်တာနဲ့ အဒေါ်ကို အကူအညီတောင်းပြီး သူဆီမှာ ကျမ အလုပ်လုပ်တယ်၊ မောင်ထွေးကို ကျောင်းဆက် ထားတယ်။ ညီမလေးကိုတော့ တခြား ကျောင်းထားနိုင်တဲ့ အဖေ့မိတ်ဆွေ အိမ်မှာထားပြီး ကျောင်း ဆက်ထားပါတယ်။ (ကျမက အဲဒီအချိန်မှာ ဒုတိယနှစ် တက်နေရာကနေ ထွက်လိုက်ရတယ်။)
အဖေနဲ့ မောင်လေး ထောင်ကျ ၅ နှစ်မှာ ထောင်ဝင်စာ ၁ ကြိမ်စီပဲ သွားနိုင်ပါတယ်။ ဒါတောင် ဒေါ်လေး စီစဉ်ပေးလို့ပါ။ ဒါပေမယ့် အဖေ့နဲ့ တွေ့တော့ ကျမ စိတ်ဓာတ် အကြီးအကျယ်ကျပါတယ်။ ငါပြန်ထွက်လည်း ဒီနိုင်ငံရေးပဲ ဆက်လုပ်မယ်၊ နင်တို့လည်း နင်တို့ဟာ နင်တို့ ရှာစားကြ၊ ငါဆီ နောက်မလာနဲ့လို့ မှာပါတယ်။ အဖေ ထောင်ကျရင်တော့ သူစိတ်ပြောင်းပါရဲ့၊ ဒီနိုင်ငံရေး ဆိုတာကို စွန့်လွှတ်ကောင်းရဲ့လို့ ကျမ တွက်ခဲ့တာ တက်တက်စင် လွဲခဲ့လို့ပါ။ အဖေက သူပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူပါ။ ကျမလည်း ပြောခဲ့ပါတယ် ကျမ ထပ်မလာဘူးလို့၊ အားလုံး အဆင်ပြေတယ်လို့ ပြောပြီး ပြန်ခဲ့တယ်။
အဖေ့ မတိုင်ခင် မောင်လေး လွတ်လာတယ်။ သူလည်း အများကြီး ပြောင်းသွားတယ်။ အရင်က အဖေ့လက်စွဲက သူထောင်ကျတာ အဖေ့ကြောင့်လို့ ဆိုပြီး၊ အဖေနဲ့ နိုင်ငံရေး ဆိုတာကို စကားထဲ ထည့်ပြောလို့ မရလောက်အောင် ဖြစ်သွားတယ်။
အဖေ့လွတ်တာနဲ့ အိမ်ပြန်လာတယ်၊ နဂိုအတိုင်း အလယ်ထပ်ရဲ့ သူ့အလံတော်အောက်မှာ တိတ်ခွေတွေ၊ စာရွက်တွေနဲ့ တကုတ်ကုတ်ပါပဲ။ နဂိုနဲ့ မတူတာ ထောင်ထဲက ဒဏ်ကြောင့် ခြေတဖက် ဆွဲနေတယ်၊ ဒါပေမယ့် သူသွားစရာ ကိုးကျောင်းကိုးကျင် ကားခမရှိရင် ခြေကျင် သွားတာပါပဲ။ မိသားစုနဲ့ ပိုစိမ်းလာတယ်။ ဘယ်သူ့ အကြောင်းမှ သူမမေးတော့ဘူး။ မိတ်ဆွေ တစ်ယောက် အကူအညီကြောင့် စက်ဘီးလေး တစ်စီး ရလာတော့ လမ်းလျှောက်ရတာတော့ သက်သာသွားပေမယ့်၊ အပြင်မှာ သူ့လုပ်စရာတွေ ပိုတိုးလုပ်လာပြီး၊ အိမ်ဆို ညအတော်မှောင်မှ ပြန်လာပြီး၊ ဓါတ်ခဲ ရေဒီယို ကက်ဆက်ကလေး ဖွင့်လိုက်၊ ဖယောင်းတိုင်နဲ့ စာတကုပ်ကုပ် ချရေးလိုက် လုပ်တော့တာပဲ။ မနက်ဆို ပြန်ထွက်သွားတာပဲ။ သူအဲဒီစာတွေ လိုက်ဖြန့်တယ်လို့ သိရတယ်။
အမေဆုံးပြီးကတည်းက ကျမက အိမ်ထောင်ဦးစီးလို ဖြစ်ခဲ့တယ်။ အစစအရာရာ အားလုံး လုပ်ခဲ့တယ်။ အဖေ ပြန်လွတ်လာတော့ ကျမ စကားပြောဖို့ ကြိုးစားကြည့်ခဲ့တယ်။ သူနဲ့ကျမ ဘယ်လိုမှ ပြောလို့မရတဲ့ အခြေအနေ ဖြစ်လာခဲ့တယ်။ ပိုပိုဝေးလာတယ်လို့ ခံစားရတယ်။ သူဘယ်လို စားနေလဲ၊ သူဘယ်ကို ဘယ်လို သွားနေလဲ ဆိုတာကို ကျမ စိုးရိမ်ခဲ့တယ်၊ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ တခါတခါတော့လည်း အဖေ့ကို နာကျည်းမိတယ်။
ကျမ သူ့ကို စာတစ်စောင်ရေးခဲ့ပါတယ်။ အဲဒီလို စာမျိုး ဘယ်တော့မှ ထပ်မရေးတော့ပါ။
ဦးရေအေး ရှင့်-
ရှင့်
အလုပ်များ အရေးကြီးသည် ဆိုသော်လည်း၊ ရှင့် သားသမီးများ ဖြစ်သည့် ကျမ၊
မောင်လေးကြီး၊ ညီမလေး၊ ညီထွေးတို့ အကြောင်းကို ဘယ်နှစ်ခါလောက်
စဉ်းစားမိခဲ့သလဲ။ ကျမတို့ မောင်နှမတွေ ဒုက္ခအမျိုးမျိုး ရောက်ခဲ့တယ်၊
နေရာမျိုးစုံမှာ နေခဲ့ လုပ်ခဲ့ကြရတယ်။ ဒါတွေကို သိကော သိရဲ့လား။
သိသင့်တယ်လို့ ထင်ပါတယ်။ ရှင်ရှိနေသည့် အတွက် ပတ်ဝန်းကျင်က ကျမတို့ကို
စော်ကားသလို၊ အနှောက်အယှက် မျိုးစုံ ပေးကြတယ်။ ကျမတို့လည်း ကျမတို့
ခြေထောက်ပေါ် ကျမတို့ ရပ်နိုင်ပါပြီ။ ရှင် ကျမတို့ဆီမှာ မနေတာ ကျမတို့ကို
ကူညီရာ ရောက်ပါလိမ့်မယ်။
ခင်ဦး
ကျမ သိပါတယ် အဖေ့ အဲဒီစာကို ဖတ်ခဲ့သည်။ အဖေ ကျမကို ဘာမှ မပြောပါ။ သူနေမြဲ အတိုင်းသာ နေသွားတယ်။ သူ့အလုပ်ကိုသာ လုပ်သွားခဲ့တယ်။ သူနောက်ထပ် ထောင်ဒဏ် နှစ်ရှည်နှင့် ခရီးထပ် ထွက်သွားတယ်။
ကျမ အကြိမ်ကြိမ် စဉ်းစားတယ် အဖေဟာ လူကောင်း တစ်ယောက်ပါ။ ဖခင်ကောင်း တစ်ယောက် ဖြစ်ခဲ့တယ်။ သို့သော် သူလုပ်ချင်တာ လုပ်လို့ ကျမတို့ မိသားစု တစစီ ဖြစ်သွားခဲ့တာလား၊ ကျမတို့ နေထိုင်ရာ ပတ်ဝန်းကျင်ကပဲ ကျမတို့ကို တစစီ ဖြစ်အောင် လုပ်ခဲ့တာလား၊ နိုင်ငံရေးဆိုတာကြီးကပဲ မကောင်းခဲ့တာလား၊ အစိုးရဆိုသော လူပုဂ္ဂိုလ်များက လုပ်ခဲ့တာလား ဆုံးဖြတ်ပေးကြပါ။ ဘယ်သူ့ကို အပစ်တင်ရမှာပါလည်း။ ကနေ့ထိ ကျမ မဖြည့်နိုင်သေးတဲ့ အမေ့ဆန္ဒက အဖေ့ကို ဂရုစိုက်လိုက်ပါ ဆိုတာကိုပါ။ အဖေ ကျန်းမာပါစေ။
(နိုင်ငံရေးသမား တစ်ယောက်၏ မိသားစု ဖြစ်ရပ်ကို နိုင်ငံတကာ ဖခင်များနေ့ အတွက် ခံစားရေးသားပါသည်။)
ကျော်ဝင်း
ဇွန် ၁၈ ရက်၊ ၂၀၁၁ ခုနှစ်
Posted by
MrB
at
12:08 AM
0
comments
ဘောပင်လေး တစ်ချောင်း
ကျနော်ဆီမှာ စတီး ဘောပင်လေး တစ်ချောင်း ရှိတယ်။ ကျနော့် သူငယ်ချင်း
ခရီးရှည် တစ်ခု မထွက်ခင် နောက်ဆုံး နှုတ်ဆက်ချိန် သူကျနော့်ဆီ အပ်ခဲ့တာပါ။
သူကတော့ မင်းသုံးလိုက်တော့ ငါမလိုတော့ဘူးလို့ မှာခဲ့တာပါ။ ကျနော် အသေအချာ
သိမ်းထားပါ့မယ်၊ သူပြန်လာရင် ကျနော် ပြန်ပေးပါ့မယ်လို့ သူ့ကို အဲဒီတုန်းက
ကတိပေးခဲ့ပါတယ်။
အဲဒီဘောပင်လေး ကျနော် တခါတလေ ယူသုံးတတ်တယ်။
အမှန်ကတော့ ကျနော် အသေအချာ သိမ်းထားပါ့မယ်လို့ မှာပါရက်နဲ့
ထုတ်မသုံးသင့်ပါဘူး။ တစ်နေရာမှာ သိမ်းထားရမယ့် ပစ္စည်းပါ။ တစ်ခေါက် ရက်ရှည်
ကွန်ဖရင့် တစ်ခု တက်ရစဉ် အဲဒီဘောပင်လေးကို မှတ်မှတ်ရရ ယူသွားခဲ့မိတယ်။
ဖြစ်ချင်တော့ တစ်ရက် ရေးစရာရှိလို့ အဲဒီဘောပင်ကို ထုတ်ပြီး ရေးလိုက်မိတယ်။
အဲဒီမှာ ကျနော်နားမှာ ကျတဲ့ ကွန်ဖရင့် တက်ဖက် နိုင်ငံခြားသား တစ်ယောက်က
ဘောပင်မပါလာတော့ ကျနော် အားနာနာနဲ့ပဲ ပေးလိုက်မိတယ်။ ဖြစ်ချင်တော့ သူရော၊
ကျနော်ရော ဘောပင်လေးကို မေ့သွားမိတယ်။
ကျနော် အမှတ်ရတဲ့
အချိန် သူ့ဆီချက်ချင်း ပြန်ပြေး တောင်းတော့ သူက ခပ်ပေါ့ပေါ့ပဲ
ဘယ်ထားမိမှန်း မသိဘူးလို့ ပြောပါတယ်။ ဒါနဲ့ သူ့ကို စိတ်တော့ မရှိဖို့
တောင်းပန်ပြီး အဲဒီ ဘောပင်လေးရဲ့ ရာဇဝင်၊ အရေးကြီးတဲ့ အကြောင်းပြောကို
သူကို ပြောပြရပါတော့တယ်။ သူလည်း မျက်နှာထူပူ သွားပြီး ကျနော့်ကို
မျက်နှာငယ်ငယ်နဲ့ တောင်းပန်ရှာပြီး၊ ချက်ချင်း ရှာပါတယ်။ နောက်ဆုံး
သူ့အခန်းပြန်ရှာမှ ပြန်တွေ့တယ်။
ကွန်ဖရင့် တလျှောက်လုံး အဲဒီ
ဘောပင်လေးနဲ့ ပတ်သက်ပြီး ကျနော့်ကို တောင်းပန်တာ အကြိမ်ကြိမ်ပါ။
ကျနော်လည်း အခုလို ယူလာတာက ကျနော့် အမှားပါလို့၊ စိတ်ထဲ မထားပါဘူးလို့
သူ့ကို ပြန်ပြောပါတယ်။ ကွန့်ဖရင့်ပြီးပြီး နောက်ဆုံး နှုတ်ဆက်ချိန် သူက
ကျနော် အနားကပ်လာပြီး ဒီဘောပင်လေး အကြောင်း ငါစာရေးအုံးမယ်။ ဒီခရီးအတွက်
ဒီကိစ္စလေးက ငါ့အတွက် အမှတ်ရစရာ ဖြစ်ခဲ့တယ်တဲ့။
ဒီဘောပင်
ပိုင်ရှင်က အခု အင်းစိန်ထောင်မှာ အစာငတ်ခံတိုက်ပွဲဝင်နေတဲ့ ရန်နိုင် (ခေါ်)
ဥာဏ်ထွန်းလင်း ပါ။ ခင်တဲ့သူတွေက ဥာဏ်ကြီး၊ နောက်တော့ ဂျာကြီးဆိုပြီး
ခေါ်ကြတယ်။ သူနဲ့ ကျနော်က အထက်တန်းကျောင်း တစ်ကျောင်းတည်း ထွက်ပေမယ့်၊
အတန်းချင်းလည်း မတူ မြန်မာပြည်မှာလည်း လူချင်း မဆုံဘူးကြတော့ သူမရောက်ခင်
သူ့နံမယ်ကို သိရပေမယ့် အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့သည်။
သူနဲ့
စတွေ့တွေ့ချင်း စကားပြောမိတော့ အကြောင်းအရာတွေ၊ အလုပ်တွေ ပြန်ဆက်စပ်
ကြည့်မှ လူချင်း မဆုံခဲ့ပေမယ့် သူသိတဲ့သူ ကျနော်သိ၊ ကျနော်သိတဲ့သူ သူသိ
ဆိုတော့ စစချင်းမှာပဲ တစ်ယောက်ကို တစ်ယောက် ရဲဘော်ရဲဘက်လို
သတ်မှတ်ခဲ့ကြတယ်။ ကျနော်တို့ အဖွဲ့အစည်း တစ်ခုအောက်မှာ အတူတူ
အလုပ်လုပ်ခဲ့ကြတယ်။ သည်ထပ်ပိုရရင် ကြမ်းတပြေးတည်း အတူတူ အိပ်ခဲ့ကြသလို၊
တစ်စားပွဲတည်း၊ တစ်ပန်းကန်တည်း အတူတူ စားခဲ့ကြတယ် ဆိုရင် ပိုမှန်ပါတယ်။
ကျနော်တို့
တစ်ပတ် တစ်ကြိမ်ထုတ် သတင်းစာ တစ်စောင် လုပ်ကြတော့လည်း သူပါ
ပါလာခဲ့ပြန်တယ်။ အဲဒီမှာ သူက မန်နေဂျာ ရာထူးနဲ့ တောက်တိုမယ်ရ အကုန်လုံး
လုပ်တယ်။ သတင်းစာ ဖြန့်ချိရေး၊ သတင်းစာခ ကောက်ခံရေး ကနေ၊ အားလုံး စားဖို့
ဈေးဝယ်တာက အစ၊ လိုအပ်ရင် ချက်ပြုတ်တာ အထိ သူ လုပ်ဆောင်ခဲ့တယ်။ သူ့တာဝန်ကို
ထောင့်စေ့နေအောင် လုပ်ခဲ့ပါတယ်။ ပြည်ပမှာ ထုတ်တဲ့ သတင်းစာ တစ်စောင်ကို
အခြား အလှူရှင် ပံ့ပိုးမှုမရှိပဲ ရပ်တည်ရတာ အလွန် ခက်ခဲပါတယ်။ ဂျပန်မှာ
ရှိတဲ့ သူငယ်ချင်း တစ်ယောက်က သူ့လုပ်အားနဲ့ ရသလောက် ထောက်ပံ့လို့သာ
အဲဒီတုန်းက ထုတ်နိုင်ခဲ့တာပါ။ ဒီတုန်းက သတင်း စာစောင်ကြီးတွေ အလှူရှင်
ထောက်ပံ့ငွေနဲ့ ရပ်တည်နေကြပြီး၊ အခမဲ့ဖြန့်ဝေကြတာပါ။ သတင်းစာ ရောင်းရတဲ့
ဝင်ငွေနဲ့လည်း ရပ်တည်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီအချိန်က
သတင်းမီဒီယာတွေ အခုကာလလောက် ငွေကြေးထောက်ပံ့မှု မရကြသေးပါ။
သူ့ကို
မန်နေဂျာ ခန့်ထားတာ နေရာမှန်သည်ဟု ပြောရပါမယ်။ သတင်းစာဖိုး လစဉ်ရဖို့
တောင်းသည့် နေရာမှာ အားနာခြင်း မရှိသလို၊ မရရအောင်လည်း တောင်းတတ်သည်။
ကိုယ်တိုင်လည်း လိုက်ဖြန့် လိုက်ရောင်းသည်။ ဈေးဝယ်ရာမှာလည်း ထိုင်းစကား
မတတ်သော်လည်း ရအောင် ဈေးစစ်တတ်သည်။ ၂ ဘတ်ဖိုး၊ ၃ ဘတ်ဖိုးက အစ စစ်စီပြီး
ဝယ်တတ်သည်။ အဲဒါကတော့ သူအာရုံမှာ သူယူထားသည့် မန်နေဂျာ တာဝန်
မကျေမှာစိုးသည်၊ လိုအပ်နေသည့် စားရေးသောက်ရေး ကိစ္စအစ သူအပိုင်းကို
သူကာမိအောင် ကြိုးစားခဲ့သည်။ ဒါကြောင့်လည်း သူကို အားလုံးက ဂျာကြီးလို့
ခေါ်ဝေါ်ခဲ့ကြသည်။
သူက စကားပြောလျှင် ယဉ်ယဉ်ကျေးကျေးနှင့်
အမြဲပြုံးနေတတ်သည်။ အခြားသူနှင့် စကားပြောလျှင် အသေအချာ အာရုံစိုက်
နားထောင်လေ့ ရှိသည်။ စကား အများကြီး မပြော။ လိုအပ်သည့် ကိစ္စ အတွက်တော့
ရဲရဲဝင့်ဝင့် ပြောတတ်သည်။ မည်သူ့ကို မဆို စိတ်ရှည်လက်ရှည် လုပ်ပေးတတ်သည်။
တချို့ အားမလို အားမရ အခြေအနေ ကြုံရသည့် အခါတော့ ရေငုံနှုတ်ပိတ် နေတတ်သည်။
တခါ တခါတော့ ဆေးပေါ့လိပ်ကို ကိုက်ကာ တစ်ခုခုကို စိုက်ကြည့်ပြီး၊ တခုခုကို
စဉ်းစား နေတတ်သည်။ သူ့လုပ်စရာ ရှိတာကို ဘယ်တော့မှ မငြီးငြူ အောက်ခြေသိမ်းမှ
အစ လုပ်တတ်သည်။ စကားပြော သိမ်သိမ်မွေ့မွေ့နှင့် သီးခံစိတ် ကြီးသော်လည်း၊
မတရားသည့် ကိစ္စနှင့် သူ့ ခံယူချက် ရပ်တည်ချက် အတွက်တော့ ဘယ်တော့မှ
အလျော့မပေးတတ်ပါ။ ရဲဘော်ရဲဘက်၊ သူငယ်ချင်း မိတ်ဆွေတွေ အပေါ် အမြဲညှာတာ
တတ်သည်။
နောက်ပိုင်း သတင်းစာ ရပ်တော့ သူ့ရပ်တည်ရေး အတွက်
မရှက်မကြောက်ပဲ ညဈေးမှာ ထမင်းလိုက် ရောင်းခဲ့သည်။ ရေရှည်အတွက် သူနဲ့
စကားပြောမိတိုင်း၊ မြန်မာပြည်ထဲမှာ ရဲဘော်တွေ ရှိတယ်၊ အလုပ်တွေ ရှိတယ်၊
အဲဒီကို ပြန်မယ်၊ တခြား ရည်ရွယ်ချက် မရှိ၊ စာဆက် သင်ရန် မရှိလို့သာ
အမြဲပြောခဲ့သည်။ နောက်ဆုံး သူပြန်ရန် ဆုံးဖြတ်ချက် ကျသည်။ သူပြန်မည့်
အကြောင်း အားလုံးစီစဉ်ပြီးမှ ကျနော့်ကို တိုင်ပင်သည်။ စောပြီး
တိုင်ပင်ခဲ့လျှင် ကျနော် ကန့်ကွက်မည်ကို သူသိသောကြောင့် ဖြစ်သည်။ နောက်ဆုံး
သူနဲ့ ဆုံစဉ် အခုဘောပင်လေး ကျနော့် လက်ထဲ ထည့်ခဲ့ခြင်း ဖြစ်သည်။
သူပြန်ပြီး
တစ်နှစ်နီးပါး အကြာ ကျနော် မမျှော်လင့်ပေမယ့်၊ တစ်နေ့ ဖြစ်လာနိုင်တယ်
ဆိုတဲ့ သတင်းစကား ကျနော့်ဆီ ရောက်လာသည်။ ဥာဏ်ကြီးကို မိသွားပြီ။ နောက်တော့
စီရင်ချက်ချတာ သိရသည် ၂၂ နှစ်တဲ့။ သည်နောက်တော့ သူအင်းစိန်မှာပဲ ရှိနေသည်။
ထောင်ထဲမှာလည်း ခပ်မာမာပဲ ရှိသည်။ ထောင်ထဲမှ သူ့ကောင်း သတင်းများကိုသာ
ကြားခဲ့ရသည်။ အင်းစိန်ထောင် မေလ အစာငတ်ခံစာရင်းတွင် သူပါလာသည်။ အခု
တစ်ကြိမ်တွင်လည်း သူပါနေသည်။ သူ့အခု ထောင်သက် ၈ နှစ်ပြည့်တော့မည်။ အိမ်မှာ
မနေရပဲ ပြေးလိုက်၊ ပုန်းလိုက်၊ အတည်တကျ မနေခဲ့သည်က ၅ နှစ်။ အဲဒီ ၁၃ နှစ်က
ပြေးလိုက်ပုန်းလိုက် ဘဝ၊ ပြည်ပြေး ဘဝ၊ ထောင်ကျ ဘဝတွေ သူဖြတ်ခဲ့သည်။
ထုသားပေသား အတော်ခံခဲ့ရပြီး ဖြစ်သည်။
သူ့အကြောင်းများ ကျနော်
ကြားရသည့် အခါတိုင်း ကျနော် ဝမ်းမနည်းမိပါ။ သူ့အတွက် ဂုဏ်ယူနေမိသည်။
ယခုလို အစာငတ်ခံ ဆန္ဒပြမှုမျိုး ကြားရသည့် အခါတော့ စိုးရိမ်မိသည်။
မကြာမီ
ရက်များအတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ရှိသည်ဟု ပြောသည်။
သို့သော် သူအပါအဝင် ၁၅ ဦးက နိုင်ငံရေးအကျဉ်းသားများ လျှော့ရက်ရရေး
အစာငတ်ခံ တိုက်ပွဲဝင်တာ ၈ ရက်ကျော်ပြီ၊ ထောင်ဝင်စာ တစ်လ အပိတ်ခံရသည်တဲ့။
လွတ်မြောက်မည့်သူများထဲ သူလည်း ပါကောင်းရဲ့ဟု မျှော်လင့်နေသော်လည်း၊
အမျှော်လင့်ကြီး မမျှော်လင့်ရဲ။ ဆုံးဖြတ်ချက်က အာဏာပိုင်တွေ ဆီမှာသာ။
မြန်မာပြည်သား
တစ်ဦး ဖြစ်သည့် မိမိအနေဖြင့် တတ်နိုင်သည်က ယခု အစာငတ်ခံ ဆန္ဒပြမှု
ပြေပြေလည်လည်နှင့် အထိအခိုက် မရှိ အာဏာပိုင်များက ဖြေရှင်းပေးရန်၊
လျှော့ရက်များ ပြန်ခံစားခွင့်ရရန်။ အကျဉ်းသား အားလုံး လွတ်မြောက်ရန် အတွက်
တောင်းဆိုနိုင်သည်။ သည့်အတွက်လည်း ယခုစာဖြင့် တောင်းဆိုသည်။
ကျနော်
လက်ထဲတွင် တန်ဖိုး မဖြတ်နိုင်သော ဘောပင်တစ်ချောင်း ရှိနေသည်။
ယင်းဘောပင်ကို သက်ဆိုင်သူထံ ပြန်ပေးနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်တို့တွင်
တာဝန်ရှိသည်။ ဖြေရှင်းပေးကြပါ။
ကျော်ဝင်း
Posted by
MrB
at
10:55 AM
0
comments
Labels: Essay - KW
ကျနော်တို့ရဲ့ အတွင်းရန်
ထိုသူများတွင် နိုင်ငံရေး လုပ်သည့် အခါ လိုတဲ့အခါ ဆွဲတင်၊ မလိုတဲ့အခါ ရိုက်ချ၊ လိုတဲ့နေရာ ထုတ်သုံး စတဲ့ . စတဲ့ မရင့်ကျက်တဲ့ တွေးခေါ်မျှော်မြင်မှုမျိုးများနှင့် လုပ်ကိုင်နေကြသည်။ ဥာဏ်မကစား တတ်ကြတော့။ ဝှက်ဖဲနှင့်သာ ကစားတတ်ကြတော့သည်။ ထို အကျင့်ဗီဇများနှင့် နှစ်ကာလ ကြာမြင့်စွာ ရပ်တည်နေခဲ့ကြသည်။ ထိုသူတို့ ပတ်ဝန်းကျင်များကလည်း ထိုအကျင့်ကို ရှင်သန်ခွင့်ပေးသည်။ ရှက်ဖွယ်ကောင်းလှသည်။
ရန်ငါစည်းပြတ်ရမယ်။ ငါနဲ့မတူ ငါ့ရန်သူ၊ ရန်သူနဲ့ မိတ်ဖွဲ့သူ ငါ့ရန်သူ၊ ငါ့အပေါင်းအပါနဲ့ မတည့်သူ ငါ့ရန်သူ၊ ငါ့ငါနဲ့ အဆုံးမသတ်နိုင်သော ရန်သူပေါင်း မြောက်မြားစွာနှင့် ရှင်သန်နေထိုင်သည်။ ကိုယ့် ကိုယ်တွင်းမှာတောင် ကိုယ်နှင့်ကိုယ့်ရန်သူ တည်ဆောက်ပြီးသား ဖြစ်နေသည်။ နောက်ဆုံး ငါနှင့်ငါပင် အစေးမကပ်တော့။
နိုင်ငံရေးမှာ ပြည်သူကို အလေးထားရမယ်၊ ပြည်သူလူထုကို မစော်ကားရ။ သို့သော် ထို့သို့သော သူမျိုးများက သာမန်ပြည်သူလူထုကို အရပ်သားတွေပဲ အရပ်အတွေးပဲ တွေးမှာပေါ့ (နလဘိန်းတုံးတွေ)။ ဒါကြောင့် ပညာပေးရမယ်။ ငါတို့ ပြောတာ နားထောင်ရမယ်။ သူတို့ပြောချင်သမျှကို အဟုတ်အမှန် ပုံစံ အတည်ပေါက် ရေးတော့သည်။ ဒါကိုပဲ ပရိုပါဂန်ဒါ (ဝါဒဖြန့်ခြင်း၊ ဝါဒမှိုင်းသွင်းခြင်း) ဆိုတာ လုပ်ကို လုပ်ရမယ်။ ဒါမှငါတို့ လမ်းစဉ် ဆိုပြီး အတည် လုပ်လာသည်။ ကိုယ်လုပ်ချင်တာကို အတုံးလိုက်၊ အတစ်လိုက် ပေးတော့သည်။ နောက်ဆုံး ထိုသူတို့၏ စိတ်တွင်ပင် သူတို့ ညာဝါးခဲ့သည့် မှိုင်းက အမှန်ဖြစ်လာသည်။ ကိုယ့် ဆိုက်ဝါးနဲ့ ကိုယ်မရုန်းနိုင်သည့် အခြေကို စိုက်တော့သည်။ လုပ်သင့်တဲ့ အလုပ်ဟု ယုံယုံကြည်ကြည် လုပ်နေကြတော့သည်။ တကယ့် ပြည်သူက ဘယ်လိုမြင်သည် ဆိုသည့် အရှိတရား၊ ပကတိတရားကို မစဉ်းစားနိုင်ကြတော့။
အချို့ နိုင်ငံရေး၊ တော်လှန်ရေးကို လုပ်ကိုင်ခဲ့ဘူးတယ်၊ ပတ်သက်ခဲ့ဘူးတယ်၊ ပတ်သက် သလို မပတ်သက်သလို ရှိနေတယ် စတဲ့ စတဲ့ သူများကလည်း ငါတို့ လုပ်ခဲ့တာ၊ ငါတို့ စွန့်လွှတ်ခဲ့တာ၊ ငါတို့ ဘယ်လို ဖြတ်သန်းခဲ့တာ စတာတွေကို အမြဲ ဂုဏ်တင်ကာ ဘယ်သူ့ကိုမှ ထီမထင်တော့။ နင်တို့ နိုင်ငံရေးကို ဘယ်လောက် နားလည်လို့လဲ ဆိုသည့် အလုံးနှင့် ကိုင်ပေါက်တော့သည်။ နင်ထောင်ကျဘူးသလား၊ လက်နက်ကိုင်ဘူးသလား၊ တောခိုဘူးသလား၊ သပိတ်မှောက်ဘူးသလား စသည့် မဆုံးနိုင်သည့် ပေတံကြီးဖြင့် တိုင်းတော့သည်။ ထောင်မကျခဲ့ရတာကိုက အပြစ်၊ သပိတ်မမှောက်ဘူးတာကိုက အပြစ် ဖြစ်လာသည်။ ထိုသူများ နိုင်ငံရေး လုပ်ခဲ့တာ၊ ပတ်သက်ခဲ့တာ သည်လို လုပ်ဖို့ သက်သက် အတွက်များ လားလို့ သံသယ ၀င်မိသည်။
ကိုယ့်လုပ်ခဲ့တဲ့ အလုပ်ဟာ ယုံကြည်ချက်နဲ့ လုပ်ခဲ့ကြသလားလို့ ပြန်မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ ဘယ်သူကမှ စွန့်လွှတ် အနစ်နာမခံခိုင်းခဲ့ပါ။ နိုင်ငံရေး၊ တော်လှန်ရေး သမားများမှ စွန့်လွှတ်အနစ်နာခံရကြ ရသည် မဟုတ်ပါ။ လူတိုင်း ကိုယ်ယုံကြည်ရာ အပေါ် တနည်းနည်းဖြင့် စွန့်လွှတ် အနစ်နာခံကြရသည်။
ထိုသို့ ပြောဆို၊ လုပ်ကိုင်နေသူများကို တွေ့မြင်ရတိုင်း ကျနော့်တို့ ရန်သူလို့ ပြောသော သူများကဲ့သို့ပင် မြင်မိသည်။ ကျနော်တို့၏ ရန်သူများ တိုင်းပြည်နှင့်ချီပြီး ငါတကောကောခဲ့ကြသည် မဟုတ်ပါလော။ ငါတကောကောပြီး တိုင်းပြည်ကို ကျင့်ကြံခဲ့ကြသည် မဟုတ်ပါလော။ ထိုနည်း လည်းကောင်း ကျနော်တို့သည်လည်း အာဏာမရ၊ အာဏာမရှိသည်မှ လွဲ၍ ငါတကောကော ကောခဲ့ကြသည်။
ပြန်မေးခွန်း ထုတ်သင့်သည်။ ရိုးရိုးသားသားနဲ့ အခု ငါဘာလုပ်နေသလဲ၊ ငါဘာလုပ်နိုင်သလဲ၊ ငါဘာလုပ်ဖို့ လိုသလဲ၊ ငါ့ဘယ်နေရာမှာ ရှိနေသလဲ စဉ်းစားကြည့်ပါ။ ဘယ်သူအတွက်ပဲ လုပ်လုပ် အကျိုးရှိ ပါရဲ့လား။ ကျနော်တို့ကိုယ်ကို ကျနော်တို့ ဆန်းစစ် မဝေဖန်နိုင်သမျှ နှစ်ပေါင်း ၂၀ မကလို့ ၂၀၀၀ လည်း ဘာမှ မဖြစ်နိုင်ပါ။
ထိုသူများသည် ကျနော်တို့၏ အတွင်းရန်ဖြစ်သည်။ ရန်ငါစည်းလို့ ပြောရင် အတွင်းစည်း မိမိ ကိုယ်တွင်းကပင် ဖြစ်နေသည်။ ပြည်သူနှင့် ကမ္ဘာခြားစေတာ၊ နိုင်ငံရေးကို အမုန်းကြီး မုန်းစေခဲ့တာ ရန်သူ တဦးတည်း ဖျက်လိုဖျက်ဆီး လုပ်ခဲ့ခြင်း တခုတည်းကြောင့် မဟုတ်ပါ။ ကျနော်တို့ ကိုယ်တိုင် ဖျက်ဆီး၊ ပျက်စီး နေကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအတွင်းစည်းကို ရှင်းရန်လိုသည်။ လူထုဆန့်ကျင်ရေး လူထုကြားထဲ သွားပြောနေမှ မဟုတ် အွန်လိုင်းပေါ်က ပြောနိုင်သည်။ လူထု အကြည်ညိုပျက်မှုက အရင်လို အတွင်းအချင်းချင်း ကြိတ်ရှင်းနည်း ရှင်းမရနိုင်။
လူထုစည်းရုံးရေး စည်းရုံးရေး လို့ တွင်တွင်ပြောနေသော်လည်း ပြောသမျှ ဆွေးနွေးသမျှ၊ မှတ်ချက်ပေးသမျှ ထိုနိုင်ငံရေးနှင့် မကင်းသူများ ပြောကြ၊ ရေးကြသည်များက စည်းရုံးမှု မရှိယုံမက၊ အောက်တန်း တော်တော်ကျကြသည်ကို တွေ့ရသည်။ လက်ရှိ ရေးနေ၊ ပြောနေကြသော နေရာသည် သည်ကနေ့ မသိ နောက်တနေ့ သိနိုင်သည်။ ဘာဆိုတာ ညာဝါးလို့မရ၊ ဟိတ်ဟန် ထုတ်လို့မရ။ နိုင်ငံရေး၊ တော်လှန်ရေး မလုပ်ကြသူများသည် နလပိန်းတုံးများ မဟုတ်ကြပါ။ မိမိမိတ်ဆွေ အချင်းချင်းကြား ပြောသည့် စကားပင် တခြားသူများ အချိန်မရွေး သိနိုင်သည်။ ထို့ကြောင့် နင်ပဲငါစ မပြောသင့်တော့၊ ကိုယ်သိက္ခာကိုယ် ထိန်းရန် လိုအပ်သည်။ လူတစ်ယောက်က ဘာဆိုတာ ပြောနိုင်ဖို့ ဖေ့စ်ဘွတ်လို နေရာမျိုးမှာ ကောင်းကောင်း လေ့လာနိုင်သည်။ ဒီလူ ဘယ်လမ်း သွားနေတယ်၊ ဘယ်ကိုယိုင်နေတယ်ဆိုတာက အစ စောင့်ကြည့်နိုင်သည်။
ထိုသို့သော သူများနှင့် ကြုံကြိုက်ရခြင်း၊ ထိုသို့သော စာများကို ဖတ်မိရချင်းကပင် ဒေါသအမြတ် ကျန်ခဲ့စေသည်။ ကိုယ်ဆီကိုပါ အဆိပ်သင့် စေသည်။ လျှစ်လျူရှုထားခြင်းက ထိုသူများကို ရှင်သန်ခွင့်ပေးခြင်း၊ ကိုယ်ကိုယ်တိုင်က အလိုတူ အလိုပါပင်ဖြစ်သည်။
မြန်မာပြည်သူများကို စည်းရုံးချင်လျှင် အင်တာနက်ကို ကောင်းကောင်း အသုံးချနိုင်သည်။ နိုင်ငံရေးတွင် စိတ်ပါဝင်စားလာအောင်လည်း လုပ်ပေးနိုင်သလို၊ ရွံ့မုန်းသွားအောင်လည်း လုပ်ဆောင်နိုင်သည်။ ကဲ ကျနော်တို့ ဘယ်လမ်း ရွေးကြမှာတုန်း။ ကျနော်တို့ တော်လှန်ရေး ခရီးမဝေးသေးပါ သို့သော် နိုင်ငံရေး အသုံးချပြီး ငါတကောကော နေသူများအား ရှောင်ကွင်း ဖယ်ရှားရန် လိုအပ်သည်။
ယခု ကျနော်က ရည်ရွယ်ချက်ရှိ ခလုတ်တည့်တည့် တိုက်ခြင်းသာ ဖြစ်သည်။
ကျော်ဝင်း
Posted by
MrB
at
11:50 AM
0
comments
Labels: Thought - Kyaw Win
အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုနှင့် နောက်ဆက်တွဲ အတွေး
ဟိုးယခင်က အာဇာနည်ဗိမာန် မှာ အာဇာနည်ကြီးတွေ ရဲ့ ၀ိညာဉ်တွေ ကိန်းအောင်းနေတယ်လို့ မဆိုနိုင်ပေမဲ့ ဗိမာန်ရဲ့ ပိသုကာ ပုံစံနဲ့ အနေအထားဟာ အုပ်ဆိုင်းညှို့မှိုင်းလို့ သည်နေရာ သည်အုတ်ဂူတွေထဲမှာ တို့ရဲ့ ခေါင်းဆောင်ကြီးတွေ အေးအေးချမ်းချမ်း လှဲလျောင်းနေပါလားဆိုတဲ့ ခံစားမှုမျိုးကို ခံစားရစေပါတယ်။ လာရောက်ဂါရ ပြုသူတွေရဲ့ စိတ်မှာ လွမ်းဆွတ်မှု ကြေကွဲမှုတွေ ခံစားစေရတဲ့အပြင် အာဇာနည်ကြီးတွေ ရှေ့မှောက်ကို အမှန်တကယ် ရောက်ပြီး တိုင်းပြည်အတွက် မိမိတို့ လုပ်ဆောင်နေတာတွေကို တိုင်တည်နေရသလို ခံစားရစေပါတယ်။ သည်နေ့ အာဇာနည်ကုန်းက မိုးပျံနေတဲ့ ဆန်းပြားတဲ့ ပုံစံနဲ့ နေပူကျဲတဲအောက်က ရဲရဲတောက်တောက် အရောင်ခြယ်ထားတဲ့ ဗိုလ်ချုပ်တို့ရဲ့ ဂူဗိမာန်အသစ်ကြီးတွေကို မြင်တိုင်း မှာတော့ ဗိုလ်ချုပ်တို့ခမြာ သေပြီးတဲ့နောက်မှာတောင် မအေးချမ်းပဲ တိုင်းသူပြည်သားတွေရဲ့ ဒုက္ခအပူတွေကို ခံစားနေကြရပါလားလို့ တွေးထင်မိပါတယ်။
သည်နေရာမှာ အလျဉ်းသင့်လို့ သမိုင်းလက်ရာ တွေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ကျနော့်အမြင်ကို နည်းနည်း ပြောပြချင်ပါတယ်။ သမိုင်းယဉ်ကျေးမှု အမြင်ရှိတဲ့ နိုင်ငံတွေမှာ သူတို့ရဲ့ ရှေးဟောင်းလက်ရာတွေကို ပြုပြင်ထိန်းသိမ်းရာမှာ အဆောက်အဦ ရေရှည် ခိုင်ခံရေုးကိုသာမက အခြား အချက်အလက်တွေကိုပါ လေ့လာကြည့်ရှုပြီးမှ ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများကို အသေအချာ စီမံကန်းချ ဆောင်ရွက်ကြပါတယ်။ သည်အဆောက်အဦတွေဟာ ဒေသခံတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေရှိသလဲ၊ သူ့ရဲ့ သမိုင်းဆိုင်ရာ အရ အသစ်ပြင်သင့်သလား၊ အဟောင်းအတိုင်းပဲ ထိန်းသိမ်းထားသင့်သလား၊ ပြုပြင်လိုက်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ပြောင်းလဲသွားစေမလဲ အသေအချာလေ့လာကြပါတယ်။ စိတ်ထင်တိုင်း လုပ်ချင်သလို လုပ်ခွင့်မရှိပါဘူး။ မြန်မာပြည်မှာတော့ ပညာရှင်တွေ မရှိလို့တော့ ဟုတ်မယ်မထင်ပါ။ ပညာရှင်တွေ ပြောခွင့် ဆိုခွင့် လုပ်ခွင့် မရပဲ အာဏာရှင်များသာ လုပ်ချင်တာ လုပ်ခွင့်ရနေလို့ သမိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရပါတယ်။
သာဓကတွေ အနေနဲ့ပြောရရင် ပြည်မြို့နားက မှော်ဇာမြို့ဟောင်းတ၀ိုက်မှာရှိတဲ့ ဘောဘော၊ ဘဲဘဲ ဘုရားတို့ကို ဗိုလ်ချုပ်နေ၀င်း ခေတ်က ထီးတင်ခဲ့ကြပါတယ်။ တကယ်တော့ အဲသည်ဘုရားတွေဟာ ဗုဒ္ဓဘာသာ အယူအဆနဲ့ တည်ထားခဲ့တဲ့ ဘုရားတွေ မဟုတ်ခဲ့ဘဲ ဟိန္ဒူကိုးကွယ်ယုံကြည်မှု အရ တည်ထား ခဲ့တာတွေ ဖြစ်လို့ ထီးတင်လိုက်တဲ့ အတွက် အံမ၀င်ဂွင်မကျ ဖြစ်သွားခဲ့ပါတယ်။
ဧရာဝတီ မြစ်ကမ်းနဖူးမှာရှိတဲ့ ဗူးဘုရားမှာလည်း နဂိုက ထုံးဖြူဘုရား ဖြစ်ခဲ့ပြီး၊ ပြန်တည်ထားတဲ့ ဘုရားဖြစ်လို့ သမိုင်းတန်ဖိုးရှိမရှိ မသိပါ။ သို့သော် ရေကြောင်းပြ အဖြစ် ဒေသဆိုင်ရာရေလမ်းခရီး သွားလာမှုမှာ အလွန်အသုံးဝင်ခဲ့ပါတယ်။ သို့သော် ယခု ရွှေချထားတာကြောင့် အလင်းပြန်နေပြီး ရေကြောင်းပြအဖြစ် မည်သို့မျှ အသုံးမဝင်တော့ပါ။
ပုဂံဘုရားများ ပြင်ဆင်ရေးအတွက် ၀န်ကြီး၊ ၀န်ကလေး အဆင့်ထိ မဲစနစ်နဲ့ ဝေခဲ့ပြီး အထောက်အထားမရှိ စိတ်တိုင်းကျ ပြင်ဆင် ရွှေချ ထီးတင် လက်ရှိ ဗိုလ်ချုပ်ကြီးတို့ နာမည်တွေ ကမည်းထိုးကာ သမိုင်းအထောက်အထား များကို ဖျက်ဆီးပစ်ခဲ့တာလည်း အားလုံးအသိပါ။`ပုဂံဒေသ ယဉ်ကျေးမှု ရှေးဟောင်းမြို့တော်လို့ ခြံခတ် သတ်မှတ်ပြီး ဘုရားကြို၊ ဘုရားကြား နေသူတွေကို ပုဂံမြို့သစ်ကို ရွေ့ပြောင်း ခံခဲ့ကြရပါတယ်။ ပြီးတော့ အဲသည် ခြံဝင်းအတွင်းမှာပဲ ခေတ်မီနိုင်ငံတကာ ဂေါက်ကွင်းနှင့် နန်းမြင့်မျှော်စဉ်၊ အထပ်မြင့် ပြတိုက်တစ်ခု ဆောက်ခဲ့ပါတယ်။ ကတ္တရာပတ်လမ်း တစ်ခုလည်း ဖောက်ခဲ့ပြန်ပါတယ်။ ပုဂံဒေသဟာ နဝတ၊ နအဖ လက်ထက်မှာ အဓမ္မကျင့်ခံခဲ့ရတဲ့ အခြေကို ရောက်ခဲ့ရပြီး ရှေးဟောင်း အငွေ့အသက် ဘုရားအို ဂူဟောင်းတို့က ရမဲ့ ပုဂံခေတ်ရဲ့ ၀ိညာဉ်တွေကို ဘာတစ်ခုမှ ဖမ်းယူခံစားလို့ မရတော့ပါဘူး။ ပုဂံခေတ်သစ် ယဉ်ကျေးမှုမြို့တော်လို့တောင် အမည်သတ်မှတ်ရမည့် အခြေရောက်ခဲ့ပါတယ်။
ကျိုက်ထီးရိုးဘုရားမှာလည်း တောင်ပေါ် တိုက်ရိုက်တက်တဲ့ ကားလမ်း ဖောက်ပါတယ်။ စေတီပတ်လည် အကြီးစားပြင်ဆင်မှုတွေလည်း လုပ်ပြန်ပါတယ်။ သာမန်အမြင်နဲ့ ကြည့်ရင်တော့ အော် အားလုံးလွယ်လွယ်ကူကူရောက်အောင် တိုးတက်အောင် လုပ်နေတယ်လို့ မြင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သမိုင်းဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စဉ်းစားလျှင်တော့ ပြောင်းပြန် အဖြေထွက်ပါတယ်။ နောက်ပြီး ကျိုက်ထီးရိုးဘုရားဖူးရတဲ့ အဓိက ခံစားချက်ကိုလည်း ပြင်ဆင်မှုလုပ်တဲ့ သူတွေက နားလည်ပုံမရပါဘူး။ အရင်က ကျိုက်ထီးရိုးဘုရားဖူးတို့ဟာ အုပ်ဆိုင်းစိမ်းစိုနေသော သစ်ပင် တောတောင် လျှိုမြောင် တို့ အလယ်မှ ရွှေရောင် ကျောက်တုံးကြီးနှင့် ကျိုက်ထီးရိုးဘုရားကြီးကို ခပ်လှမ်းလှမ်းမှာ ဖူးမြင်လိုက်ရရင်ပဲ မောပန်းသမျှတို့ ပြေပျောက်ကာ ကြည်နူးလန်းဆန်းသွားတဲ့ ခံစားမှုဟာ ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်၏ အဓိက ခံစားချက်ပင်ဖြစ်ပါတယ်။
တောတောင်အလယ်မှာ အထူးအဆန်း တည်ရှိနေတဲ့ ဘုရားကြီးကို အပင်ပန်းခံ လာရောက်ဖူးခွင့်ရတဲ့အတွက် မိမိတို့ ရဲ့အားထုတ်မှု ကို ကျေနပ်ပီတိဖြစ်ရသလို တောတောင်လျှိုမြောင်တို့၏ သဘာဝ အရသာဟာ မြို့ပြနေသူတို့အတွက် အဖိုးတန်လှတဲ့ အတွေ့အကြုံမျိုးဖြစ်ပါတယ်။
နောက်ထပ် အဆိုးဆုံး လုပ်ရပ်များ ဖြစ်တဲ့ ရှမ်းလူမျိုးနှင့် မြန်မာနိုင်ငံသမိုင်းအတွက် အရေးကြီးသော ကျိုးတုံဟော်ကို ဖျက်ပစ်ပြီး ဟော်တယ် အသစ်ဆောက်ခဲ့တယ်။ သီပေါဟောကို ချိတ်ပိတ်ထားတယ်။ ညောင်ရွှေဟော်ကို ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းခဲ့ပြန် ပါတယ်။
ရွှေတိဂုံ အနောက်ဖက်မုခ် ညာဖက်ရှိ ဂဋ္ဌုန်ဦးစော ကောင်းမှုဘုရားမှ ကမ္ပည်းကို အကြိမ်ကြိမ် ပြင်ဆင်မှု၊ ယခင်ဖယ်ရှားခံရသူများ၏ ကောင်းမှု စာတမ်းမျိုးကိုပင် မထား ဖယ်ရှားခိုင်းမှုတွေ တွေ့ရတယ်။ ယင်းသို့ကိစ္စမျိုးများ မလုပ်အပ်ပါ။ အလွန် သေးသိပ်သည့် လုပ်ရပ်မျိုးဖြစ်သည်။
အာဏာရှင်ဆိုတာ အာဏာကို ထိပါးနိုင်သည့် အရာမှန်သမျှ ဖယ်ရှားတတ်တယ်။ ဒီအထဲမှာ လူပုဂ္ဂိုလ်မဆိုထားနဲ့ ယင်းပုဂ္ဂိုလ်နှင့် သက်ဆိုင်သည့် အထိမ်းအမှတ်၊ မှတ်တမ်း မှတ်ရာတောင် မကျန်အောင် ဖျက်ဆီးပစ်တတ်လေ့ ရှိတယ်။ ဒါကို အာဏာရှင်ထဲမှာမှ အဆင့်အနိမ့်အကျဆုံး အာဏာရှင်မျိုးက လုပ်တတ်တယ်။ "ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန်" အပြတ်ရှင်းလေ့ ရှိတဲ့ အစဉ်အလာ အာဏာရှင်တို့ရဲ့ အသွေးအသား ထဲမှာ ရှိနေကြ သလား။ သမိုင်းကိုပြန်ကြည့်လျှင် အချို့သော ဘုရင်တို့သည် အခြားတိုင်းရွာများကို သိမ်းယူလျှင်လည်း ရေရှည်ကို မစဉ်းစားမဆင်ခြင်ပဲ ရသမျှ အကုန်ယူ ရွာပျက်၊ မြို့ပျက် ချန်ထားခဲ့ကြသည်။ ယင်းဒေသရှိ လူမျိုးတို့တွင်လည်း လူမျိုးပြုန်း သတ်ဖြတ်မှုမျိုး ကျူးလွန်ခဲ့ပြီး သမိုင်းနှင့်ချီ၍ ခံစားချက်များ ချန်ထားရစ်ခဲ့သည်။
ယင်းခေတ် အခြေအနေ အရ တနေရာမှ တနေရာ သိမ်းယူခြင်းမှာ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်မှုမှာ စာမဖွဲ့လောက်သော်လည်း သမိုင်းနှင့် ချီ၍ ချန်ထားခဲ့သော အနာများမှာ အရှည်ကို မကြည့်ခဲ့ကြဟု သည်နေရာမှာ ဆိုချင်ပါသည်။ ကိုလိုနီ ကျွန်ပြုမှုကို ထောက်ခံရေးသားနေ သကဲ့သို့ ထင်မြင်စရာ ဖြစ်လာပါသည်။ ကိုလိုနီကျွန်ပြုသူ ဖြစ်လျှင်တောင် အဆင့်အတန်း ရှိသော၊ ယဉ်ကျေးမှု ရှိသော၊ အရှည်ကို ကြည့်သော လူမျိုးသာ ဖြစ်စေသင့်ကြောင်း ရည်ညွှန်းပါသည်။
အာဇာနည်ဗိမာန်အကြောင်းကို ပြန်ဆက်ရရင်တော့ ဒီအကြောင်းအရာကို ရေးဖို့ ခေါင်းထဲမှာ ပေါ်နေတာတော့ ကြာပါပြီ၊ အခုမှ တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်ကုန်း ဗုံးပေါက်တဲ့ ယူကျူ့ဗီဒီယိုဖိုင်ကို ကြည့်ပြီး ရေးဖို့ ပိုသေချာ သွားပါတယ်။ အဲဒီထဲမှာ ဗုံးကြောင့် အာဇာနည်ဂူဗိမ္မာန်များ ထားရာ အဆောက်အအုံ တစ်ခုရဲ့ ခေါင်းမိုး အလယ်ပိုင်းကနေ ပြိုကျသွားတာ တွေ့ရပါတယ်။ သို့သော် အဆောက်အဦ တစ်ခုလုံး ဘုံးဘုံးလဲ ပြိုကျသွားခြင်း မဟုတ်ပါ။ ဗုံးအဓိက ထောင်ထားသော နေရာရှိ အုတ်ဂူများ အပျက်အဆီး အထိအခိုက်များ ရှိမည် ဖြစ်သော်လည်း အပျက်အဆီးများ ကြားတွင် ဆက်လက် တည်ရှိနေသေးသည်ကို ယင်း ဗီဒီယိုတွင် ထင်ထင်ရှားရှား တွေ့ရပါသည်။
ထို့ကြောင့် မူလ ဗိမ္မာန်ကို တစမကျန် ထပ်မံဖျက်ဆီးပစ်ပြီး ကွင်းခေါင်ခေါင်တွင် အုတ်တံတိုင်း နီနီကြီးဖြင့် အစားထိုးပစ်သည်ကို ဘဝင်မကျ ဖြစ်ရပါသည်။ ယင်း အာဇာနည်ဗိမ္မာန်သည် တတိုင်းပြည်လုံးနှင့် ဆိုင်သော၊ ပိုင်ဆိုင်သော ရတနာ တစ်ခုဖြစ်ပြီး အကယ်၍ မြန်မာပြည်သာ ယင်းအချိန်က လွတ်လပ်စွာ ပြောဆိုခွင့်ရသော ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ခဲ့ပါက ယင်းအဖြစ်သို့ ရောက်နိုင်မည် မဟုတ်ဟု မုချ ယုံကြည်မိပါသည်။ ဒီမိုကရေစီ ရှိသော နိုင်ငံတစ်ခုတွင် အများပြည်သူနှင့် ဆိုင်သော ကိစ္စမှန်သမျှ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးရပါသည်။ အစိုးရလုပ်ချင်သလို လုပ်ခွင့်မရပါ။
၁၉၈၃ သည် အာဏာရှင်ကြီး ဗိုလ်ချုပ်နေဝင်း လက်ထက်ဖြစ်ခဲ့ပြီး၊ ယင်းအချိန်က ယခုကဲ့သို့ ပြင်ဆင် ဆောက်လုပ်ခဲ့မှုကို မည်သူကမျှ စောဒက တက်ခဲ့ကျမည် မထင်ပါ။ သို့သော် ယင်း ဗိမ္မာန်အဟောင်းသည်သာ တကယ့် သမိုင်းတန်ဖိုး အစစ်အမှန် ဖြစ်ပြီး၊ အစားထိုး တည်ဆောက်ခြင်းသည် သမိုင်းကို ဖျောက်ဖျက်ခြင်း၊ တိုင်းပြည်အတွက် အရေးကြီးသော ပုဂ္ဂိုလ်များ၏ နေရာ ဖြစ်သည့် အတွက် အခွင့်အရေးရသည်နှင့် ဖျောက်ဖျက်ခြင်း ဖြစ်နိုင်သည်ဟု ထပ်တိုးစဉ်းစား မိပါသည်။ (ယင်းကိစ္စများကို ယင်းအချိန်က တာဝန်ရှိသူများသာ အသိဆုံး ဖြစ်ကြပါလိမ့်မည်။)
အာဏာရှင်များကို ခပ်ဝေးဝေး သာဓက ပေးစရာ မလိုပါ။ ယင်း အာဇာနည်ကုန်း ဗုံးအခွဲခံရစဉ်လာသော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်မှာလည်း ၁၉၈၀ တွင် အာဏာသိမ်းတက်လာသော စစ်အာဏာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၀ မေလ ၁၈ ဂွမ်ဂျူး အရေးအခင်းတွင် လူများ ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၃ ခုသည် အာဏာသိမ်းပြီး ၃ နှစ်အကြာ ဖြစ်၍ မြန်မာပြည် အာဇာနည်ကုန်းတွင် မြောက်ကိုရီးယား တို့၏ ယင်းလုပ်ကြံမှုမှ လူထု ထောက်ခံမှုရရန် ပြန်လည် အမြတ်ထုတ်နိုင်ခဲ့ပါတယ်။
သူ့အရင် သမ္မတ ပတ်ချုံဟီးသည်လည်း ဂျပန်စစ်ပြန် တစ်ဦးဖြစ်ခဲ့ပြီး ဖတ်ဆစ်စနစ်ကို မျိုးစေ့ချခဲ့ပါတယ်။ ပတ်ချုံဟီးဟာ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ သူ့မိန်းမကို တောင် လုပ်ကြံခိုင်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသည်။ ၁၉၇၉ မှာ သူရဲ့ လူယုံ ထောက်လှမ်းရေး အကြီးအကဲကပဲ သူ့ကို လုပ်ကြံ သတ်ဖြတ်ခဲ့ပြန်ပါတယ်။
အာဏာရှင်တွေ အကြား နေရာ၊ အာဏာအတွက် အချင်းချင်း ဖယ်ရှားဖို့ ၀န်မလေးသလို၊ သူတို့ စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်တက်ကျတယ်။ ဒါကြောင့် အာဇာနည် ဗိမ္မာန် ကိုလည်း ဖျောက်ဖျက်ပစ်လိုက်တဲ့ အမှုမျိုး ပြုလုပ်ခဲ့တယ်လို့ ကျနော်ယုံကြည်မိပါတယ်။
မြန်မာပြည်အတွက် အရေးကြီးသော ပုဂ္ဂိုလ်တွေကိုတောင် သည်လို ဖျောက်ဖျက် မှေးမှိန်စေသော အမှုမျိုးပြုရက်သည် ဆိုလျှင် ကမ်းကုန်ပြီ ဖြစ်၍၊ ကျန်သည့် ကိစ္စများတွင် မည်မျှ ဆိုးဝါးစွာ လုပ်ဆောင်ကြမည်ကို စာဖတ်သူတို့ တွေးကြည့်နိုင်ကြမှာပါ။
အာဇာနည်တို့ကို အပျောက်ရှင်းကာ အုတ်တံတိုင်း နီနီတစ်ခု ပြုလုပ်ပေးခဲ့သည်။ အာဇာနည်ကုန်း အထက်တွင် သူရဲကောင်းဗိမ္မာန် ဆိုပြီး ဗမာအယူအရ နာမ်နှိမ်သည့် သဘော ထပ်ဆောက်သည်။ ထိုသူရဲကောင်း ဗိမ္မာန်ရှိ သူရဲကောင်းများသည် ကိုယ့်တိုင်ရင်းသား အချင်းချင်း တိုက်ခိုက်ခဲ့သော သူရဲကောင်းများ ဖြစ်ကြသည်။
အာဇာနည်နေ့ဆိုသည်မှာလည်း တနှစ်တခါ ၀တ်ကျေတန်းကျေ တဖြေးဖြေးအကျဉ်းချုံးလာခဲ့ပြီး နောင်ဆို ရှိတော့မည် မဟုတ် (သို့မဟုတ်လည်း) အာဇာနည် အသစ်အဖြစ် လက်ရှိ ဗိုလ်ချုပ်မှူးကြီး တစ်ဦးသေဆုံးသည့် အခါ သတ်မှတ်ကောင်း သတ်မှတ်နိုင်သေးသည်။
ထိုသို့သော သူရဲကောင်းများဖြင့် တိုင်းပြည်အုပ်ချုပ် နေသရွေ့ ကျနော်တို့ ကံဆိုးမိုးမှောင် ကျနေအုံးမည် ဖြစ်သည်။ စစ်အာဏာရှင်အောက် အာဇာနည်နေ့များသည် အဓိပ္ပါယ် အနှစ်သာရ ကင်းမဲ့နေမည်သာ ဖြစ်သည်။
Posted by
MrB
at
2:38 PM
5
comments
Labels: Essay - KW
April Fools and I
ဧပရယ်ဖူးနဲ့ ဆုံရခြင်း
ကျုပ်တို့ကျောင်းက လွင်တီးခေါင်ခေါင် ပတ်ကြားအက်မှာ ရှိတယ်ဆိုတော့ မတ်၊ ဧပြီ နှစ်ဝက်စာမေးပွဲက ဘယ်လောက် ညစ်ထေးပူလောင် စုတ်ပြတ်နေမယ် ဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ အဲဒီ ညစ်ထေးထေး ပူလောင်ရတဲ့ ခံစားချက်များနဲ့အတူ ကျုပ်ဧပရယ်ဖူးကို ဒီနေ့ ပြန်တွေ့ခဲ့ပါသည်။
ကျောင်းမှာ ရေကန်တစ်ခု ရှိတယ် သိပ်ပြီး လွမ်းမောဖွယ် ကောင်းတယ်။ ဘယ်လောက် ကောင်းသလဲ ဆိုရင် ပေ ၅၀ သာသာ ရေကန်ဘေးမှာ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်ဆိုသလိုဘဲ မိုးရွာရင်တောင် သူ့ကိုမလဲအောင် အမိုးမိုးပေရမယ့် မြေပေါက်ပင် တစ်ပင် ရှိသတဲ့။ အဲဒီအောက်တည့်တည့် မှာ ခနော်နီခနော်နဲ့ ချစ်သူတွေ ထိုင်ဖို့ ခုံတန်းလျားလေး တစ်ခု ရှိနေလေရဲ့။ ကျုပ်တို့ ကျောင်းက သူများ လယ်တွေသိမ်း ဆောက်ခဲ့တာ ဆိုတော့ ရေကန်ကလည်း နွားရေသောက်တဲ့ ရေကန် ဖြစ်ပါလိမ့်မယ်။
သိပ်အထင်သေး မသွားပါနဲ့ ကျုပ်တို့ စာသင်ရတာက သုံးထပ်ကျောင်းတွေကြီးဘဲ။ သင်ထောက်ကူ ပစ္စည်းကတော့ တကယ့်ရှယ်ပါ။ လိုအပ်တာ အကုန် အပြင်မှာ ဝယ်ရင်ဝယ်၊ ကျောင်းမှာ ဝယ်ရင်တော့ တရုတ်တောင် ကောင်းကောင်းမရဘူး။ လေ့ကျင့်ဖို့ စက္ကူကြီးကြီးဆို ဘားပြာအချပ်ကြီးတွေ ရှိတယ်။ စာကြည့်တိုက်မှာ ထူးထူးခြားခြား တွေ့ရတာက စာရေးစားပွဲ တစ်ခုလုံး အပြည့်ရှိတဲ့ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓါန်ကြီး တစ်အုပ်ရှိတယ်။ ဘယ်လောက်ကြီးလည်းဆို စာအုပ်ဖွင့်ဖို့ ပိတ်ဖို့ အနည်းဆုံး အားကောင်း မောင်းသန် ယောက်ျားကြီး တစ်ယောက် ရှိဖို့ လိုအပ်သတဲ့။ ခတ်တာက အဲသည့်မှာက ကျုပ်တို့ လေ့လာရမယ့် ဘာသာရပ်ဆိုင်ရာတွေ တော်တော်ရှားတာပါ။ ကျုပ်တို့ကျောင်းကို အဲဒီတုန်းက ဂျပန်ကတို့၊ တရုတ်ကတို့ လှူတာတွေ သတင်းစာထဲ ပါပါလာတာတော့ တွေ့ရသတဲ့။
ကျုပ်တို့ ရှိတုန်းကတော့ စာသင်ဆောင် နှစ်ဆောင်ပဲ ကြီးကြီးမားမား ရှိတယ်။ သုံးထပ်ကျောင်းဆောင်ကြီး နှစ်ဆောင် လယ်ကွင်းခေါင်ခေါင်မှာ ဟီးလို့ပေါ့။ စာပေပညာဌာနနဲ့၊ နည်းပညာဘာသာရပ်ဌာနလို့ နှစ်ဆောင်ခွဲထားတယ်။ စာပေဌာနကတော့ ကျုပ်တို့ကို စာပေဗဟုသုတတွေ ပိုမိုပြည့်စုံအောင် ၉တန်း၊ ၁၀တန်းမှာ အင်္ဂလိပ်လို သင်ခဲ့ရတဲ့ သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲ၊ သင်္ချာဘာသာတို့ကို မြန်မာလို ပြန်ပြီး သင်ခဲ့ရသတဲ့။ တော်သေးတာက အင်္ဂလိပ်စာကို အင်္ဂလိပ်လိုပဲ သင်ရလို့။ အဲဒါတွေကို မိုင်နာဘာသာရပ်များလို့ သတ်မှတ်တယ်။ ပြဿနာက ကျုပ်တို့ အထက်တန်းမှာ အင်္ဂလိပ်လို နားလည်လည် မလည်လည် အော်ကျက်ခဲ့ရတဲ့ အင်္ဂလိပ်လိုတွေကို မြန်မာလို ပြန်သင်ရတာက တကယ့်ဒုက္ခကြုံတာပါ။ နောက်ဆုံးနှစ်အထိ ကျုပ်တို့ အရင် စီနီယာတွေ သင်ခဲ့ရတယ် ဆိုသတဲ့။ ဒီတုန်းက ကိုယ့်ကိုကိုယ် ထင်ခဲ့တာ အတော်သနားစရာ ကောင်းတဲ့ သတ္တ၀ါပေါ့။
ကျုပ်နားမလည်တာ ဘာကြောင့် သည်မိုင်နာ သင်ရိုးတွေကို ဘယ်ဉာဏ်ကြီးရှင်က ထည့်ခဲ့တာလဲ ဆိုတာပါ။ အဲဒီတုန်းကတော့ နိုင်ငံတကာက ကျောင်းများလည်း ကျုပ်တို့ ကျောင်းတော်ကြီးလို လုပ်နေကြသလားလို့ တွေးထင်ခဲ့မိသေးတယ်။ ကပ်ကပ်သပ်သပ် ထပ်စဉ်းစားတာ ဥပမာ ဓာတုဗေဒဆို ကျုပ်တို့ ပန်းချီသမားတွေ၊ ပန်းပုသမားတွေ ဆေးပစ္စည်းတွေ ထွင်လို့ရအောင်၊ ရွံ့ကို ပိုအချိုးအစားကြအောင် လုပ်နိုင်ဖို့ အတွက်လား။ ဂီတသမားဆိုလည်း ရူပဗေဒက သူတို့ ဆိုတီးလိုက်တဲ့ အသံလှိုင်းအလျား ဘယ်လောက် ရှိသလဲ တွက်ချက်ဖို့လား။ ဒါမှမဟုတ် ကျုပ်တို့က မြန်မာ့နည်းမြန်မာ့ဟန် အနုပညာ ကျောင်းတော်ကြီးမို့လို့လား မသိတော့ပါ။ ဒါမှမဟုတ် သင်စရာနည်းတွေ နည်းတာကို ဖြည့်တာလည်း ဖြစ်နိုင်ပါတယ်လေ။
နောက် ကျုပ်တို့ရဲ့ မေဂျာဘာသာ ဖြစ်တဲ့ ကိုယ့်ဆိုင်ရာ ဆိုင်ရာ အနုပညာ ဘာသာရပ်တွေ ဖြစ်တဲ့ ဂီတ၊ ဇာတ်သဘင်၊ ပန်းချီ၊ ပန်းပုတို့ ဖြစ်တယ်။ အဲဒါက နောက်တစ်ဆောင်ဖြစ်တဲ့ နည်းပညာဘာသာရပ်ဆောင်။ အဲဒီအဆောင်ရဲ့ အောက်ထပ် အဝင်မှာ ဆိုင်းဘုတ်ကြီးကြီးနဲ့ ကျောင်းရဲ့ ရည်ရွယ်ချက်တွေနဲ့ ဂုဏ်ပုဒ်တွေကို ကျုပ်တို့ရဲ့ အတွင်းရေးမှူး (၁) ဦးခင်ညွန့် လက်မှတ်နဲ့ ခမ်းခမ်းနားနား ဖော်ပြထားသတဲ့။ ကျုပ်အမှတ်ရတာ ရိုးရာယဉ်ကျေးမှု မြှင့်တင်ရေးနှင့် ဇာတိဂုဏ်မြင့်မားရေးအတွက် ဆိုတဲ့အချက်ပါ။ ကျုပ်တို့ရဲ့တာဝန်က ကျုပ်တို့ အမျိုးသားရေးလက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းရေးလို့ ဆိုထားပါတယ်။ ဒါကြောင့် ထင်ပါ့ ကျုပ်တို့ ပန်းချီ၊ ပန်းပုမှာ အနောက်တိုင်း ပန်းချီကို သင်ကြားခွင့် ရခဲ့ပေမယ့်၊ ဂီတဆိုလည်း ဂီတ၊ ဇာတ်သဘင်ဆို ဇာတ်သဘင် အားလုံးနီးနီးက ရိုးရာထဲက မထွက်တော့ပါဘူး။ ဖျာလိပ်ထဲ ခွေးဝင်သည့်ပုံစံနဲ့ အလားသဏ္ဍာန်တူပါသတဲ့ (ကျုပ်အမြင်ကို ပြောဆိုခြင်းပါ)။
ဒါတောင် ကျုပ်တို့ ဆရာတစ်ယောက်က ကြီးကြီးကျယ်ကျယ် သူများစကား အမြဲယူယူ မှတ်ချက်ပြုတာက တွင်းတစ်ကြီးက ပြောတယ် စိန်ဗေဒါလို လူမျိုးဆယ်နှစ်လောက်မှာ တစ်ယောက်ထွက်ရင် တော်ပါပြီလို့ ဆိုသတဲ့။ မှတ်သားလောက်ပါသတဲ့။ ကိုယ့်ဖာသာ ဝါးလုံးခေါင်းထဲ လသာပြီး သူများကို ဘယ်လို ယှဉ်မလည်း၊ သည်လောက် ချုပ်ချယ်ထားတဲ့ သင်ရိုးမျိုးတွေနဲ့ ဘယ်လို လူမျိုးတွေ စိန်ဗေဒါလို ဖြစ်လာပါ့မလည်း စဉ်းစားကြည့်ကြပါ။ ပန်းချီ၊ ပန်းပုဆို မော်ဒန်တို့၊ ပို့စ်မော်ဒန်တို့ဆို တီဆားတို့တဲ့ ခေါင်းစဉ်တွေ ဖြစ်နေစေတယ်။ ဘရိတ်ဒန့်စ်တို့၊ ဘောဒန့်စ်တို့ဆိုရင်တော့ ပြောစရာ စကားမရှိတော့ဘူးပေါ့။ ကျုပ်တို့ လူမျိုးသိပ်ယဉ်ကျေး ဆိုသတဲ့။ ဒါကြောင့် စိန်ဗေဒါလို လူမျိုး ထွက်ခဲ့ရင်တောင် ကျုပ်တို့ကျောင်းကြောင့်တော့ မဖြစ်နိုင်ဘူး၊ အဲဒီလူရဲ့ ကိုယ်တိုင်ကျိုးစားမှုကြောင့်ဘဲ ဖြစ်ပါလိမ့်မယ်။
နောက် ကျုပ်တို့ ဆရာတွေရဲ့ အရည်အချင်းကို အနည်းဆုံး ဘွဲ့ရ၊ ဆယ်တန်းအောင်မှ ဆိုပြီး ကန့်သတ်သတဲ့။ ဒါဆို တကယ်တော်တဲ့ အနုပညာသည်တွေထဲမှာ ဆယ်တန်း အောင်ခဲ့တာ၊ တက္ကသိုလ်ဘွဲ့ရခဲ့တာ လက်ချိုးရေလို့ ရနိုင်မယ် ထင်တယ်။ တကယ်လို့များ အဲဒီလို ကန့်သတ်ခဲ့ရင်တောင် တကယ်တော်သူများကို ဘွဲ့တစ်ခုခုပေး ဖန်တီးလို့ကော မရနိုင်ပေဘူးလား။ ဦးငွေကိုင် ဘွဲ့မရပါ။ ရွှေမန်းတင်မောင် ဆယ်တန်းအောင်ရဲ့လား။ ဘိုကလေးတင့်အောင်ရဲ့ ပညာအရည်အချင်းတော့ ကျနော် မသိပါ။ သိစရာလည်း မလိုအပ်။ ဒါပေမယ့် နိုင်ငံတော်က ဦးငွေကိုင်၊ ရွှေမန်းတင်မောင်တို့ကို အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့ကြပါသည်။
အဲဒီသင်ရိုးရေးခဲ့တဲ့ လူကြီးတွေထဲမှာ စိန်အောင်မင်း၊ ဗိုလ်ကလေး တင့်အောင်၊ ဂီတလုင် မောင်ကိုကို၊ ပန်းချီဦးဉာဏ်ရှိန်တို့လို ပုဂ္ဂိုလ်ကြီးများ ပါဝင်ခဲ့တယ် ဆိုသတဲ့။ သူတို့ ကိုယ်တိုင် အခြားက ကျောင်းတွေကို မလေ့လာခဲ့ဘူးတာလား၊ ဒါမှမဟုတ် ဥပေက္ခာ ပြုခဲ့တာလား၊ ရိုးရာရိုးရာဆိုတာကို သိပ်ဇောင်းပေးလွန်း ခဲ့သလား၊ သူတို့ကိုယ်တိုင် အနုပညာသမားနဲ့ ပညာသင်ကြားရေး ဆိုတာအပေါ် တကယ့်ကို နားမလည် ခဲ့တာလား၊ တွင်းတစ်က ဒါဆို ကျုပ်တို့လည်း ဒါဘဲလို့ လုပ်ခဲ့တာလား ဆိုတာ သူတို့ ကိုယ်တိုင်ပဲ သိကြပါမည်။ ဘာရည်ရွယ်ခဲ့သလဲ ကျုပ်တော့နားမလည်ပါ။
နောက် ထူးဆန်းတာက ကျုပ်တို့ ကျောင်းတက်ခဲ့တဲ့ အချိန်တုန်းက ကျောင်းအုပ်ကြီးက ဦးမောင်မောင်ခိုင် (ဗိုလ်မှူး)၊ မော်ကွန်းထိန်းက ဦးသောင်းထိုက် (ဗိုလ်ကြီး) ပါ။ အနုပညာကျောင်းမှာ လာအုပ်ချုပ်တာ စစ်တပ်က လာတဲ့သူတွေ။ ကျုပ်တို့ ဒုဝန်ကြီးက ထီလာစစ်သူ ဦးမျိုးညွန့် (သူက စစ်သား၊ ကဗျာဆရာ)၊ ဝန်ကြီးက ဦးအောင်စန်း (စစ်သား၊ လူပုံစံက ဟောင်ကောင် လူကြမ်း ကျွဲကြီးနဲ့တူပြီး ယဉ်ကျေးမှုတော့ နားလည်ပုံရသည်) ဆိုတော့ သူတို့လည်း စစ်သားတွေ ဖြစ်တာ သိပ်မထူးဆန်းသလိုပါ။ အဲဒီ ဦးမောင်မောင်ခိုင် ကျောင်းထွက်ခါနီးတော့ ကျောင်းကို အမှတ်တရ ဖြစ်အောင် တစ်ခုခုလုပ်ပေးခဲ့မယ် ဆိုပြီး ဘာလုပ်သလဲဆိုတော့ လယ်ကွက်တွေကို အသေအချာ ညှိပြီး ကျောင်းဝင်းလုပ်ထားရတဲ့ မြေကို တခါပြန် ထည်ထိုး လယ်စိုက်ခိုင်းခဲ့သတဲ့။ ဒါလည်း အမှတ်တရပါဘဲ။
ကျောင်းရဲ့ အရှေ့ တည့်တည့် ထွက်ရင် ဂြိုလ်တုဆက်သွယ်ရေး စခန်းက စလောင်းဖုံးတွေ ချထားတဲ့ ဝင်းကြီးရှိပြီး မြောက်ကိုလားရင် တောင်-မြောက်လမ်းဆုံကို ရောက်သတဲ့။ တောင်ဖက်ကို သွားရင် ကျုပ်တို့ ဂျပိုးထိုးနေကြ တောင်ရပ်ကွက်ကြီး ရှိသတဲ့။
ကျုပ်တို့ ကျောင်းနီးနီး ဆိုင်ဆိုလို့တော့ အမှတ်တရ ကျောင်း ညာဖက်ထောင့်မှာ ယိုင်နဲ့နဲ့ အသုပ်ဆိုင်လေး ရှိတယ်။ နောက် အဲဒီကနေ တောင်ဖက်ကို ဆက်သွားရင် စိုင်းထီးဆိုင် သီချင်းတွေ တနေကုန် လှည့်ဖွင့်တဲ့ လက်ဘက်ရည်ဆိုင်၊ ဒါက ကျုပ်တို့ တနေကုန် ကျောက်ချတဲ့ နေရာတစ်ခုပေါ့။ အဲဒီ လက်ဖက်ရည်ဆိုင်မှာ ထူးထူးခြားခြား မှတ်မိနေတာက ကျုပ်တို့ ထက် စီနီယာ အတန်းက တစ်ယောက်ပေါ့။ သူက ကျောင်းလာတယ် အဲဒီဆိုင်မှာ တနေကုန်ထိုင်ပြီး တနေရာရာကို ငေးရင်ငေး၊ တစ်ခုခုကို စဉ်းစားရင် စဉ်းစားနေတဲ့သူ။ ကျုပ်အထင် သူက ကဗျာသမားတစ်ယောက် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ကိုလည်း ကျုပ်တို့ မနှောက်ယှက်ကြသလို၊ သူကလည်း ဘယ်သူ့ကိုမှ ရှိတယ်လို့ကို ထင်မည် မဟုတ်ပါ။
အနောက်ဖက်ကတော့ ကျုပ်တို့ ညည အရှိန်ကုန်အောင် သောက်ခဲ့တဲ့ နေရာ ရှိသတဲ့။ အဲဒီဆိုင်က ကျုပ်တို့ ဆရာအတွက် အချိန်မရွေး လစ်ပိုပုလင်းတွေ ရောင်းပေးနေကြပါ (လစ်ပိုပုလင်းထဲ အရက်ထည့်ပြီး အဲသည့်တုန်းကတော့ တဂေါ်တဖုံး၊ အရက်ငါးကျပ်ဖိုး လစ်ပိုတစ်ဖုံး)။ ဆရာက အရက်စွဲနေပြီဆိုတော့ နေ့ဖက်ပါ သောက်တယ်။ အခုတော့ လစ်ပိုဝယ်ပေးရတဲ့ ကျုပ်တို့ ချစ်တဲ့ဆရာလည်း ဆုံးရှာပြီ၊ အဲဒီ အရည်တွေကြောင့်ပေါ့။
အဲဒီဆရာက ကျုပ်တို့ ကျောင်းသားတွေဖက်က အမြဲရပ်တည်ခဲ့တယ်။ သူ့ပန်းချီမှာလည်း တော်သလို၊ အင်္ဂလိပ်စာလည်း အလွန်တော်တယ် ကြားခဲ့ဘူးတယ်။ ကျုပ်တို့တော့ သူ့အတန်းမှာ မသင်ခဲ့ရပေမယ့် သူ့က အမြဲမှန်မှန်ကန်ကန် ရှိတယ်ဆိုတဲ့သူ ဖြစ်တဲ့အတွက် သူ့ကို ချစ်ခဲ့ကြတာပါ။ သူနဲ့ မော်ဒန်တွေ၊ ပို့စ်တွေ စကားပြောလို့ ရတယ်။ သူ့ကို ထောက်စရာက ကျောင်းချိန်မရှောင် သောက်ခဲ့တဲ့အမှုပါ။ သူ့ရဲ့ မှန်မှန်ကန်ကန် ရပ်တည်မှုကြောင့်လည်း ကျောင်းမှာ ကြာကြာမခံခဲ့ပါ။ အဲဒီကျောင်းအတွက် ကျုပ်တို့ စတက်တဲ့နှစ်က ပထမဦးဆုံး စာမေးပွဲ အောင်ချက်အနည်းဆုံး နှစ်ဖြစ်ခဲ့တယ်။ ဒါကြောင့် နောက်နှစ် ကျောင်းဖွင့်ဖွင့်ချင်း ဝန်ကြီးနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးက ဘာကြောင့် ဒီနှစ်က အကျများလည်း မေးတော့ သူတစ်ယောက်ဘဲ ထဖြေတာ အဲဒါ မိုင်နာ ဘာသာရပ်များကြောင့် ဖြစ်ရတာပါလို့ ထဖြေသတဲ့။ ဒါကို ဝန်ကြီးစိတ်ဆိုးမာန်ဆိုးနဲ့ ခင်ဗျားဘယ်သူလဲ ခင်ဗျားနဲ့ ကျုပ်နဲ့ ပြီးမှ တွေ့မယ်လို့ ဆိုသတဲ့။ နောက်တော့ ခင်ဗျားကျောင်းမှာ စာဆက်မသင်နဲ့၊ ဝန်ကြီးရုံးမှာ လုပ်ဖို့ သူ့ကို ပိုစတင်ရွေ့သတဲ့။ ဒီတော့ ကျုပ်စာမသင်ရရင် ဘယ်မှာမှ မလုပ်ဘူးလို့ ပြောပြီး နောက်ဆုံး အလုပ်က ထွက်သွားတယ်။
ကျုပ်တို့ကျောင်းထဲ မလည်း ခမ်းခမ်းနားနား ကင်တင်းန်ကြီး တစ်ခု ရှိသတဲ့။ သွပ်မိုး၊ ထရံကာ တဲအကြီးစားကြီးပါ။ များများစားစားတော့ မှာစရာမရှိပါဘူး။ တခါလာ အီကြာကွေး၊ အသုပ်၊ ပေါက်စီနဲ့ မာထန်ထန် မျက်နှာထားတွေနဲ့ အရောင်းစာရေး နှစ်ယောက်၊ အသက်မပြည့်တဲ့ စားပွဲထိုး သုံးယောက် လောက်ရှိမယ်။ ဘယ်ကြည့်ကြည့် ဆောက်လုပ်ရေး၊ လယ်ကွင်း၊ ကိုင်းတောတွေဘဲ တွေ့ရပါမယ်။ ဘယ်လောက် မျက်စိပဒါသ ဖြစ်ကြရပါသလဲ။
ကျောင်း အနောက်ယွန်းယွန်း တာလမ်းမကြီးဆီကို ဆက်သွားရင် ကျုပ်တို့စတည်းချရာ (ဇရပ် နှစ်ဆောင်) ယောက်ျားလေးဆောင်ကို ရောက်နိုင်တယ်။ အဲဒါနဲ့တွဲလျက် စားဖိုဆောင် တစ်လုံးနဲ့၊ ရေချိုးရုံတစ်ခုရှိတယ်။ အရှေ့ဖက်မှာ လေသာဆောင်လို ဘေးကအကာမပါတဲ့ နွားတဲလိုဟာမျိုး ရှိတယ်။
အဲဒီကို ရောက်ဖို့ဆို မိုးတွင်းဆို ဗွတ်တောကို ဖြတ်ဖို့ သိုင်းတတ်မှ၊ နွေပေါက်ပြီးဆို ဖိနပ်ကောင်းကောင်း ပါမှ လမ်းလျှောက်နိုင်သတဲ့။ အဲဒီလမ်းကို ကျုပ်တို့ ခရောင်းလမ်းလို့ နံမယ်ပေးထားတယ်။ ကျုပ်တို့ ဝန်ကြီးဌာနကို မီးရထားဝန်ကြီး ဦးဝင်းစိန် ပြောင်းတာဝန်ယူတော့ ကျောင်းထိပ် မုခ်ဦးကနေ အဆောင်အထိ ကျုပ်တို့ဝန်ကြီးက မီးရထားလမ်း ဖောက်ပေးမယ်လို့ အချင်းချင်း နောက်ကျသတဲ့။ ကျုပ်တို့ ပြောင်းသွားတဲ့ ကျောင်းအုပ်ကြီး မထွက်ခင် ကျေးဇူးပြုခဲ့တဲ့နှစ်ကဆို ကျောင်းနဲ့ အဆောင်ကြား ဆက်သွယ်ရေးက အဆိုးဆုံးဖြစ်ပါလိမ့်မယ်။
အဆောင်မှာ ကျုပ်တို့ အရင်းနှီးဆုံး မိတ်ဆွေတွေက ယင်ကောင်နဲ့ ခြင်တွေပါ။ သူတို့အတွက်လည်း ကွင်းခေါင်ခေါင်မှာ ဒီနေရာက အိုအေစစ်လေးပေါ့။ ခေါင်မိုးတွေက ကြားက ထပ်ခိုး ထည့်ထားပေမယ့် အပင်မရှိ ကွင်းခေါင်ခေါင်ဆိုတော့ နွေဆို ကျွတ်နေအောင် ပူပြီး၊ မိုးဆို တဗြဲဗြဲနဲ့ ဘာသံမှ မကြားရတော့ဘူး။ အဆောင်က ယာယီဆောင်ဆိုတော့ စစ်ဘားတိုက်လို ကုတင်တွေ ဟိုဖက်ဒီဖက် နှစ်တန်းစီထားတယ်။ ဘယ်သူဘာလုပ်လုပ် အကုန်သိတယ်။ (အဲဒီအချိန်က အမျိုးသမီးဆောင်ကတော့ ချင်းချောင်းခြံမှာဘဲ ကျန်ခဲ့သေးတယ်။)
ဒါပေမယ့် အဲဒီက ကျုပ်တို့ဘဝကို ကျုပ်တို့ အပျော်သားပါ။ ပတ္တလားတီးတဲ့ကောင် တီးတယ်၊ ဆောင်းဘောက် မဝယ်နိုင်လို့ ရေအိုးထဲ စပီကာထည့်ပြီး ဖွင့်တဲ့ကောင်က ဖွင့်တယ်။ ခြင်ထောင်ကို ကုလားကာ လုပ်ပြီး ဇာတ်ထွက်တဲ့ကောင်က ထွက်တယ်။ ရေပုံးကို မှောက်ခုံမှောက်ပြီး ဗုံလုပ်တီးတဲ့လူက တီးတယ်။ ပန်းချီဆရာတွေ ပေါတော့ ကပ်ထူပြားမှာ ဖဲချပ်လုပ်ပြီး ဖဲရိုက်တဲ့လူ ရိုက်တယ်။ ပန်းချီရေးတဲ့ကောင်တွေ ထွက်လာသမျှ လက်ရာတွေက လယ်ကွင်း၊ ဆောက်လုပ်ရေး၊ ယင်ကောင်နဲ့ ကိုင်းတောတွေဘဲ ထွက်ထွက်လာတယ်။ တခါတခါတော့ တာလမ်းမကြီး ပါလာတက်ပါတယ်။
အဆောင်မှာ ကျုပ်တို့ ဘော်ဘော် မမတွေလည်း ရှိတယ်။ သူတို့က သီချင်းလေးညီးလိုက်၊ နှစ်ပါးသွားလေး ပါးစပ်က ထွက်ပြီး ဆံပင်ညှပ်ပေးတတ်တယ်။ တော်တော်များများက ဘိုင်ကောင်တွေ ဆိုတော့ ဆံပင်ညှပ်စရာ ရှိရင် သူတို့ဆီဘဲ ပြေးကြတယ်။ အချို့သူတို့နဲ့ နာမည်ထွက်တာတော့ ရှိသတဲ့။ ကျုပ်တော့ လက်တွေ့ မကြုံခဲ့ရလို့ မသိဘူး။ ဒါပေမယ့် ကျုပ်သဘောမကျတာက သူတို့ကို အမြဲအနိုင်ကျင့်တဲ့သူ တချို့ကို တွေ့ရတယ်။ သူတို့ အိမ်က ပို့လာတဲ့ အခြောက်အခြမ်း၊ အကြော်အလှော်ဆိုလည်း အဲဒီကောင်တွေ သမလို့ အမြဲကုန်တယ်။
ကျုပ်တို့ကြားမှာ ချစ်စရာ ကောင်းတဲ့အချက်က အချင်းချင်း အပေါ် သိတက်ကြတာပါ။ အများစုက နယ်က လာကြပြီး သည်ပညာတွေကို ရူးရူးမူးမူးရှိကြတာ ဆိုတော့ မပြည့်စုံတာတွေက များကြတယ်။ တချို့ကလည်း အိမ်က သဘောမတူဘူး၊ သည်အလုပ်တွေက ဘယ်လိုမှ ကြီးပွားမယ့် အလုပ်မျိုး မဟုတ်၊ ဖတ်ခွက်စား အလုပ်လို့ ဆိုကြသတဲ့။ သူတို့ကို မြို့က ကျောင်းလာတက်တဲ့ ကောင်တွေက ပြန်ကြည့်ကြတယ်။ အချို့ ကျောင်း မရောက်ခင် ကတည်းက လုပ်ငန်းဝင်နေတဲ့ ကောင်တွေက သူတို့ ရှဲဒိုးရေးလို့ ရသမျှ သည်မှာ အကုန် လာမျှကြတယ်။ မရတဲ့အခါလည်း အဆောင်သား မဟုတ်ရင် အဆောင်သား ဝေစုထဲက ပြန်မျှကြရတယ်။ အဲဒါ ချစ်စရာတွေပေါ့။
အဲဒီမှာ အားလုံးလိုလိုက ခပ်ဂေါက်ဂေါက်တွေကြီးဘဲ။ မိန်းမ၊ ယောက်ျား မူမတည်ဘူး။ တချို့ လမ်းသွားရင်းနဲ့ ဆိုင်းတီးတဲ့ကောင် ရှိသလို၊ လမ်းတွေ့နှုတ်ဆက်ရင် ဇာတ်ထိုးသလို နှုတ်ဆက်တဲ့ အမျိုးသမီးတွေ ရှိသတဲ့။ သူ့ဖာသာသူ လမ်းလျှောက်ရင်း ကဗျာရွတ်၊ သီချင်းစပ်နေတဲ့ သူ၊ တခုခု စဉ်းစားရင်း အကြံရလို့ ထအော်တဲ့ လူမျိုးလည်း ရှိတယ်။ ဒါပေမယ့် ကျောင်းခန်းထဲ ရောက်ရင်တော့ အားလုံးက ကိုယ့်ဈာန်နဲ့ကိုယ် ခပ်ငြိမ်ငြိမ် ပါဘဲ။ အနည်းဆုံး မိုင်နာဘာသာရပ်မှာ စိတ်မဝင်းစားရင်တောင် ကိုယ့်စပ်ချင်တဲ့ ကဗျာ၊ စာ၊ ကိုယ်ရေးချင်တဲ့ ပုံကို ကုန်းရေးနေတော့ တာပဲ။
ကျုပ်တို့ မေဂျာ ပထမနှစ်တန်းက လူ ၄၀ကျော် ရှိတယ်။ လက်တွေ့ဆွဲရတဲ့ နေ့တနေ့ ညနေပိုင်းမှာ သက်ငြိမ် ရေးခိုင်းတော့ ရေးရမယ့်ပစ္စည်းတွေကို အလယ်က စတိတ်ခုံပေါ် တင်ထားတယ်။ ကျုပ်တို့ အဲဒီနေ့ လက်တွေ့ ရေးရတဲ့အခန်းက တောင်မြောက် အလျားလိုက် ရှိပြီး တောင်ဖက်မှာ စတိတ်ခုံ ရှိတယ်။ ဆရာက ဒီနေ့ အတန်းထဲမှာ ဘာထူးခြားလဲလို့ အားလုံးကို မေးတယ်။ တစ်ယောက်မှ မဖြေနိုင်ကြဘူး။ ဆရာက အတန်းရဲ့ ညာဖက်ခြမ်းကို ကြည့်ပါလို့ ထပ်ပြောတယ်။ တစ်ယောက်မှ မသိကြဘူး။
ဒါနဲ့ အခုနေက ဘယ်ဘက်က ထိုးလဲလို့ မေးတယ်။ ကျနော်တို့ စာသင်ဆောင်ရဲ့ ညာဖက်ကနေ ကျနေတယ်လို့ ပြန်ဖြေကြတယ်။ ဒါဆို အဲဒီဖက်ခြမ်းက ကျောင်းသားတွေ ဘာဖြစ်လို့ အဲဒီဖက်ကပ်နေကြတာလဲလို့ ထပ်မေးမှ အားလုံး သိကြတယ်။ အဲဒီအခြမ်းမှာ ကျောင်းသား ၄၀ ထဲက ၁၅ ယောက်လောက်က ဘယ်သန်တွေကြီးဘဲ ဖြစ်နေကြလို့ပါ။ ပန်းချီဆွဲရင် အလင်းရောင်နဲ့ ဆွဲတဲ့လက်က ပြောင်းပြန်ရှိနေမှ ဆွဲရတာက သင့်တော်မှာ မို့လို့ပါ။ ထူးထူးခြားခြား ဘယ်သန် ၁၅ ယောက်လောက် အခုလို တနေရာထဲ ဆုံဖို့ မလွယ်ပါဘူး။ ကျနော်တို့ အားလုံး ပြုံးမိကြတယ်။
တရက် ခန္ဓာဗေဒ သင်တဲ့ အချိန် ဆရာက လူအချိုးအစား ကျကျနနရေးနိုင်ဖို့ အရိုးကစပြီး အကြော၊ အသားဖြည့်၊ ပြီးမှ အင်္ကျီဝတ်ပေးရတယ်လို့ ရှင်းပြရင်းဆွဲနေတဲ့ အချိန် အသားဖြည့်တဲ့အဆင့် ရေးပြနေချိန် တခြားမေဂျာက ကျောင်းသူတစ်ယောက် ဝင်လာပြီး ကျမမော်ဒယ် ထိုင်ပေးမယ်လို့ ပြောတယ့်။ ဆရာကလည်း ခပ်ငယ်ငယ်ဆိုတော့ သူ့ကို ဘာပြောရမှန်းမသိ ဖြစ်နေတယ်။ နောက် ဆရာက ငယ်ပေမယ့် နည်းနည်း စကားပြော မာတော့ သူ့အချိန်ဆို ကျောင်းသားတွေ သိပ်မလှုပ်ရဲကြဘူး။ ကျောင်းသားတွေက ဆရာရေးနေတဲ့ သူမနောက်ကျောက ပုံကို မေးငေါ့ပြကြတယ်။
ဒါပေမယ့် သူက ကျမ မော်ဒယ်လုပ်ပေးရတာ အရမ်းဝါသနာပါတယ်လို့ ထပ်ပြောတော့ ကျောင်းသားအားလုံး သူ့ရဲ့ နောက်ကို ထပ်ပြီး လက်ညှိုး ထိုးပြကြရသတဲ့။ ဒါနဲ့ သူမက လှည့်ကြည့်မှ ကျုပ်တို့ဖက်ကို လှည့်ကို မကြည့်တော့ဘဲ လှစ်ကနဲဆို ပြန်ပြေးရတော့တယ်။ တခါမှ မပြုံးဘူးတဲ့ ဆရာ ဒီတစ်ခါတော့ ပြုံးစိစိ ဖြစ်နေရတယ်။ ကျုပ်တို့လည်း ခပ်အုပ်အုပ် ရယ်ကြရပါတယ်။
ဒီလိုနဲ့ ကျုပ်စခဲ့တဲ့ ဇာတ်လမ်း ဒီနေရာမှာ ပြန်ဆုံးရပါ့မယ်။ အဲဒီတုန်းက နှစ်ဝက်စာမေးပွဲ ဖြေတဲ့အချိန် ရောက်လာတယ်။ အဲဒီနေ့က ကျုပ်တို့ လက်တွေ့ရေးရတဲ့နေ့ မတ်၊ ဧပြီ၊ ဆိုတော့၊ နေ့လည်ကလည်းဖြစ်၊ ကွင်းခေါင်ခေါင်က ကွန်ကရစ် တိုက်ထဲဖြစ်ပေမယ့် ချွေးတဒီးဒီးနဲ့ပေါ့။ ဒါပေမယ့် အဲဒါတွေကို ကျုပ်တို့ သတိမရအားဘူး လက်တွေ့ဆွဲဖို့ဘဲ အားလုံး အာရုံရှိကြတယ်။ အဲဒီအချိန် ကျောင်းရှေ့မှာ အငှားကား ဆလွန်းကားတစ်စီး ရပ်လာတယ်။ အဲဒီပေါ်က ဇာတ်ထဲက မင်းသမီးလို ပြင်ဆင်ထားတဲ့ အရပ်မြင့်မြင့် အမျိုးသမီး တစ်ယောက် နေပူထဲ လွှားလွှား လွှားလွှားနဲ့ သူ့ထိုင်မသိမ်းကို ကိုင်ပြီး ကနွဲ့ကလျ လျှောက်လာတယ်။
အဲဒီမှာ တစ်ယောက်က ထပြီး ဟိုးမှာ နွေခေါင်ခေါင် ကျုပ်တို့ စာမေးပွဲဖြေနေတာ မကြည့်ရက်လို့ ရေလာတိုက်တဲ့ မဏိမေခလာ နတ်သမီး ကျောင်းဝင်းထဲ ရောက်လာတယ် ဆိုတော့ အားလုံး ပြုံပြီးကြည့်ကြတာပေါ့။ အရပ်က တော်တော်မြင့်တော့ နိုင်ငံခြားသူလား မသိဘူးဟေ့ဟု ကျောင်းသူ တစ်ယောက်က ထပြောတယ်။ နောက်တစ်ယောက် ကျုပ်တို့ ကျောင်းမှာ ရုပ်ရှင်လာရိုက်တာ ဖြစ်နိုင်တယ်။ အဲဒီလို အမျိုးမျိုး ပြောကြတဲ့ အချိန် အဲဒီသူမက ကျုပ်တို့ အခန်းထဲကို တန်းရောက် လာပါရော။ အားလုံး မျက်လုံးပြူး ကုန်တယ်။ လားလား အဲဒီသူမက ကျုပ်တို့ အတန်းက ကျောင်းသား ဖြစ်နေပါလေရော။
အဲဒီမှာ တစ်အားပွဲကျကုန်ပြီးတော့ ဆရာတွေက စာမေးပွဲ ပြန်ဖြေကြဖို့နဲ့၊ သူ့ကိုလည်း အဝတ်အစားလဲပြီး စာမေးပွဲဖြေဖို့ ပြောပါတယ်။ ကျုပ်တို့လည်း သူဘာလို့ ဒီအဝတ်အစားတွေ ဝတ်လာတာလဲ ပဟေဌိပေါ့။ စာမေးချိန်ပြီးမှ ကျုပ်တို့ သူ့ကို မေးမှ ဒီနေ့ဧပရယ်ဖူးနေ့လေ မင်းတို့ မသိဘူးလား ဆိုသတဲ့။ ငါလည်း တစ်ခုခု ထူးထူးခြားခြား ဖြစ်အောင်ဆိုပြီး လုပ်ခဲ့တာလို့ ကျုပ်တို့ကို ပြောခဲ့တာ။ ဒါက ကျုပ်ကို ဧပရယ်ဖူးနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ပျော်စရာတစ်ခုပါ။
ကျုပ်အဲဒီ့ကျောင်း တက်စဉ်တုန်းက အချို့လူတွေကို ကျုပ် ဘယ်ကျောင်းကပါလို့ ပြောရင် အံ့အားတသင့်နဲ့ ပြူးကြည့်ကြပြီး အဲဒီမှာ ဘာသာရေးစာပေတွေ သင်တာလားလို့ မေးတဲ့လူ ရှိသလို၊ ရှင့်လို မယဉ်ကျေးတဲ့လူက အဲဒီတက္ကသိုလ် တက်ခွင့်ရတယ်နော်လို့ ဆိုတဲ့သူက ဆိုကြတယ်။ တချို့နည်းနည်း သိတဲ့သူတွေမေးတာက အော် ခင်ဗျားအဲဒါဆို အဆို၊ အကတော့ ကောင်းကောင်းရမှာပေါ့လို့ ဆိုကြသတဲ့။ ကျုပ်လည်း ကျုပ်ကျောင်း အကြောင်းပြောရတိုင်း ရှင်းရလွန်းတော့ နောက်ပိုင်း ဘယ်ကဘာလို့ ကျုပ်မပြောတော့ဘူး။ ဒါဆို ကိုယ်ယဉ်ကျေးတာ မကျေးတာ လူမသိတော့ဘူးပေါ့။
ကျုပ်ဒီကျောင်းက ခွါခဲ့တာ အခုဆို ၁၀နှစ်ကျော် ကြာခဲ့ပြီ။ ဒါပေမယ့် ဟိုနေ့က ဧပရယ်ဖူးနေ့ ဆိုတာကို ကြုံရရင်း ကျောင်းက အဖြစ်အပျက်တွေကို ပြန်သတိရလို့ အခုစာကို ရေးလိုက်ရတာပါ။ ဟိုးတလောက ကျုပ်တို့ရဲ့ သိပ်တော်တဲ့ သူငယ်ချင်းတစ်ယောက် အကြောင်းကြားရတာ စိတ်မကောင်းဖြစ်မိတယ်။ သူက ပန်းချီဆွဲ သိပ်တော်တယ်၊ အဲဒီတုန်းတည်းက ကျောင်းတက်ရင်း အပြင်မှာတောင် ဆွဲစားနေပြီ။ ဒါပေမယ့် သူ့အိမ်က ချို့ငဲ့တော့ သူ့ဖာသာ သူ့ဝင်ငွေရှာပြီး သူ့အမမိသားစုကို သူက ပြန်ကြည့်ရှုပေးနေရတဲ့သူ။ နောင်နှစ်မှာ ကျောင်းက တော်တဲ့၊ ချို့ငဲ့တဲ့ ကျောင်းသားတွေကို ဦးအုန်းဖေဆု ပေးဖို့အစီအစဉ်ရှိတယ်လို့ ဆိုတော့ ကျုပ်တို့အားလုံး သူ့ကို အားပေးကြတယ် ခင်ဗျားလုပ်ရင် ဖြစ်နိုင်တယ်။
စာမေးပွဲမှာ သူအမှတ်လည်း ကောင်းတယ်၊ လက်တွေ့ရေးရာမှာလည်း သူက အကောင်းဆုံး ကျောင်းသား တစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီတော့ သူမျှော်မှန်းမှာပေါ့။ ဒါပေမယ့် နောင်နှစ် အဲဒီဆုပေးအချိန် သူမပါလားဘူး၊ ဒါပေမယ့် သူ့လို တော်လည်းမတော် မဆင်းလည်း မဆင်းရဲတဲ့ ကျောင်းသူတစ်ယောက် ရသွားတယ်။ သူကြေကွဲသွားတယ်။ ကျုပ်တို့လည်း တောက်တခေါက်ခေါက်နဲ့ပေါ့။ ဒါပေမယ့် သူ့ကို စိတ်ဓာတ်မကျဖို့ ပြောရုံက လွဲလို့ ကျုပ်တို့ဘာမှ မတက်နိုင်ခဲ့ဘူး။ နောက်ပိုင်း သူကျောင်း ဆက်မတတ်တော့တာ ကျနော် ထပ်ကြားရတယ်။ အခုနောက်ဆုံး ခပ်ကြောင်ကြောင် ဖြစ်နေပြီး ပန်းချီဆွဲတဲ့ ဆေးတွေတောင် ရှူတဲ့သူတစ်ယောက် ဖြစ်နေတယ်လို့ ကြားရတယ်။
ဒါနဲ့ ပတ်သက်လို့ ကျုပ်မြင်တာတော့ စိန်ဗေဒါတစ်ယောက် ဆုံးရှုံးခြင်းလား၊ စိန်ဗေဒါတစ်ယောက် ဖြစ်ခွင့် မရှိတာလား ဆိုတာတော့ ကျုပ်မပြောတက်ပါ။ နောက် ကျုပ်တို့တတွေ အမြဲပုံပုံချတဲ့ ကံတရားကြောင့် ဆိုတာတော့ သည်နေရာမှာ မဟုတ်တာသေချာသည်။ ဧပရယ်ဖူးနေ့ကို ရောက်ရင် ကျုပ်တို့ သူငယ်ချင်းကို မြင်ယောင်တယ်၊ တခြားသူငယ်ချင်းတွေ မြင်ယောင်လာမိတယ်။ အဲဒီ ဧပရယ်ဖူးလိုဘဲ တောင်ရောက်၊ မြောက်ရောက် အတွေးများဖြင့် ကျုပ်တို့ မယဉ်ကျေးသော နိုင်ငံကြီးမှ ယဉ်ကျေးမှုတက္ကသိုလ်ကြီးနှင့် မြို့မငြိမ်းများ၊ ဦးဘဉာဏ်များ၊ ဒေါ်အမာစိန်များကို ကျုပ်တစ်ယောက် တမ်းတရင်း ။
ဧပြီလ ၃ ရက် ၂၀၀၉ ခုနှစ်
Posted by
MrB
at
3:36 AM
3
comments
Labels: Essay - KW
ဒမ်ဒရိုဘီယမ်သိန်းစိန် တဲ့....ဟိ
Posted by
MrB
at
3:00 PM
0
comments
Labels: Cartoon - Kalayar Mi Tae
ပင်စင်စားတစ်ဦး၏ ရင်ဖွင့်ခံစားချက် (၂)
တခါ မူဆလင် အရေးအခင်းတွေဖန်တီးပြီး တပ်ထဲမှာ ဖြန့်တယ်။ တပ်သားတွေမုန်းလာတော့မှ မူဆလင် ဗလီတွေကို ဖျက်ခိုင်းခဲ့တယ်။ အဆုံးစွန်ပြောရင် ၁၉၈၈ ခုနှစ်က နယ်က စစ်တပ်တွေကို ရန်ကုန်ကို ဆင့်ခေါ်တယ်။ ဗကပ တွေကို ရန်ကုန်ကို ၀င်စီးပြီလို့ ပြောယင်း ခေါ်လာခဲ့တာ။ တကယ်တော့ အမိန့်ကို မလွန်ဆန်ရဲလို့ လိမ်ပြီးခေါ်လာတဲ့ အထက်အမိန့်ကို ကြောက်လို့ လာခဲ့ကြတဲ့ တပ်သားလေးတွေပါ။ ပစ်ဆိုရင် ပစ်ရတယ်။ ဖမ်းဆိုရင် ဖမ်းရတယ်။ သူတို့ကလည်း နယ်ခြားမှာ ဗကပတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လူတွေဆိုတော့ သူတို့ဘက်က ဆုံးရှုံးရတဲ့ လူတွေလည်း ရှိမယ်။ အမှန်မဟုတ်တဲ့ အမိန့်ကြောက်ရတာလည်း ပါတယ်။ ဒါပေမဲ့ ရန်ကုန်ကို ရောက်လာတဲ့အခါ တိုက်ကြီးတွေနဲ့ ကားတွေ မိန်းမချော ကလေးတွေကို တွေ့ရတော့ `ဟာ သည်ဗကပ ကလေးတွေက အတော်ချောတာပဲ´ အာမေဋိတ်တွေ ထွက်ခဲ့ကြတယ်။ ဒီကလူတွေနဲ့ အဆက်အစပ် ရှိတဲ့ လူတွေကို ရန်ကုန်ကို ပို့တာ မဟုတ်ဘူး။ တခါ တချို့လူတွေက ကောလာ ဟာလ ဖြန့်သေး တယ်။ အရိုင်းအစိုင်း ချင်းတပ်ကို ခေါ်လာခဲ့တာ သိပ်ရိုင်းတာပဲ စသည်ဖြင့်ပေါ့။ ချင်းလူမျိုးတွေ ကြားရင် အသဲနာကြမှာပါဘဲ။ လန်ကြုတ်လုပ် ဇာတ်ဝင်ခန်းတွေ ဆင်ပြီး ရန်ကုန်က ၈၈ အရေးအခင်းကို တပ်နဲ့ ဖြို ခိုင်းခဲ့ တာပဲ။ နဂိုကမှ ရှေ့တန်းက ၀င်လာတဲ့ မလိမ်မိုးမလိမ်မာ ဆင်ကန်းတောတိုး အရွယ် တပ်သားလေးတွေကို အရည်တွေ အငွေ့တွေ တိုက်ပြီး မြိုခိုင်းပြီး အရှိန်တက်လာတော့မှ အမိန့်ပေးတဲ့ အရာရှိက မဆင်မခြင် အထက်အမိန့်ကို စောင့်ပြီး ကြက်ကလေး ငှက်ကလေးများကို ပစ်ချ ဖမ်းသတ်ပြီး အကုန်လုံးသိမ်းကြုံး ကားထဲ ဆွဲတင်ကြ ၀ရုန်းသုန်းကားဖြစ်နေကြာရတဲ့ အဖမ်းခံ အပြစ်မဲ့တဲ့ လူငယ် ကျောင်းသားလေးတွေ မွန်းကျပ်ပြီး အစုလိုက် အပြုံလိုက် သေကြရ မသေမရှင် တွေကိုတော့ သဂြိင်္ုလ်တဲ့ စက်ထဲထည့် အလောင်းတွေကို ထပ်ပြီး ထည့် သဂြိင်္ုလ်အပျောက်ရှင်းပစ်ခဲ့ကြတာတွေဟာ မဆလ လက်ကျန်တွေနဲ့ လက်ပါးစေ အကြွင်းအကျန်တွေက ဆန်ကောလောက်မှ စောက်မနက်တဲ့ အတွေး အခေါ်တွေနဲ့ လူသားမဆန်တဲ့ ဖြစ်ရပ်တွေပါဘဲ။ ဒါကိုကြည့်ရင် အထက်အမိန့်တိုင်းဟာ တရားသလား၊ မတရားသလား မစဉ်းစားခဲ့ကြတော့ပါ။ ဒါကိုပဲ တပ်မတော်သာလျှင် အဖ တပ်မတော်သာလျှင် အမိ ဆိုပြီး ပြည်သူလူထုကို အမိအဖသဖွယ် အုပ်ချုပ်ရတယ်ဆိုတဲ့ လိမ်စဉ်တွေကို မီဒီယာတွေထဲ ထည့်တယ်။ ကလောင် လက်နက်ခွဲတွေ အများကြီးဖြန့်ကျက်ပြီး တော်၏၊ မတော်၏လည်း မစဉ်းစား ဆင်ခြင်တုံ ညံဖျင်းတဲ့ အချက်အလက်တွေ အင်မတန်တိမ်တဲ့ အတွေးအခေါ်တွေနဲ့ ကလော်စာတွေ ရေးကြတယ်။ စုတ်စုတ်နှုတ်နှုတ်ကို အကြောင်းအရာ အရင်းမခံပဲ လူပုဂ္ဂိုလ်အစွဲနဲ့ အဖွဲ့တွေကို နင်းချေ ရေးသား ခဲ့တယ်။ ရေးတဲ့စာတွေက အနှစ်မပါပဲ ရုန့်ရင်းကြမ်းတမ်းတာတွေပဲ ပါတယ်။ ချီးကျူးတဲ့နာမည်ရ ကလောင် သမား တချို့ ပါဝင် ရေးလာကြတော့ အံ့သြမိပါတယ်။ သံအမတ်ဟောင်းကြီးတွေ တောင်ပါတယ်။ ကလေး အဆင့်လောက်မှ အတွေးအခေါ်မပါတဲ့ သည်စာသားတွေကို ဘာကြောင့် ရေးကြတာလဲ။ စဉ်းစားတော့ သူတို့ အသိုင်းအ၀ိုင်း တွေကလည်း တပ်က ဝေစားမျှစား အလုပ်တွေ ပေးထားတယ်။ တနည်းပြောရရင် စည်းစိမ် စီးပွား လုပ်ခွင့်တွေ အများကြီးပေးထားတယ်။ လောဘမှိုင်းတွေကြောင့် သူတို့ရဲ့ အရှိလောကမှာ ရထားတဲ့ စည်းစိမ်တွေကို အဟောသိကံ အဖြစ်မခံနိုင်ကြဘူး။ ဒါနဲ့ပဲ မှားမှန်းသိတာကို ရင်မဆိုင်ရဲကြပဲ မလိုတမာတွေ ရေးလာ ကြတော့ တာပါပဲ။
ကိုလိုနီနယ်ချဲ့စနစ်ကို ပြန်ဖော်မယ်။ လွတ်လပ်ရေးရပြီးစခေတ် ခေတ်သစ်ထူထောင်နေခဲ့စဉ်က အသင်းအဖွဲ့ တွေရဲ့ အမှားတွေကို ထောက်ပြကြမယ်။ တဆိတ်ကို တအိပ်လုပ်ရေးကြမယ်။ ဗကပ တွေကို ရှေ့တန်းတင် ရေးပြီး ဘုရားဖျက်တာတွေကို ရှေ့တန်းတင်ရေးပြီး ဘုရားဖျက်တာတွေ စော်ကားတာတွေကို ထည့်ရေးမယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ အဖွဲ့က လွတ်လပ်ရေးယူပေးခဲ့တဲ့ ကျေးဇူးတွေကို မထောက် မထား စွပ်ဆွဲပုတ်ခတ်ရေးမယ်။ ဖ ဆ ပ လ တွေကိုလည်း နိုင်ငံရေးသမား အချင်းချင်းခွက်စောင်းခုတ်တဲ့ အကြောင်းတွေ ရေးမယ်။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားပုဂ္ဂိ္ဂိုလ်တွေကို ရှေ့တန်းတင်တိုက်ခိုက်ပြီး မီဒီယာ တွေမှာ မဟုတ်မဟပ် မျိုးစုံနဲ့ကိုးကားရေးမယ်။ ဒါဟာ သူတို့အလုပ်ပဲ။ ပြီးတော့မှ နိုင်ငံကို ကယ်တင်ခဲ့ရတာ အကြိမ်ကြိမ်ဘဲ။ ပျက်စီးနေတဲ့ နိုင်ငံကို သူတို့ကပဲ ပိုင်ရှင်အနေနဲ့ ထူထောင်ရတာတွေ ရေးသားမယ်။ ယခင်က မြန်မာပြည်ယခု မြန်မာပြည်ဆိုပြီး ဓါတ်ပုံတွေနဲ့ ယှဉ်တွဲပြပြီး လမ်းတံတားဖွင့်ပွဲတွေမှာ မင်းသမီး ကလေး တွေ ကို ရှေ့ကတင် ကခိုင်းပြီး ဂုဏ်ယူဖော်ပြကြမယ်။ တဆက်တည်းမှာပဲ သူတို့ကပဲ အလှူကြီး အတန်းကြီး တွေ ကို နေ့စဉ်ရက်ဆက်ပေးနေသယောင် သံဃာတော်တွေရှေ့မှာ ၀ပ်သွားမယ်။ ၀တ္တုတွေကို ဆက်ကပ် လှူဒါန်း ယင်း လှူကြ တန်းကြမဲ့ အလှူ့ရှင် သဌေးကြီးတွေဆီက ကျပ်သိန်းရာထောင်တို့ကို တဆင့် လက်ဝေခံ လုပ် မယ်။ ဂုဏ်ပြုလက်မှတ်တွေပေးမယ်။ ရတဲ့လူတွေကလည်း လိုင်စင်တခု ရထားတဲ့အလား မိမိတို့အတွက် စီးပွားဖြစ်လုပ်ငန်းတွေကို တိုးချဲ့မယ်။ သည်လက်မှတ်တွေကို သုံးပြီး ကိုယ်ကျိုးစီးပွား တိုးတက်လာအောင် လုပ်ယင်း ဗိုလ်ချုပ်တွေနဲ့ ပုလင်းတူဗူးစို့တွေ ဖြစ်လာကြတယ်။ တစတစနဲ့ အခြားသော လူထုလူတန်းစား အလွှာတွေဟာလည်း ဓားမနောက်ပိတ်ခွေး၊ ဘာမှ တိုးတက်မှု အရှိတော့တဲ့ လူသားလေး တွေ အဖြစ်နဲ့ ကြန်အင်လကဏာတွေ မှေးမှိန်လာမယ်။ ဒီလိုပဲ အစွမ်းအစတွေ ငုတ်လျှိုးကုန်ကြတယ်။ ဒါတွေဟာ လူသား တဦးကို (သို့) ပြည်သူတစ်ယောက်ကို မသိမသာ အောက်တန်း နောက်တန်းကျအောင် ဖန်တီးပေးနေတာနဲ့ တူနေတယ်။
ဒီတော့ ချမ်းသာတဲ့လူလက်တစ်ဆုပ်စာနဲ့ များပြားလှတဲ့ ဆင်းရဲတွင်းနစ်ကြရတဲ့ လူတန်းစားဟာ ကွာဟ သထက် ကွာဟ လာကြပြီး နောင်တခါ တိုင်းပြည်အတွက် လူတော်လူကောင်းတွေ ပျောက်ကွယ်ရမဲ့ အရေး ပေါ်ပေါက်ကြရပါတော့မယ်။ အလယ်အလတ်တန်းစား လို့ခေါ်တဲ့ ပညာတတ်လူတန်းစားတွေဟာ အောက်ဆုံး လွှာကို ရောက်နေရပြီ မဟုတ်လား။ နိုင်ငံတစ်နိုင်ငံကို ပြုစုပျိုးထောင်တဲ့ နေရာမှာ ပညာတတ် လူတန်းစား ကသာ ရှေ့ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခုတော့ လူချမ်းသာ ဗိုလ်ချုပ်တွေရှေ့ ခပ်ရို့ရို့လေး ခစားနေရတဲ့ ဘ၀ ရောက်ရှိနေကြရပြီး ဘာမှ စဉ်းစားတွေးခေါ် ဥာဏ်မရှိတဲ့ လူတွေရဲ့ အငေါက်အငန်းခံ ဘ၀ကို လည်ဆင်း ပေးနေရတာ ကတော့ ဦးတော်ချနေရတာကတော့ တိုင်းပြည်တပြည် မတိုးတက် မထွန်းကား ရတဲ့ အကြောင်း တရား တခုပါ နေပါတယ်။ ရှေ့ဆောင်လမ်းပြ လုပ်သင့်တဲ့ လူပုဂ္ဂိ္ဂိုလ်က အာဏာရှင်က ဟုတ်ဟုတ် မဟုတ်ဟုတ် စေခိုင်းတဲ့ အမိန့်အတိုင်း လိုက်လုပ်နေရပြီး တခွန်းမှ ပြန်မဟနိုင်တဲ့ ဘ၀ဟာ တိုင်းပြည်ရှေ့ရေး မကောင်းခြင်းရဲ့ လက္ခ္ခ္ခဏာပါဘဲ။
စစ်တပ်ဟာ သူတို့တသက်လုံးအုပ်ချုပ် မင်းမူနိုင်အောင် အတင်းအဓမ္မ အခြေခံမူကြမ်းကို ဆန္ဒခံယူပွဲ လုပ်ပြီး အုပ်ချုပ်တော့မယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ ကြိုးနီစနစ်၊ ဗဟိုဦးစီးစနစ် နီးပါးလောက် ရှိနေတဲ့ အမည်ခံ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုပြီး အုပ်ချုပ်ရေးကို အသက်သွင်းမယ်။ ဒီတော့ တရားဝင် အစိုးရဖြစ်လာတာနဲ့ ပိုပြီးတောင် ရက်စက်ဖိနှိပ် အုပ်ချုပ်လာတော့မယ်။ အမည်ခံ စည်းမျဉ်းတွေ စာရွက်ပေါ်က စည်းကမ်းတွေ စာရွက်ပေါ်က တိုင်းပြည် တိုးတက်ကြီးပွားမှု ဇယားတွေကို ရှေ့တန်းတင်ပြီး နောက်ပိုင်းကနေ ပဥမံတပ်သား တွေကို ခန့်ထားမြဲထားရှိမယ်။ ပဥမံတပ်သားဆိုတာ ကြံဖွတ်လို၊ စွမ်းအားရှင်လို မီးသတ်လို ကြက်ခြေနီလို ကောက်သင်းကောက် ဖွဲ့စည်းထားတဲ့ ရယက မယက စတဲ့ အခြေခံအင်အား တွေဖြစ်တယ်။ သူတို့က အခြေခံ ရပ်ကွက်တွေ က ရပ်ကွက်တိုင်းမှာ ဧည့်စာရင်းစစ်သလို ည ည တွေမှာ အုပ်စုလိုက်ဖွဲ့ပြီး အင်အား ပြမယ်။ ခြိမ်းခြောက်ကြမယ်။ ဒီတော့ အခြေခံဥပဒေဆိုတာကြီးက အနှစ်မပါတဲ့ အပေါ်ယံ အခွံကြီး ပဲပြန်ဖြစ်မယ်။ ဒီလိုနဲ့ တန်ပြန်တဲ့ လူရှိရင် နှိမ်ပစ်မယ်။ တန်ပြန်တဲ့ အင်အားတွေ ကြီးထွားလာရင် ဗိုလ်ချုပ် တဖြစ်လဲ သမတ ဒု သမတ ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ် တွေက ပြန်လည် အာဏာသိမ်း ဦးမယ်။ ဒါတွေကို ပြည်သူ့လွှတ်တော်မှာပဲ မဲခွဲဦးတော့ တပ်ကလွှတ်ထားတဲ့ အမတ် ၂၅ % ပါပြီးသား လွှတ်တော်မှာ မဲခွဲရင် ဘယ်နည်းနဲ့မှ မှန်ကန်တဲ့ ဘက်က မဲခွဲနိုင်မှာ မဟုတ်သလို ဆန့်ကျင်မှု ပြုတဲ့ ကျန်တဲ့ အမတ်တွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထိန်းသိမ်း ဖမ်းဆီးဦးမယ်။ သည်တော့ ရွေးကောက်ပွဲ ၀င်ကြရတဲ့ အမတ် တွေရဲ့ အသက်အိုးအိမ်တွေကို ဘယ်လို အာမခံမလဲ။ အမတ်တွေ မဲရသွားတဲ့ မြို့နယ်ရပ်ကွက်တွေ ကရော အာမခံ ချက်ပေးကြမလား။ မဖြစ်ရေးချပါဘဲ။ သူတို့ပြောတဲ့ ပြည်နယ်တို့ ဘာတို့ ညာတို့မှာလဲ အုပ်ချုပ်ရေး ဖက်က လူတွေဟာ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် တပ်က လူတွေ တဖြစ်လဲ အထူးပညာရှိ တွေလို ပြန်ကိုင်ခိုင်းမှာပဲ။ SB လို အဖွဲ့တွေကို ဘယ်သူက ကိုင်မလဲ မြို့နယ်တွေမှာလည်း သူတို့အလိုကျ အခါအခွင့် ပေးထားတဲ့ စစ်မှုထမ်းဟောင်းတွေ ဆက်ရှိ နေဦးမှာပဲ။ ဒါတွေဟာ ရွေးကောက်ပွဲ ပြီးတဲ့ တိုင်အောင် ဆန့်ကျင်ဘက် အမတ်လောင်းတွေ အတွက် ဘာမှ ရေရေရာရာ လုပ်နိုင်စွမ်းမရှိတဲ့ အရာတွေ ပါပဲ။
ပြည်သူက ယုံကြည်လို့ ရွေးကောက်လိုက်တဲ့ အမတ်တွေဟာ ကိုယ်မြို့နယ်က ပြည်သူတွေကို ဘယ်လို ကိုယ်စားပြုမလဲ။ ပြည်သူတွေ လိုအပ်တဲ့ အခွင့်အရေးတွေ တောင်းပေးမှာလား။ မြို့နယ်ပြည်သူထဲက အခွင့် အရေးကို တင်ပြပြီး တောင်းတဲ့ ခေါင်းဆောင်တွေကို ပြန်ဖမ်းမှာလား။ အကြောက်တရားနဲ့ ခြောက် ထားဦး မှာလား။ ဒါဖြင့်ရင် မြို့နယ်တစ်ခုမှာ ယိုယွင်းနေတာတွေကို မြို့သူမြို့သားတွေ လုပ်ချင်ရင် လွှတ်တော်မှာ တင်ပြရင် ဖြစ်နိုင်ပါ့မလား။ စဉ်းစားကြည့်ရင် လွှတ်တော်အမတ်ကိုယ်တိုင်က ဘယ်လောက်များ အာဏာရှိ ပါသလဲ။ သူရော တင်ပြရဲမလား။ စတာတွေဟာ ဒီမိုကရေစီမကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက ပေါ်ပေါက် လာမဲ့ မနှစ်မြို့ဖွယ် အနှစ်သာရတွေ ပါပဲ။ ဘယ်လို ဒီမိုကရေစီ အခွင့်အရေးတွေကို ပေးမှာလဲ။ တခုခုကို လျှောက်ချင်ရင် တခုခုကို တိုးတက်ချင်လို့ စာကြည့်တိုက် ကလေးတွေ ကိုယ်ထူကိုယ်ထ ဖွင့်ချင်ရင် အားကစား ခန်းမလေးတွေကို ဖွင့်ချင်ရင် ရယက ကို တင်ပြရဦးမှာလား မယက ဆီရော တင်ပြရဦးမလား တခုခုကို လျှောက်တိုင်း ကြိုးနီစနစ်ရဲ့ အကန့်တိုင်းကို ဖြတ်ကြရပြီး အကန့်တိုင်းဖြစ်တိုင်း တန်စိုး လက်ဆောင်တွေ ပေးရဦး မှာလား။ အမျိုးသားကဒ်ဆောင်ထားရက်နဲ့ ဘယ်သွားသွား ရပါ့မလား။ သွားတဲ့ နေရာတိုင်းက အာဏာရှင် တိုင်းကို ပြရဦးမှာလား။ အစစ်ဆေးခံရဦးမှာလား။ ကိုယ်ပြည်ထဲ ကိုယ့်အမျိုးဆီ သွားအိပ်ရာမှာ ညပိုင်းမှာ သန်ကောင်စာရင်း စစ်တာမျိုးလို လူအုပ်စုနဲ့ဝိုင်းပြီး တံခါးခေါက်တာ မျိုးတွေ ရှိဦးမလား။ တကယ် တော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဥပဒေ ဆိုတာရှိတယ်။ ဥပဒေ ပြင်ပကို ရောက်နေတဲ့ လူတွေကိုသာ ဥပဒေ ဘက်တော်သား ရဲတွေက မှန်မှန်ကန်ကန် စောင့်ရှောက်စစ်ဆေးဖို့ တရားဥပဒေ ရင်ဆိုင်ရရင် တရားခွင်သွားဖို့ ရှေ့နေရှေ့ရပ် ငှားရမ်းခွင့် မှန်ကန်တဲ့ တရားစီရင်ရေး စာအုပ်တွေသာ ရှိသင့်ပြီး မမှန်မကန်နဲ့ ဥပဒေနဲ့ အကြုံးမ၀င်တဲ့ လူမိုက်လို အဖွဲ့တွေက အိမ်တအိမ်ကို ၀ရမ်းမပါပဲ စစ်ဆေးတာတို့ ငေါက်ငမ်းတာ တို့ ဖမ်းဆီးတာတို့ မလိုရင် မလိုသလို ညှင်းဆဲတာတို့ ရှိလာဦးမှာလား။ နေ့စဉ် နေရတဲ့ ဘ၀မှာ တရားဥပဒေရဲ့ ရင်ခွင်အောက်မှာ မှန်မှန်ကန်ကန် နေနိုင်ခွင့် ရပါ့မလား။ အမြဲတမ်း ဗိုလ်ကျစိုးမိုးတဲ့ ခုလို ရပ်ကွက် ရယက လူကြီးနဲ့ စွမ်းအားရှင် ကြံဖွံ့နဲ့ မီးသတ်၊ ကြက်ခြေနီ အမျိုးသမီးအဖွဲ့ တွေ စုပေါင်းပြီး အိမ်တွေကို ခွဲတမ်းနဲ့ ဗိုလ်ကျခဲ့ရင် တရားဥပဒေအရ တိုင်တမ်းခွင့် ရပါသလား။ တရားသူကြီးများကရော ယခုကဲ့သို့ မိုးပေါ်က ကျလာတဲ့ အမိန့်တွေ နာခံပြီး တရားခံ မဟုတ်သူကို တရားခံ လုပ်ဦးမှာလား။ ဒါတွေဟာ နောင်လာမဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီရဲ့ မရှင်းလင်းတဲ့ အနှစ်မပါတဲ့ ဟာကွက်တွေ ရှိတဲ့ အရာတွေပါပဲ။ ယုံကြည်ဖို့ ခက်လှတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီပါ။
ဒါနဲ့ တဆက်တည်းပြောရရင် ကျနော်တို့ငယ်စဉ်က နေရတဲ့ ဘ၀လေး တွေကို စဉ်းစားမိရင်း တမ်းတ မိခဲ့ပါတယ်။ ပညာရေး၊ စားဝတ်နေရေး၊ လူမှု ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေး ပွဲလမ်းသဘင် များနှင့် အသင်းအဖွဲ့ငယ်နှင့် သမဂ္ဂ အဖွဲ့အစည်းများ အထက်ဖော်ပြပါ အကြောင်းအရာများကို သင့် သလောက် တင်ပြရရင် မှတ်မိသလောက် ကျနော်တို့ငယ်စဉ်တောင်ကျေး ဘ၀ (၁၉၅၀ မှ ၁၉၆၂ ထိ) ဟာ ရိုးရှင်းပြီး ပျော်ရွှင်စရာ ရှိခဲ့ပါတယ်။ ဆင်းရဲတဲ့ လူကလည်း ဆင်းရဲတဲ့ အလျောက် ချမ်းသာတဲ့ လူကလည်း ချမ်းသာတဲ့ အလျောက် တရားဥပဒေ ဘောင်အောက် နေကြရတော့ ဘေးကင်းရန်ကွာတယ် ဆိုတဲ့ သဘောပါပဲ။ ရပ်ကွက်ထဲမှာ သူခိုးရှိရင် ရဲကဖမ်းမှာပဲ။ဒါပေမဲ့ ကောင်းတဲ့လူကိုတော့ ဘယ်ရဲကမှ ဘယ် လူရမ်းကားမှ မစော်ကားရဲကြဘူး။ ဘာဖြစ်လို့လဲ တရားဥပဒေ ရှိနေတာကိုး။ ရပ်ရွာ၊ ရပ်ကွက် လူကြီးကလည်း ရပ်ရွာကပဲ တည်ကြည်တဲ့ ရိုသေလေးစားလောက်တဲ့ လူကို ရပ်ကွက်သူ ရပ်ကွက်သား တွေ အကြိုက် တင်မြှောက် ထား ကြရတော့ အများအားဖြင့် ကောက်ကျစ်တဲ့ လူသိပ်မပါဘူး။ အာဏာသိပ်မပြဘူး။ ရပ်ရေး ရွာရေးက အစ ကိုယ်ကျိုးလည်း မဖက်တဲ့ လူမျိုးက များပါတယ်။
ပညာရေးမှာလည်း အချိန်တန်ရင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေ ဆင့်ကဲဆင့်ကဲ တက်လာရပေမဲ့ ကျူရှင်ရယ်လို့လည်း သိပ်မရှိပါဘူး။ ကျူရှင်ယူတဲ့လူ နည်းပါတယ်။ နည်းရတဲ့ အကြောင်း ကလည်း သင်ကြားပေးတဲ့ ဆရာတွေက ကိုယ်ကျိုးမဖက် စာလည်းသင်ပေးတယ်။ လူမှုရေးလည်း သင်ပေး တယ်။ တပည့်အပေါ် သားသမီးလို ဆက်ဆံခဲ့ကြတယ်။ သည်တော့ဆရာဆိုရင် တပည့်တွေက ချစ်ကြောက် ရိုသေခဲ့ကြတယ်။ ယခုတိုင် ကျနော်တို့ ဆရာကိုတွေ့ရင် မိရင်းဖရင်း ကို ပျော်ရွှင်ကြရပါတယ်။ အဲသည် ခေတ်ဟာ ဆရာတပည့် ရိုးသားကြတယ်။ ငွေကိုမကြည့်ပါဘူး။ လူသားချင်း ဆက်ဆံတာပဲ အလေးထား တယ်။ အဲသည်ခေတ်က ဆရာတွေဟာ ရတဲ့လစာ ၁၂၆ ကျပ် ၁၈၅ ကျပ် စတဲ့ လစာတွေနဲ့ လောက်ကြ တယ်။ ဒါတွေကလည်း ဆရာတွေ အောက်တန်းမကျခဲ့ရပါဘူး။ မှန်ကန်တဲ့ ခေတ်အောက်မှာ နေရစားရတော့ ပညာရေးမှာလည်း ကောင်းခဲ့ပါတယ်။ အတန်းထဲမှာ မော်နီတာ တယောက်ကို အတန်းဆရာက ခန့်ပေးထား တတ်တယ်။ ကျောင်းသားတွေလိုအပ်ချက် ရှိရင် တင်ပြပိုင်ခွင့် ပေးထားတယ်။ ညီညီညွတ်ညွတ် နဲ့ အတန်း သာယာရေး ကျောင်းသာယာရေး ကို ညီညာဖျဖျ လုပ်ခဲ့ကြတယ်။ ယခုခေတ်လို အတန်းထဲမှ ကြံ့ခိုင် ဖွံ့ဖြိုး ရေး အသင်းဝင်ရတာတို့၊ အတန်းထဲမှာ စောင့်ကြည့်ခဲ့ရတာတို့မရှိပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးမ၀င်ရင် အတန်း ချမယ် ကျောင်းထုတ်မယ်။ ဒါတွေမရှိပါ။ `သည်ကလေး စာရိတ္တကောင်းရဲ့လား၊ ပညာကောင်းရဲ့လား၊ လူမှုရေး စိတ်ဓာတ်ရှိရဲ့လား´ ဒါတွေ ပဲ တကိုယ်ရည် အရည်အချင်းပေါ်မူတည်ပြီး ကျောင်းက မြှောက်စားတယ်။
သူငယ်အချင်းချင်း ကြား ချစ်ခင်ကြတယ်။ မစော်ကားကြဘူး။ ဆရာတွေ အပိုင်းကလည်း အထက် အာဏာပိုင် ညွှန်ကြားချက် အပိုတွေ မရှိတဲ့ အတွက် ဆရာပီပီသသ အလုပ်ကို လုပ်ပြီး ကျောင်းသားရဲ့ လေးစားကြည်ညိုမှုကို ခံစားကြရတယ်။ တပည့် ကြည်ညိုသလောက် သည်ဆရာဟာ ဆရာပီသ ခဲ့ကြတာ ပါပဲ။ အထက်အမိန့်ပေး စေခိုင်းလို့ မဟုတ်တဲ့ နေရာတွေမှာ အစောင့်ချခံရတာတို့ စာရင်းကောက်ရတာ တို့ လူထုစည်းဝေးပွဲတွေမှာ လိုက်အော်ပေးရတာတို့ ထောက်ခံရတာတို့ အစရှိတဲ့ လူတွေ အကြည်ညိုပျက်စေမဲ့ အလုပ်တွေကို အခိုင်းမခံရပါဘူး။ ဦးနေ၀င်းလက်ထက်က ဆရာတွေကို ရင်ထိုးတွေချိတ်ခိုင်းရာမှာ `ပညာရေးဝန်ထမ်း´ ဆိုပြီး တံဆိပ်ခတ်ခံရတယ်။ တကယ်တော့ ဘယ်တိုင်းပြည်မှာပဲကြည့်ကြည့် ဆရာဟာ ဆရာပါပဲ။ တပည့်တွေကို သင်ကြားပေး၊ ဆိုဆုံးမ ရမဲ့ပုဂ္ဂိုလ်တွေ ဖြစ်တော့ ဆရာ အနေနဲ့ ပဲ အသိအမှတ်ပြုရမှာဖြစ်ပေမဲ့၊ ဆရာ့ရဲ့ ဂုဏ်ရည်ကို နှိမ်ချပစ်လိုက်တယ်။ ပညာရေးဝန်ထမ်းတဲ့။ ပြီးတော့မှ ဆရာတွေကို ၀န်ထမ်းသဖွယ် သူတို့စေခိုင်းရာ ကျွန်တွေသဖွယ် အမျိုးမျိုး ခြယ်လှယ်ပြီး ခိုင်းကြတယ်။ ဒါနဲ့ပဲ ဆရာတွေရဲ့ ပင်ကို ဇာတိ မာန တွေ၊ ဂုဏ်တွေ မရှိတော့ပဲ လခကလည်း နည်း ရတဲ့ကြားထဲ ဇာတိဂုဏ်ပါ နှိမ်ခံရတော့ ဆရာတွေရဲ့ ရုပ်ဟာ ပေါ်မလာတော့ပဲ အနှိမ်ခံ၊ အခိုင်းခံ ရုပ်သေးအမှုထမ်း သဖွယ် အခိုင်းခံရုပ်သေး အမှု ထမ်းသဖွယ် လူကြီးလာရင် လက်အုပ်ချီ ကန်တော့ရတဲ့ အဆင့်ထိ လျှော့ ချခံ ခဲ့ရတော့တာပါပဲ။ ဆရာ ကိုယ်တိုင်ကလည်း တပည့်တွေရဲ့ လေးစားမှုလည်း မရရှိကြတော့ပါ။ အကျင့်ပျက်ချစားခံရတဲ့ ဆရာအမျိုး အစားထဲပါတော့တာပါပဲ။ လခနည်း ၀န်ထမ်းတွေလည်းဖြစ်ပြန်၊ နေစရာ အိမ်တွေလည်းရကြတဲ့ ၀န်ထမ်းတွေ မဟုတ်တော့ ကားအကြိုအပို့လည်း မရှိတော့ ဆရာတွေဟာ နေ့စဉ် ကားခတွေနဲ့ ပိပြီးတော့ မိမိ မိသားစုရဲ့ စားဝတ်နေရေးပြေလည်အောင် အကြံအဖန်လုပ်ကြရပြန်တယ်။ ဒါတွေဟာ ဆရာတွေ လခစား သမားတွေရဲ့ အကျင့်စတင်ပျက်ခဲ့ရတာပါပဲ။ အခြား အမှုထမ်း အကျင့်ပျက်တာ အရေးမကြီးပေမဲ့ ဘာသာ တရားအရ အထွတ်အမြတ်ထားခံရတဲ့ ဆရာတွေကျတော့ ပိုမိုပြီး အပြောခံရတော့တာပါပဲ။ ဒါဟာ အုပ်ချုပ် သူ တွေရဲ့ စံနစ်တွေညံဖျင်းခဲ့လို့ ဖြစ်ခဲ့ကြရတာတွေ ချည်းပါပဲ။ တဆက်တည်း စားဝတ်နေရေး အကြောင်း ပြောရရင်၊ ဦးနေ၀င်းလက်ထက်က စလို့ ယနေ့တိုင် ပြည်သူလူထုတွေဟာ ပုံစံ အမျိုးမျိုး နဲ့ စခန်း သွားရ ရှာကြ ဖွေကြ ရာမှာ အခက်အခဲတွေကတော့ သူ့နည်းနဲ့ သူ ခံကြရတာချည်းပါပဲ။ ကျနော်တို့ ၆၂ နှစ် မတိုင်မီက ရိုးရိုး သားသား ရှာဖွေ ကြလို့ ၀ီရိယ ရှိကြမယ်ဆိုရင် ထမင်းနပ် မှန်အောင် ၀ ၀ လင်လင် စားခဲ့ ကြရပါတယ်။ ငွေရှာရတာ ကလည်း သိပ်အခက် မတွေ့ ခဲ့ရပါဘူး။ စားကုန် ဈေးနှုန်းတွေမှာလည်း ပစည်း တခု အပေါ် အမြတ်ငွေ ၁၀ % မှ ၂၅ % ထိသာ တင်ထားကြပါတယ်။ ယခုလို လူကိုကြည့်ပြီး ဈေးနှုန်းကို အမျိုးအစား တမျိုး အမြတ်ကို အမျိုးမျိုး တင်ထားတာ မျိုး မရှိတော့၊ စားသုံးသူက ကိုယ်ဝယ်စားရမဲ့ ပစည်းကို ဈေးနှုန်း မှန်မှန်နဲ့ ၀ယ်စားခွင့်ရရှိကြပါတယ်။ သည်တော့ စိတ်ဆင်းရဲစရာ မရှိခဲ့ကြပါ။ ဥပမာ မုန့်ဟင်းခါး တပွဲစားမယ် ဆိုရင် ၁၅ ပြား၊ ခေါက်ဆွဲကြော်တပွဲ ငါးမူး စသဖြင့် ဦးနေ၀င်းတက်လာတော့ မြန်မာတပြည်လုံး ကွမ်းယာ ဆိုင်က အစ၊ ရပ်ကွက်ထဲက အိမ်ဆိုင်ပါမကျန်၊ ကုန်ကြီး ကုန်တိုက်တွေ စက်ရုံတွေ ၊ ရုပ်ရှင်ရုံတွေ၊ ကပွဲရုံ တွေ အားလုံး သိမ်းလိုက်တဲ့ အခါ ကျတော့ ဆင်းရဲသား လည်းမွဲတာပဲ သူဌေးလည်းမွဲကြတော့တာပဲ၊ သူတို့ ပြောတာကတော့ နိုင်ငံခြားသား အရင်းရှင် ကုန်သည်တွေ၊ ဘဏ်သူဌေးတွေကို သိမ်းခဲ့တယ်။ ဆိုပေမဲ့ မိမိ လူမျိုးရဲ့ အကျိုးစီးပွား ဆိုင်ကလေးတွေက အစ အကုန်ပါကုန်ကြတော့ အားလုံးမွဲကုန်ကြတော့တာပါပဲ။ အားလုံးကို ပြည်သူပိုင်သိမ်းလိုက်တယ်။ ရှိသမျှ အရင်း အမြတ်တွေဟာ တပ်က အားလုံးယူသွားခဲ့ကြတယ်။ ဘယ်ဗိုလ်ချုပ် ဗိုလ်မှူးတွေ အိတ်ထောင်ထဲ ထည့်ခဲ့ကြသလဲတော့ မသိရပါ။ အဲသည် အချိန်က စပြီး ဦးနေ၀င်းရဲ့ အခြံအရံ အားလုံးကြွယ်ဝ ချမ်းသာကုန်ကြတာပါပဲ။ ဗိုလ်နေ၀င်းတက်လာစက `လူတွေဟာ ဆူကြုံ နိမ့်မြင့် မရှိစေရ အေးအတူ ပူအမျှ ၀ ၀လင်လင် စားကြရမယ်´ ဆိုတဲ့ ဆောင်ပုဒ်တွေဟာ ဗိုလ်နေ၀င်း အာဏာယူပြီးလို့ မကြာခင်မှာပဲ ပျောက်ကုန်ပြီး ကျောင်းကြီး ကျောင်းကောင်းတွေမှာ မိမိတို့ရဲ့ ဆွေစဉ် မျိုးဆက် တွေ ထားနိုင်ကြပြီး ကျန်တဲ့ ဆင်းရဲသား သူဌေးတွေဟာ ဆူကြုံနိမ့်မြင့် မဟုတ်တော့ပဲ နိမ့်ပါး ကုန်ခဲ့ကြရတော့တာပါပဲ။ အဲ တခုတော့ရှိတယ် ယခင်က သူဌေးတွေကလည်း ဆင်းရဲကုန်ကြတော့ နဂိုက ဆင်းရဲတဲ့ လူတွေနဲ့ တသားတည်းဖြစ်နေတဲ့ အချိန်မှာ ဗိုလ်ချုပ် ဗိုလ်မှူးတွေနဲ့ သူတို့ အနွယ်တွေက တော့ လူတန်းစားတလွှာ ငွေရှိ ဂုဏ်ရှိ အာဏာရှိ ဆိုတဲ့ VIP အလွှာတမျိုး ပေါ်ပေါက်ခဲ့ရတော့ နောက်ပိုင်း သည် အလွှာကပဲ နိုင်ငံတခုလုံး က ဆင်းရဲသားတွေ အပေါ် ဂုဏ်မောက်ခဲ့ကြတော့တာပါပဲ။ နေရာတိုင်းမှာ ယခင်က အရပ်ဘက် က လူတွေ ခန့်ထားရတဲ့ (သက်ဆိုင်ရာ ပညာဒီဂရီ ရှိကြတဲ့) နေရာဌာန အသီးသီးမှာ စစ်ဘက်က အရာခံဗိုလ်က အစ ဗိုလ်ကြီး ဗိုလ်မှူးကြီး တွေ အထိ အထူးအရာရှိ ဖြစ်ကုန်လာကြတယ်။ အရပ်ဖက်က လူတွေကတော့ပညာတတ်တွေ ကို ညွှန်ကြားချက်များပေးပြီး လမ်းညွှန်မှာကြားတော့တာပါပဲ။
သည်အချိန်က စပြီး ဌာနဆိုင်ရာ တွေမှာ တာဝန်ကို နှစ်ရှည်လများ ထမ်းဆောင်ခဲ့ကြရတဲ့ နှစ်ကြီးသမား တွေဟာ အလိုအလျောက် ဌာနဆိုင်ရာ ဒုတိယ ဆင့် အရာရှိများ အဖြစ်နဲ့ ဗိုလ်ကြီး ဗိုလ်ကလေးတွေရဲ့ အောက်မှာ ဆက်လက်လုပ်ကိုင်ခဲ့ရင်း လမ်းညွှန်ချက်များကို သိသိချင်းခံနေကြရတော့ မပျော်ပိုက်တော့။ သည်တော့ အကုန်ထွက်ကုန်ကြပြီး နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်ကြရန် စဉ်းစားပါတော့တယ်။
ဒီအခါမှာ ပညာတတ်တွေ အတတ်ပညာရှင် တွေရဲ့ ဦးနှောက်ယိုစီးမှုတွေ စတင်ခဲ့ပြီး တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုတွေ စကြရတော့တာပါပဲ။
ဗိုလ်နေ၀င်းတို့ V.I.P အုပ်စုကတော့ တစ တစ ပိုအားကောင်းလာပြီး နစ်နာလေ ဖြစ်ကြ ရတော့ တာပါပဲ။ ဗိုလ်နေ၀င်းကိုယ်တိုင်လည်း ကောဠာဟာဠ တွေ အရ ဘုရင်မင်းမြတ်သဖွယ် အရှိန်အစော် တွေ ကြီးမြတ်တဲ့ စိတ်တွေဝင်လာပါတော့တယ်။ သူရဲ့အချွေအရံမင်းနားခစားရတဲ့ လူတွေအားလုံးက မှန်ပ ဘုရား လုပ်ရင်း တိုင်းပြည်လည်း ဆင်းရဲတွင်း နက်ကြရတော့တာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ မဆလ ပါတီဟာ ဘုရင်ကို ချီးမြှောက်ပြီး ယင်းချီးမြှောက်ရင်းကနေ တိုင်းပြည်လည်း ပတ်ဝန်းကျင်က တိုင်းပြည်တွေနဲ့ ယှဉ်ရင်း တိုးတက်မှုက နှေးကွေးဆုံးအဆင့် ကနေ အဆင်းရဲဆုံး အဆင့်ကို ထိုးကျသွားရတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ် နေ၀င်းဖြတ်သန်း ခဲ့တဲ့ ကာလတလျှောက်မှာ ကျောင်းသား၊ အလုပ်သမားတွေရဲ့ သွေးတွေ ချွေးတွေ အများကြီး ကျခဲ့ရပါတယ်။ လုံထိန်းတွေ စစ်တပ်တွေရဲ့ လူမဆန်သတ်ဖြတ်မှုတွေအောက် သေကြေ ခဲ့ကြ ရပါတယ်။ ဒါနဲ့ ၈၈ အရေးအခင်းစတင်ခဲ့ပါတော့တယ်။ ဒါဖြင့်နေ၀င်းခေတ်ကို အနည်းငယ် ပြန်ပြောင်း ကြည့်ရင် ပြည်တွင်းရှိ V.I.P လူတန်းစားတရပ်ပေါက်ဖွား (အာဏာနှင့် ဓန ပေါင်းစပ်လာခြင်းနှင့် အတူ) နိုင်ငံခြားသားတွေကို အဓိက ထိုးနှက်တာပါ ဟု ကြွေးကြော်ရင်း အာဏာယူလာတဲ့ ဗိုလ်နေ၀င်းအစိုးရ မဆလ အစိုးရဟာ တကယ်တော့ နိုင်ငံတွင်းမှာရှိတဲ့ မြန်မာအနည်းငယ် လူချမ်းသာနှင့် များပြားလှသော မြန်မာဆင်းရဲသားအားလုံးကို နံငယ်ပိုင်းလောက်ပဲ ကျန်အောင် တကိုယ်လုံးချွတ်ခွာခဲ့ပြီး မ၀ ရေစာ ဖြင့် နှစ်ပေါင်း ၂၆ နှစ်တာ ဖြတ်သန်းစေခဲ့တယ်။ အာဏာနှင့် ငွေဂုဏ်ကိုထပ်ထားတဲ့ တိုင်းပြည်တပြည်လုံး နစ်မွန်းခဲ့ရတယ်။ ပညာရေးချွတ်ခြုံချမှုနှင့် အနုပညာသည် တို့မှာ လူတစုစာ ဖြေဖျော်ရေးသာ ဖြစ်ခဲ့ရမှု အကျိုးများသာ ခံစားခဲ့ကြရပါသည်။ သည်ဒဏ်တွေကို မဆလ လည်း အများစု (သူတို့ကိုယ်တိုင် မဆလ အဖွဲ့ တစ်ဖွဲ့လုံး) ပြန်လည်ခံစားနေရပြီ ဖြစ်ပြီး မဆလ တာဝန်ခံကြီး ကိုယ်တိုင်ရဲ့ အသုဘမှာ လူမရှိပဲ ကြက်ပျောက် ငှက်ပျောက်သွားရတဲ့ အဖြစ်တွေဟာ သံဝေဂ ရ စရာတွေ ဖြစ်ခဲ့ပါတယ်။ ယခုလည်း မဆလ တွေဟာ မျက်နှာမပြရဲတော့တဲ့ ဘ၀တွေ နဲ့ ရင်ဆိုင်နေခဲ့ရတယ်။ မဟုတ်ပါလား။ လူထုရဲ့ မျက်ရည် တိုင်းပြည်ရဲ့ ဘေးဆိုးကျရတဲ့ ဒဏ်တွေကို V.I.P လူတန်းစားတွေလည်း ခံနေကြရပြီ ဆိုတာပါ။
၆၂ ခုနှစ်မတိုင်မှီကို ပြန်သွားကြည့်ရရင် အထက်က ရေးခဲ့တဲ့ အတိုင်း၊ ဆင်းရဲသား ချမ်းသာတဲ့ လူတွေဟာ ကိုယ့်ရှိတဲ့ ငွေရေးကြေးရေးလောက်နဲ့ မျှတပြီး ၀ယ်ကြ ခြမ်းကြ စားသောက်နေခဲ့ကြရမှာ ဈေးနှုန်းကလည်းမှန် အတက်အကျကလည်း သိပ်မရှိလှတော့ တနည်းပြောရရင် လူတကိုယ် ၀ီရိယ ရှိရင် စားနိုင်သောက်နိုင် တဲ့ ခေတ်ပါ။ ဥပဒေ ရဲ့စောင့်ရှောက်မှု အောက်မှာ လုပ်စားခဲ့ကြရတာဆိုတော့ ကိုယ်က မရိုးမဖြောင့်တာ ခိုးတာမရှိရင် ဘာမှ မဖြစ်ပါဘူး။ နိုင်ငံရေးပါတီဝင်ဝင် မ၀င်ဝင် ဒါလည်း အရေးမကြီး ဘူး။ နိုင်ငံရေးပါတီဆိုတာဆိုတာကလည်း ကိုယ်စိတ်ဆန္ဒအရ ၀င်ချင်မှဝင်ရတဲ့ ကိစပါ ။ ဒါပေမဲ့ မဆလ လက်ထက် မှာတော့ ပါတီဝင်ဖို့သိမ်းသွင်းမှု တွေ အများကြီးရှိခဲ့ပါတယ်။ လမ်းစဉ်ပါတီ၊ လူငယ့်ရေးရာ လမ်းစဉ်လူငယ် စသည် အဖွဲ့အစည်းတွေ ၀င်ပါမှ ရာထူးတိုးတာ သင်တန်းတွေ အခမဲ့ တက်ခွင့်ရတာ စတဲ့ အခွင့်အရေးတွေနဲ့ မျှားပြီး တဘက်ကလည်း ခြိမ်းခြောက် မှုကလေးတွေ အတန်ငယ်ရှိလာခဲ့ပါတယ်။ ပါတီကောင်စီ ခေတ်ဟာ ပါတီကောင်စီ လူကြီးတွေကို ကြောက်ရတဲ့ သဘောပါပဲ။ ရပ်ကွက်ကောင်စီက အစပါပဲ။ ဒီနေရာမှာ လူရဲ့ လွတ်လပ်ခွင့်ဆိုတာ စတင်ဆုံးရှုံးစ ပြုနေပါပြီ။ တရားသူကြီး အဖွဲ့ဝင် ရှေ့နေ ရှေ့ရပ် တွေကလည်း သည် မဆလ က ခန့်ထားတဲ့ ဥပဒေဘွဲ့တောင်မရထားတဲ့ (နောက်မှ ဥပဒေကို ပြန်တက်ခိုင်း) ပါတီဝင်တွေကိုပဲ ခန့်ထားခဲ့တော့၊ တရားဥပဒေကိုယ်တိုင်က ဘက်လိုက်နေခဲ့ပြီဆိုတော့ နေမှု ထိုင်မှု တွေဟာ အလိုလိုကို စတင်မလုံခြုံတော့ဘူး။
အခုခေတ်လို တရားသူကြီးချုပ်တို့ ဘာတို့ ဆိုရင် မင်းမိန့်အာဏာ ကဲ့သို့တည်သော
`နိုင်ငံတော် အကြီးအကဲက....´
` နိုင်ငံတော်အကြီး အကဲက .....´
`နိုင်ငံတော်အကြီးအကဲက.....´ စသဖြင့် ဘာကလေးပဲ ဆောင်ရွက် ဆောင်ရွက် အမျိုးသမီး စွမ်းဆောင်ရှင် များ အဖွဲ့ သည်အဖွဲ့ထဲ အတင်းအကြပ် အတင်းဆွဲသွင်း တံဆိပ်တပ် ထိုနည်းတူ အစိုးရ၀န်ထမ်းတွေကိုလည်း ဆွဲသွင်း လိုသလို ခေါ်သုံး စတာတွေဟာ လူတစ်ဦးရဲ့ ဆန္ဒမပါပဲ လွပ်လပ်ခွင့်တွေကို နင်းချေပစ်လိုက်တာ ပါပဲ။ မ၀င်ရင် ဆန့်ကျင်ဘက် အမြင်ဆိုးနဲ့ တိုင်းပြည်သစာဖောက် အဖြစ်တံဆိပ်အကပ်ခံရပြီး နည်းမျိုးစုံနဲ့ ဖမ်းဆီး ပညာရေးဘက်မှာဆိုလည်း စာမေးပွဲချပစ် ကျောင်းဝင်ခွင့် ပိတ်.... စတာ တွေဟာ ပြည်သူပြည်သား တစ်ယောက်အတွက် အလိုအလျောက် ဆုံးရှုံးနစ်နာရတာ တွေပါ။ လူတစ်ယောက်ရဲ့ အခွင့်အရေး ဘယ် လောက်ဆုံးရှုံးရသလဲ ဆိုတာ ရယ်၊ ကိုယ့်လူမျိုးက အုပ်ချုပ်တော့မှ လက်အုပ်ချီကန်တော့ရတော့တယ် ဆို တာတွေဟာ ကိုလိုနီတို့ ဂျပန်ခေတ်တို့က တောင် ဘုရင်မင်း တရား ကြီးရဲ့ ဘုန်းရှိန် ကံရှိန်ကြောင့် ဆိုတာ မျိုးလည်း နိုင်ငံတော်အကြီးအကဲ ကြီးကို အရိုအသေပေးပြီးမှ ဆောင်ရွက်ရတဲ့ ဥပဒေမျိုး၊ ဘယ်လို လုပ် သည်တရားဥပဒေက ဘက်မလိုက်ပဲ ရှိပါတော့မလဲ။ တရားဥပဒေဘက်တော်သားတွေ(ရဲအမှုထမ်းတွေ) ရှိပါလျက်၊ ဒါတွေထုတ်မသုံးပဲ ရပ်ကွက်မြို့နယ်တွေရဲ့ အရေးအရာ ကိစ ကြီးငယ်မှာ လူမှုရေးဖက်မှာ စွက်ဖက်၊ ပညာရေးမှာ လည်း စွက်ဖက်ပါဝင်နေကြတဲ့ ကြံခိုင်ဖွံ့ဖြိုးရေးအသင်း ကောက်သင်းကောက် လူမိုက်အဖွဲ့ ဖြစ်တဲ့ စွမ်းအားရှင် အရံမီးသတ်၊ ကြက်ခြေနီ၊ ဦးကျိုးအောင် နှိမ်ချခိုင်းခဲ့တာမျိုး မရှိခဲ့ပါဘူး။ အခြားတဘက်မှာတော့ န၀တ ဟာ စကားကို ပြောင်းပြန် ကျင့်သုံး ပြောလေ့ရှိပါတယ်။ တပါတီ ကောင်းစား ရေးကို ခွင့်မပြုနိုင်ဘူး။ အမျိုးသားနိုင်ငံရေးလုပ်တယ် ဘာညာနဲ့ စကားလုံးလှလှကလေးတွေ သုံးပြီး တဘက် အဖွဲ့ အစည်းမှန်သမျှ လူပုဂ္ဂိုလ်မှန်သမျှ အစွန်းဆုံး ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ကျေးစွပ်ကြတဲ့ စစ်တပ်အစိုးရဆိုလျှင် မှားမယ် မထင်ပါဘူး။
သူတို့ပိုင်တဲ့ သတင်းစာ၊ ရေဒီယို၊ တယ်လီဗေးရှင်း တွေထဲမှာ မီဒီယာနဲ့တိုက်ရမယ်ဆိုတဲ့ မူအတိုင်း တဘက်က လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို စောင်းချိတ်ပြီး ရေးသားတာတို့ ပြောတာတို့ ခြိမ်းခြောက်တာတို့ ဆိုတာတွေဟာ၊ လူကြီးလူကောင်းမဆန်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ သူတို့ဘက်ကျတော့ သူတော်ကောင်း သည်နေ့နက်ဖြန်ပဲ နိဗာန်ဘုံရောက်မဲ့ အတိုင်း တိုင်းပြည်အပေါ် ဘယ်လောက်သစာရှိရှိ စွမ်းဆောင် နေကြောင်း တဘက်အသင်း အဖွဲ့တွေကိုတော့ လူထုအတွက် ဘာမှ အကျိုးပြုလုပ်ငန်းတွေလုပ်ပေးလို့လည်း ဘာလဲညာလဲ ဆိုပြီး ပုတ်ခတ်တယ်။ တဘက်အသင်းအဖွဲ့ ပုဂ္ဂိုလ်တွေ အလှူလုပ်ရင်လည်း ဖမ်းတယ်။ တားမြစ် နှောင့်ယှက်တယ်။ ဘာကိုမှ လှုပ်ရှားလို့မရအောင် ခြိမ်းခြောက် အကြပ်ကိုင် ထောင်ထဲထည့် လူမဆန်တာတွေ အကုန်လုံးသူတို့က လုပ်ကြတာ။ ငပြူးကပြောင်းပြန် လုပ်ပြီး မီဒီယာထဲမှာ ထည့်ရေး ကြတာ။ ယိုသူမရှက် မြင်သူရှက်ဆိုသလို ဖြစ်နေပါပြီ။
ပညာရေးလိုပဲ ကျန်းမာရေးဘက်က ကြည့်ရင်လည်း ပြည်သူလူထုအတွက် အစိုးရက တာဝန်ယူရမဲ့ စောင့်ရှောက်မှုတွေ မရှိပဲ စားဝတ်နေရေးအမှောင်ကျနေရတဲ့ အချိန် ဆေးဝါးကုသမှု မခံနိုင်လို့ သေရတဲ့ လူတွေ အများကြီးရှိပါတယ်။ ကိုယ်ထူကိုယ်ထ ဆေးခန်း၊ စေတနာဆေးခန်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အစိုးရရဲ့ လျစ်လျူရှုမှုကြောင့် မနေသာတဲ့ လူတွေက စေတနာ သဒ္ဒ္ဒါနဲ့ လုပ်ခဲ့ကြတာပါ။ ဒါတောင် သူတို့အသိပေးရတယ်။ အသိမပေးရင် စေတနာဆေးခန်းတွေ လူနာစောင့်ရှောက် ခွင့် တွေကို ရုပ်သိမ်းတတ်တဲ့ စဉ်းလဲတဲ့ ဦးနှောက်ပိုင်ရှင်အစိုးရ တစ်ရပ်သာ ဖြစ်ပါတယ်။
နိုင်ငံရပ်ခြားမှ လာရောက်ဖွင့်လှစ်တဲ့ ဆေးရုံများမှာတော့ ငွေကြေးတတ်နိုင်ကြသူတွေအတွက် ဖြစ်လေတော့ ဆင်းရဲသား လူထုကြီးက မကပ်နိုင်ပါဘူး။ ဖြစ်လာရင်သေဖို့ပဲ ရှိပါတော့တယ်။ ကျနော်တို့ ငယ်စဉ်က စာပေနှင့် ယဉ်ကျေးမှု အနုပညာရေးရာတွေ ဖြစ်တဲ့ သဘင်၊ ဂီတ၊ ပန်းချီ တို့ဟာ လွတ်လွတ် လပ်လပ် ရေးဆွဲပြသခွင့်တို့ ကခွင့်တို့ ရှိကြရာ၊ ရပ်ကွက် မြို့ရွာတွေမှာ အငြိမ့်ပွဲ ဇာတ်ပွဲတွေ ခြိမ့်ခြိမ့် သည်းသည်း ပဲ သတင်းကျွတ် တန်ဆောင်တိုင် ဆိုရင်လည်း ညနေခင်း ခြေခင်းလက်ခင်းသာတဲ့ အချိန် သွားရောက်ကြည့်ရှုရတာ ပျော်စရာအတိ ဖြစ်ခဲ့တယ်။ သင်္ကြန်ဆိုရင်လည်း အလှပြယဉ်တွေမှာ အက အခုန်၊ သံချပ်၊ သီချင်းတွေနဲ့ ပျော်ခဲ့ကြရတယ်။ မဏ္ဍပ်တွေကလည်း စည်စည်ကားကားပါဘဲ။ လွတ်လပ်တဲ့ အရသာ ကို အပြည့်ရကြပါတယ်။ ပွဲကိုလာရောက်နှောင့်ယှက် တာတို့ ပိတ်ပင်တာတို့ မရှိပါဘူး။ ယခုခေတ် မှာတော့ ပွဲတော်မကရသေးဘူး။ ပါမစ်လည်း မပေး ကပွဲမှာပြောမဲ့ ဆိုမဲ့ အရာတွေကိုစီစစ်ချလိုက်တော့ ဘာမှ အနှစ်သာရ မရှိရတော့ဘူး။ ယခင်က ပုဂ္ဂိ္ဂိုလ်ရေး ရန်ဖြစ်ကြလို့ ရဲက ဖမ်းဆီးတာလောက်ပဲရှိတော့တယ်။ ပွဲကို ပိတ်တာမရှိပါဘူး။ သည်ခေတ်မှာ ပျော်စရာရယ်ဆိုလို့ အင်းလျားကန်စပ်တနေရာက မဏ္ဍပ်တွေပဲ ရှိတယ်။ ဒါကလည်း ငွေရှိ ဂုဏ်ရှိ မော်တော်ကားရှိကြတဲ့ သူတွေအတွက် အပျော်သက်သက်ရေကစားတဲ့ လူချမ်းသာ မဏ္ဍပ်တွေပဲ ဖြစ်ပါတယ်။ ဆင်းရဲသားရပ်ကွက်တွေမှာ ဘာပျော်ရွှင်မှုမှ မရှိပါဘူး။ ခြောက်ကပ်ကပ်နဲ့ တနှစ်တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ရေမစိုလိုက်ရပဲ ပြီးသွားတော့တာပဲ။ ယခင်ကဆိုလျှင် ငွေဖလား၊ ငွေဒိုင်းတွေ တင်ထားပြီး ကပြဖျော်ဖြေရန် ရောက်လာမဲ့ အလှပြယဉ်တွေ၊ သည်ယဉ်တွေပေါ်က အကသမား၊ အဆိုသမားတွေ၊ သံချပ်တိုင်မဲ့လူတွေ၊ အပြည့်နဲ့ ဘေးပတ်ဝန်းကျင်မှာ လည်း အနီးပတ်ဝန်းကျင်က ဆင်းရဲတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေ ၀ိုင်းဝန်းကြည့်ရှုနေကြတဲ့ မြင်ကွင်းဟာ၊ ကြည်နူးစရာပျော်ရွှင်စရာ တွေပါပဲ။ ၁၉၆၂ ခုနှစ် တပါတီ အာဏာရှင်တော်လှန်ရေးကောင်စီ အစိုးရတက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ သည်မြင်ကွင်းတွေဟာ တစ တစနဲ့ ပျောက်ခြင်းမလှ ပျောက်ကွယ်ခဲ့ရပြီး ယခုခေတ်မှာ တော့ စောစောက ပြောခဲ့တဲ့ အတိုင်း ဇိမ်ခံရေပက် မဏ္ဍပ်ကြီးများသာရှိပါတော့တယ်။ နှစ်ဦးကို မြန်မာတမျိုးသားလုံး မကြိုဆို နိုင်တော့ ပါဘူး။ ဘုရားပွဲတော်များမှာလည်း ယခင်က စည်ကားခဲ့တဲ့ အငြိမ့်တို့ ဇာတ်ပွဲတို့ မှာလည်း ညနေချမ်းလျှောက်ပြီး လည်ပတ်စရာ ပျော်စရာလေးတွေ မရှိတော့ပါဘူး။ ရပ်ကွက်ကောင်စီ၊ မြို့နယ် ကောင်စီ၊ တိုင်းကောင်စီတွေအထိ ပွဲမိန့်ကျဖို့ အဆင့်ဆင့် တင်ပြပြီးမှ ပွဲတော်ကျင်းပခွင့်တွေ ရတော့၊ ရပ်ကွက် မြို့နယ်တွေမှာ ပွဲတွေ မကျင်းပကြတော့ပါ။
၆၂ ခုနှစ်နောက်ပိုင်း၊ လူတိုင်း လူတိုင်း မိမိတို့ရဲ့ တကိုယ်ရည် အခွင့်အရေးတွေ ဆုံးရှုံးကြရတဲ့ သဘောဆောင်ပါတယ်။ ကျနော်တို့ ကျောင်းသားဘ၀၊ ဆရာဖြစ်စဘ၀ ၁၉၆၂ ခုနှစ်မတိုင်မီက ဆိုရင် မိမိတို့ ၀ါသနာပါရာ အစုအဖွဲ့ကလေးတွေ ဖွဲ့ပြီး တိုးတက်ရာ တိုးတက်ကြောင်းတွေကို ရှာဖွေကြတယ်။ ဥပမာ စာကြည့်တိုက်ထောင်တာတို့ သာရေးနာရေးအဖွဲ့တို့ ကာယဗလနဲ့ သိုင်းအဖွဲ့ ဘောက်ဆာအဖွဲ့....... စသည်ပေါ့။ နောက်ပြီး လူထုလူတန်းစားအလိုက် ဆရာသမဂ္ဂ၊ သဘင်အဖွဲ့၊ ကျောင်းသားသမဂ္ဂ၊ အလုပ်သမား လယ်သမား သမဂ္ဂ......စသည်ဖွဲ့ကြပြီး၊ မိမိအသင်းအဖွဲ့ သမဂ္ဂတွေရဲ့ လိုအပ်ချက်တွေကို တင်ပြကြ။ တိုးတက်အောင်လုပ်ဆောင်ကြတယ်။ ယခုခေတ်လို ရပ်ကွက်ကောင်စီ၊ စာပေစီစစ်ရေး စသည်တို့ကို တင်ပြစရာမလိုဘူး၊ လျှောက်ထားစရာမလိုဘူး။ ဒါပေမဲ့ သည် အတင်းအဖွဲ့တွေက မတရားတာတွေရှိခဲ့ရင် ဥပဒေနဲ့ငြိစွန်းတာတွေရှိတော့မှ တရားဥပဒေ သဘောအရ လူတစ်ဦးချင်း သော် လည်းကောင်း၊ အသင်းအဖွဲ့ လိုက်သော်လည်းကောင်း၊ ဖမ်းဆီးခွင့် တရားစီရင်ခွင့်တွေ လုပ်ခဲ့ကြတာ။ ဒါကလည်း ရှားပါးပါတယ်။ အခုခေတ်မှာတော့ ကြိုတင်လျှောက်ထားရပြီး မိမိ အစိုးရအဖွဲ့နဲ့ မသင့်သူ ပေါ်လာရင် ဥပဒေ သဘောအရ မဟုတ်ပဲ လုပ်ကိုင်ခွင့်တွေကို ပိတ်ပင်ကြတော့တာပါပဲ။ တဖန် သူတို့ဖက်ကျတော့ တရားဥပဒေဘောင် အတွင်းက မဟုတ်ပဲ တရားဥပဒေသဘောလိုလို၊ သူတို့ကိုယ်တိုင်က အမိန့်အရဖန်တီးထားတဲ့ လိုလျှင်လိုသလို မလိုလျှင်မလိုသလို ဥပဒေကို အမျိုးမျိုးပြင်ဆင်ပြီး ဖမ်းကြတယ်။ ဒါဟာ အစိုးရကိုယ်တိုင်က ဥပဒေ သဘောကို ချိုးဖောက်နေကြတာပါဘဲ။
နောက်ပြီး သူတို့လိုချင်သလို သုံးလို့ရအောင် သူတို့ကို ထောက်ခံနိုင်အောင် လူစုလူဝေးလုပ်လျှင် ဆင့်ခေါ်လျှင် လွယ်အောင်လူထုလူတန်းစားကောင်စီတွေ အမျိုးမျိုး ဖွဲ့ထားပြီး အစိုးရထောက်ခံပွဲတွေမှာ ကြိုက်သလို ဆင့်ခေါ်တာပဲ။ သည် အဖွဲ့တွေက သူတို့ရဲ့ အမာခံအဖွဲ့၊ ကြံဖွံ့(တပြည်လုံးကိုဆွဲသွင်းထားတဲ့) အဖွဲ့၊ စွမ်းအားရှင် ၀ါးရင်းတုတ်အဖွဲ့၊ အရေးပေါ်လူနာတွေကို မကူညီတဲ့ ကြက်ခြေနီအဖွဲ့၊ ရပ်ရွာမီးလောင်လျှင် မတွေ့ရတဲ့ အရံမီးသတ်အဖွဲ့၊ သဘင်ကောင်စီ၊ ရိုးရာပန်းကောင်စီ၊ ဂီတကောင်စီ၊ အမျိုးသမီး စွမ်းဆောင်ရှင်များအဖွဲ့....... ကုန်သည်ကြီးများအဖွဲ့ .....စသည်....စသည်အဖွဲ့များမှာ တပ်မတော် အစိုးရက လိုလျှင်ဝိုင်းဝန်းထောက်ခံ အော်ပေးရသော အဖွဲ့များသာ ဖြစ်ပြီး၊ သက်ဆိုင်ရာ အစု အဖွဲ့တွင်းရှိ လူထုအတွက် ဘာ အကျိုးမှဆောင်ရွက်ပေးခြင်းမရှိပါ။ အားလုံးကိုခြုံကြည့်ရလျှင် အစိုးရ စ်ရပ်သာ မှန်သော်လည်း တိုင်းသူပြည်သားအတွက် အနည်းငယ်မျှ ပြန်လှန်စာနာကြည့်ရှုခြင်းမရှိတဲ့ ကိုယ်ကျိုးအတ္တသာ များပြီး မိမိတို့ရဲ့ အာဏာများကို အဆင့်ဆင့် အောက်ဆုံးအခြေ ရယက တွေအထိ မောက်မာသူများသာဖြစ်ပါကြောင့်။
ယခုရေးသားချက်များသည် ကျွန်ုပ်တို့ငယ်စဉ်က နေခဲ့ရသည့် အေးချမ်းသာယာမှုမှ ၆၂ ခုနှစ်အလွန် ကြုံခဲ့ရသည့် အကျဉ်းမျှ အကြောင်းအရာများသာဖြစ်ပြီး၊ ၈၈ အရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်လေမုန်တိုင်း ဒဏ်ခံကာလ အခြေအနေအတွင်း တပ်မတော်အစိုးရ၏ အော့နှလုံးနာစရာများ ထည့်သွင်းရေးသားထားခြင်း မပါဝင်ကြောင်း။ ၎င်းတို့ကို စုပေါင်း အချက်အလက်များရှာဖွေ ဟောပြောနေသည်များကို ခနခန ကြားရပြီးဖြစ်သည်။ ကျနော် ပင်စင်စားတလလျှင် ၁၁၀၀၀ ကျပ်ရတဲ့ လူတယောက်အနေနဲ့ ထပ်မံမချဲ့လိုပါကြောင်း ကျန်ရှိနေသည့်အပိုင်းများမှာ လူတိုင်းသိပြီးဖြစ်ကြကြောင်း။
တော်သေးပြီ။
ပင်စင်စား
ပင်စင်စားတစ်ဦး၏ ဘ၀ဖြတ်သန်းမှု ခံစားမှုအတိုအထွာများ။
Posted by
MrB
at
1:50 AM
0
comments

